ဧရာဝတီတိုင်း ၂၆ မြို့နယ်အတွင်း စပါးမျိုးကောင်းမျိုးသန့် ထုတ်လုပ်ရန်အတွက် ဂျပန်နိုင်ငံ အခြေစိုက် မန်းဒ(Manda) ကုမ္ပဏီနှင့် တိုင်း စိုက်ပျိုးရေး ဌာနတို့က ကျပ် သိန်းပေါင်း ၂၆၀၀ အား အတိုးမဲ့ချေးငွေအဖြစ် လယ်သမားများကို ကူညီပေးမည် ဖြစ်ကြောင်း သိရ သည်။
ယင်းချေးငွေကို မိုးစပါး စိုက်ပျိုးရာသီ၌ စပါးမျိုးကောင်းမျိုးသန့် ၁၃၀၀ ဧက ထုတ်လုပ်ရန် အတွက် စိုက်ပျိုးစရိတ် ကုန်ကျငွေအဖြစ် ၁ ဧက ကျပ် ၂ သိန်းနှုန်း ထုတ်ပေးသည့် အစီအစဉ် ဖြစ်ကြောင်းလည်း တိုင်းစိုက်ပျိုးရေးဌာနက ပြောသည်။
တမြို့နယ်လျှင် ဧက ၅၀ နှုန်းဖြင့် ပေါ်ဆန်းယဉ်၊ ဆင်းသွယ်လတ်နှင့်ဆင်းသုခ မျိုးသန့်စပါးများ စိုက်ပျိုးထုတ်လုပ်ရမည်ဖြစ်ပြီး လယ် သမားများဘက်မှ စပါးမျိုးသန့်စိုက်ပျိုးမည့် လယ်ယာမြေနှင့် လုပ်အားစိုက်ထုတ် လုပ်ဆောင်ပေးရန် လိုအပ်ကြောင်း၊ မိုးစပါးစတင် စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ ကုန်ကျစရိတ်အားလုံးကို ဂျပန်မန်းဒကုမ္ပဏီက ကျခံပေးမည်ဖြစ်ကြောင်း ဧရာဝတီတိုင်း ဒေသကြီး စိုက်ပျိုးရေးဌာန ညွှန်ကြားရေးမှူး ဦးထွန်းအောင်ကျော်က ပြောပြသည်။
“တောင်သူတွေကို မျိုးသန့်စပါးတွေ လုံလုံလောက်လောက် ဖြန့်ပေးနိုင်ဖို့အတွက် ကျနော်တို့ဌာနက နည်းပညာနဲ့လုပ်အား စိုက် ထုတ်မယ်။ သူတို့ (ဂျပန်) ဘက်က ငွေအားစိုက်ထုတ်ပြီး တတိုင်းလုံးအနေနဲ့ မျိုးသန့်ဧက ၁၃၀၀ ထုတ်လုပ်ဖို့ လုပ်ဆောင်နေ တယ်”ဟုလည်း ဦးထွန်းအောင်ကျော်က ပြောသည်။
ပုသိမ် ခရိုင်စိုက်ပျိုးရေးဌာန ဦးစီးမှူး ဦးစိန်မောင်မြင့်ကလည်း စပါးရိတ်သိမ်းပြီးချိန်တွင် စိုက်ပျိုးရေးဌာနက ပြင်ပပေါက်ဈေးထက် ပိုမြင့်သည့် ဈေးနှုန်းဖြင့် ပြန်လည်ဝယ်ယူပေးမည်ဖြစ်ကြောင်း၊ လယ်သမားများက ချေးငွေများကို ဂျပန် မန်းဒကုမ္ပဏီသို့ အတိုးမဲ့နှုန်းဖြင့် ပြန်လည်ပေးဆပ်ရမည် ဖြစ်ကြောင်း ပြောပြသည်။
“လယ်သမားက သူ့လယ်မြေနဲ့ လုပ်အားစိုက်ရုံပဲ။ ကျနော်တို့ စိုက်ပျိုးရေးဌာနက နည်းပညာကူညီမယ်။ မျိုးစပါး ရိတ်သိမ်းပြီးချိန်မှာ ထွက်လာတဲ့စပါးရဲ့ ၅၀ ရာခိုင်နှုန်းကို ကျနော်တို့ဆီ မဖြစ်မနေပြန်ရောင်းပေးရမယ်။ အကုန်ရောင်းချင်ရင်လည်း ရတယ်။ ပြင်ပပေါက်ဈေးထက်မြင့်တဲ့ မျိုးစပါးဈေးနှုန်းနဲ့ ကျနော်တို့က ပြန်ဝယ်ပေးမယ်။ ကုမ္ပဏီက အတိုးမဲ့ စိုက်ထုတ်ပေးထားခဲ့တဲ့ ငွေကိုတော့ ပြန် ဆပ်ရမယ်”ဟု ဦးစိန်မောင်မြင့်က ပြောသည်။
ပုသိမ်ခရိုင် သာပေါင်းမြို့နယ် ဆတ်သွားကျေးရွာမှ လယ်သမားဦးကံမြင့်က “ကျနော်တို့ဒေသမှာ စိုက်ပျိုးရေးဌာနက မျိုးသန့်စပါးတွေဖြန့်ပေးတာ မရှိဘူး။ အဲဒီတော့ ကိုယ့်ဘာသာပဲ မျိုးသန့်အောင်လုပ်ပြီး စိုက်ရတာ။ အခုလို မျိုးသန့်တွေ စနစ်တကျထုတ်လုပ်ပြီး လယ်သမားတွေလက်ထဲ ကျယ်ကျယ်ပြန့်ပြန့်ရောက်အောင် ဖြန့်ဖြူးပေးမယ်ဆို အရမ်းကောင်းပါတယ်”ဟု ပြောသည်။
စိုက်ပျိုးရေးဌာနက ယခုစိုက်ပျိုးထုတ်လုပ်မည့် မျိုးသန့်စပါး ၁ ဧကလျှင်တင်း ၇၀ နှုန်းထွက်ရှိရန် မျှော်မှန်းထားပြီး ထိုပမာဏ အတိုင်း စပါးထွက်ရှိပါက လာမည့် ၂၀၁၇ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် မျိုးသန့်စပါးတင်းပေါင်း ၉ သောင်းကျော်ကို လယ်သမားများအား မျိုးစပါးများ အဖြစ် ပြန်လည်ဖြန့်ဖြူးပေးနိုင်မည် ဖြစ်သည်ဟု ညွန်ကြားရေးမှူး ဦးထွန်းအောင်ကျော်က ပြောသည်။
“တတိုင်းလုံးမှာ မျိုးသန့်စပါးထုတ်တဲ့ ခြံ ၆ ခြံပဲ ရှိတယ်။ အဲဒီခြံတွေကထွက်တဲ့ စပါးလောက်နဲ့ တောင်သူတွေကို လုံလောက်အောင် ကျနော်တို့ ဖြန့်ဖြူးမပေးနိုင်ဘူး။ အခုလုပ်တဲ့ မျိုးသန့်စပါးဧက ၁၃၀၀ စီမံကိန်း အောင်မြင်လာတဲ့အခါ ၂ နှစ် ၃ နှစ် အတွင်းမှာ ဧရာဝတီတတိုင်းလုံးက လယ်သမားတွေ မျိုးသန့်စပါးတွေ စိုက်ပျိုးသုံးစွဲလာနိုင်မှာပါ”ဟု ဦးထွန်းအောင်ကျော်က ပြောဆိုသည်။
ဧရာဝတီတိုင်း ဒေသကြီးအတွင်း မိုးစပါးစိုက်ပျိုးဧက ၃.၆ သန်းကျော် ရှိပြီး နွေစပါးစိုက်ဧက ၁.၂ သန်းကျော် ရှိကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဌာနရုံး စာရင်းမှတ်တမ်းများအရ သိရသည်။