မြန်မာနိုင်ငံမှာ နိုင်ငံခြား ရင်းနှီးမြုပ်နံှမှု၊ ပိုင်ဆိုင်မှုတွေနဲ့ စီးပွားရေးဆိုင်ရာ အကာအကွယ်ပေးနိုင်မှု ဆိုင်ရာ တရားဥပဒေ မူဘောင်တွေ ပိုမိုအားကောင်းလာဖို့လိုတယ်လို့ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန် ကုန်သည်ကြီးများ အသင်းရဲ့ ကိုယ်စားလှယ်အဖွဲ့က ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။
အမေရိကန်ကုန်သည်ကြီးများ အသင်းဝင် ကုမ္ပဏီ ၃၀ ပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့က မေလ ၁၇ ရက်နဲ့ ၁၈ ရက်နေ့ တွေ မှာ အစိုးရ ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်တွေ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ ကမ္ဘာ့ဘဏ်နဲ့ IFC က တာဝန်ရှိသူ တွေ၊ ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးရွှေမန်းတို့ တွေ့ဆုံဆွေးနွေးမှု တွေ ပြုလုပ် ခဲ့ပြီးနောက် ဒီလို ထုတ်ပြန်ချက် ထုတ်ပြန်ခဲ့တာလို့ သိရပါတယ်။
အမေရိကန် ကုန်သည်ကြီးများ အသင်းရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ မြန်မာ့စီးပွားရေး အဝန်းအဝိုင်း ဖွံ့ဖြိုးမှုအတွက် ဘယ် လို နည်းလမ်း တွေကနေ လုပ်ဆောင်လို့ရမလဲဆိုတဲ့ အကြောင်းအရာ နဲ့ အမေရိကန် တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုတွေ ပိုမို ဝင်လာ နိုင်ရေးတွေကို နှစ်ဦးနှစ်ဖက် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
အမေရိကန် ကုန်သည်ကြီးများ အသင်း ကိုယ်စားလှယ်အဖွဲ့က အစိုးရသစ်ရဲ့ ကောင်းမွန်တဲ့ မူဝါဒ ခြေလှမ်းတွေနဲ့ စီးပွားရေး ဖွံ့ဖြိုးမှု နှုန်းကို ထိန်းသိမ်းထားတဲ့ အပေါ်မှာ ထောက်ခံအားပေးခဲ့ရင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပိုင်ဆိုင်မှုတွေနဲ့ စီးပွားရေး ဆိုင် ရာ အကာအကွယ်ပေးနိုင်မှုတွေမှာ တရားဥပဒေ မူဘောင်တွေ ပိုမိုအားကောင်းဖို့ လိုအပ်တယ်လို့ အကြံပြု့ခဲ့ပါတယ်။
ဒါ့အပြင် အခြေခံ အဆောက်အဦတွေ အားကောင်းလာဖို့နဲ့ စီးပွားရေးဖွံ့ဖြိုးမှုကို အထောက်အကူ ပြုနိုင်မယ့် ဝန်ဆောင်မှု ဆိုင်ရာ ကိစ္စတွေမှာလည်း အကြံပြုခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အမေရိကန် ကုန်သည်ကြီးများ အသင်း ဗဟိုကော်မတီဝင်လည်းဖြစ်၊ GE ကုမ္ပဏီရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲ လည်းဖြစ်တဲ့ Andrew Lee က “အမေရိကန် အစိုးရက ကုန်သွယ်ရေးဆိုင်ရာနဲ့ ဘဏ္ဍာရေးဆိုင်ရာ ပိတ်ပင်မှုတွေမှာ လျှော့ချ တာ နဲ့ ပတ်သက်ပြီး အမေရိကန်စီးပွားရေး အသိုင်းအဝိုင်းက နှစ်သက်ကြပါတယ်။ ဒါပေမယ့် ပုံမှန်အားဖြင့် တခြား နိုင်ငံတကာ ကုမ္ပဏီတွေနဲ့ တန်းတူလုပ်နိုင်ဖို့က ဒီထက်ပိုပြီး အမေရိကန် ရင်းနှီးမြုပ်နှံမှုတွေ ခွင့်ပြုပေးဖို့ လိုပါတယ်။ ပြည်တွင်း စီးပွားရေး လုပ်ငန်းတွေနဲ့ ပြည်ပစီးပွားရေး လုပ်ငန်းတွေ သာတူညီမျှ လုပ်ကိုင်နိုင်ပြီး အလုပ်အကိုင် အခွင့် အလမ်း သစ်တွေနဲ့ အတူ အားလုံး ယှဉ်ပြိုင်နိုင်မယ့် ဈေးကွက် ဈေးနှုန်းတွေကနေ မြန်မာပြည်သူတွေ အကျိုးအမြတ် ခံစား စေနိုင်မယ့် စီးပွားရေး ပတ်ဝန်းကျင်တခုကို မြန်မာနဲ့ အမေရိကန်အစိုးရတို့က ပူးပေါင်းပြီး ဆောင်ရွက်သွားမှာပါ” လို့ ပြောဆိုပါတယ်။