မြန်မာအထည်ချုပ် ထုတ်ကုန်များသည် ၂၀၁၅ ခုနှစ်မှ စ၍ ဥရောပနိုင်ငံများသို့ တင်ပို့မှု အများဆုံး ဖြစ်လာ ကြောင်း မြန်မာ နိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးက ဧရာဝတီသို့ ပြောဆိုသည်။
ယခင်က မြန်မာနိုင်ငံ၏ အထည်ချုပ်လုပ်ငန်းများမှ အများဆုံးအော်ဒါမှာယူသည့် နိုင်ငံများတွင် ဂျပန်နိုင်ငံသည် ထိပ်ဆုံး မှဖြစ်ပြီး ကိုရီးယားနိုင်ငံက ဒုတိယလိုက်ကာ ဥရောပနိုင်ငံများသို့ တင်ပို့မှုက တတိယလိုက်ခဲ့ကြောင်း၊ ယခုအခါ ဂျပန်နှင့် ကိုရီးယား နိုင်ငံများကို ကျော်တက်၍ ဥရောပနိုင်ငံများက အထည်များအော်ဒါမှာမှု မြင့်တက် လာခြင်းဖြစ်ပြီး အဓိက အား ဖြင့် မြန်မာနိုင်ငံသည့် အီးယူ စီးပွားရေးပိတ်ဆို့ အရေးယူမှုမှ ဖယ်ရှားခဲ့ခြင်း၏ ရလဒ် ဖြစ်ကြောင်း ၊ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲ နိုင်ငံများသို့ အီးယူမှပေးသည့် အထူး အခွန် သက်သာခွင့် GSP ရရှိခဲ့ခြင်းကြောင့် ဥရောပသို့ မြန်မာ့ အထည်ချုပ် တင်ပို့မှု မြင့်တက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။
အီးယူ စီးပွားရေး ပိတ်ဆို့မှု လွတ်ခဲ့ခြင်းနှင့် GSP အခွင့်အရေးများ ရခဲ့ခြင်းနှင့်အတူ တင်ပို့မှု ပိုမို လာသော်လည်း အမေရိကန် နှင့် ကုန်သွယ်မှု မှာ သိသိသာသာ တိုးမလာကြောင်း၊ အမေရိကန် စီးပွားရေး ပိတ်ဆို့မှု ၏ အကျိုး သက် ရောက်မှု က ကုန်သွယ်မှုတွင် အဟန့်တခုအဖြစ် ဆက်လက်ရှိနေဆဲ ဖြစ်ကြောင်း ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင် အသိုင်း အဝိုင်းက ပြောဆိုသည်။
“ဥရောပကများလာတယ်။ အရင်က ဂျပန်က နံပါတ်တစ်၊ ဂျပန်ကို နံပါတ်တစ်ပို့ရတာပေါ့နော်။အခုပြီးခဲ့တဲ့ ၂၀၁၅ ကစပြီး တော့ ဥရောပက နံပါတ် ၁ ဖြစ်သွားတယ်။ အမေရိကန်ဘက်က အလုပ်အပ်နှံတဲ့သူတွေက မတ်၊ ဧပြီ မှာ ပြန်ပို့ရမယ့် ကိစ္စမျိုး အော်ဒါအမှာကျလို့ရင် သူတို့က စိတ်ပူတယ်။ ဘာဖြစ်လို့ဆို မေမှာသက်တမ်း တိုး ခဲ့တဲ့ စီးပွားရေးပိတ်ဆို့မှု က တခုခု ပြောင်းခဲ့ရင် သူတို့ ကုန်တွေက အမရိကားကို မရောက်ဘဲ လမ်းမှာ ပိတ် နေမယ် ဆိုတဲ့ စိုးရိမ်မှုက ရှိနေတယ်။ ကုန်သွယ် မှုမှာ စိုးရိမ် နေရတဲ့ဟာတွေ တည်ငြိမ်မှု မရှိတာနဲ့ အပြောင်း အလဲ ဖြစ်နိုင်တဲ့ဟာတွေ ရှိရင် ကုန်သွယ်မှု က လုပ်လို့ မဖြစ်ဘူး။ဒီအတွက် အမေရိကန်ဈေးကွက် ဟာ တိုးတက်မှုဟာ နှေးနှေးလေး တိုးတက်နေတယ်” ဟု မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦမြင့်စိုးက ပြောသည်။
၂၀၁၄ ခုနှစ်အတွင်း မြန်မာ့အထည်ချုပ် တင်ပို့မှု စုစုပေါင်း၏ ၃၈ ဒသမ ၆၉ ရာခိုင်နှုန်းကို ဂျပန်နိုင်ငံက မှာယူပြီး ကိုရီးယား နိုင်ငံက ၂၉ ဒသမ ၉၄ ရာခိုင်နှုန်းဖြင့် ဒုတိယ နေရာလိုက်ခဲ့ကြောင်း၊ ဂျာမနီနိုင်ငံက ၅ ဒသမ ၉၄ ရာခိုင် နှုန်းဖြင့် တတိယ အများဆုံးမှာယူသည့်နိုင်ငံဖြစ်ခဲ့ကြောင်း မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များ အသင်း ထံမှ သိရှိရသည်။
မြန်မာနိုင်ငံ၏ အထည်ချုပ်တင်ပို့မှု ပမာဏသည် လက်ရှိတွင် မြင့်တက်လျက်ရှိပြီး အထည်ချုပ် ပို့ကုန်တန်ဖိုးမှာ ၂၀၁၄ ခုနှစ် တွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံသာ ရှိခဲ့ရာမှ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်တွင် ၁ ဒသမ ၆၅ ဘီလီယံအထိ ရှိလာ ကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။