လွန်ခဲ့သော လများက ပူပြင်းခြောက်သွေ့ခြင်း၊ မြေလွှာအက်ကွဲခြင်း နှင့် ရေကန်များ ခန်းခြောက်သွားခြင်းတို့ကို ခံစားခဲ့ရသည့် ထီတာကျေးရွာသည် ယခုအခါ သူ့တို့တွင် ပထမဆုံး ရှိလာသည့် ရေတွင်းအတွက် ပျော်ရွှင်ခဲ့ကြရသည်။ ထီတာကျေးရွာသည် ဝါးအိမ်လေး အနည်းငယ်မျှသာ ရှိသည့် ရွာလေးတရွာ ဖြစ်သည်။
ငယ်ရွယ်သည့် အိမ်ရှင်မတဦး ဖြစ်သော မလဲ့လဲ့ဝင်းသည် ဟင်းချက်ဆီ ထည့်ရန် အသုံးပြုခဲ့သော အဝါရောင် ပုံး ၂ ပုံးကို တချိန်က ရေယူဖို့ အဝေးသို့ ထမ်းသွားခဲ့ရသည်။ ၂ ခုပေါင်းလျှင် ရေလီတာ ၂၀ ပါဝင်သည့် ပုံးများကို သူ့ပုခုံးပေါ်တွင် ထမ်းပိုးက ဟန်ချက်ညီအောင် ထိန်းပေးထားသည်။ ယခုအခါ သူ၏ အိမ်တွင် ဆေးကြောရန်၊ ချက်ပြုတ်ရန် နှင့် သောက်သုံးရန် ရေရရှိဖို့ ၁ မိနစ်လောက်သာ ကြာတော့သည်။ သူ တနေ့ လျှင် ၂ ကြိမ် ရေ သွားခပ်ပါသည်။
“ကျမ အချိန်တွေ အများကြီးသက်သာသွားတယ်။ အရင်တုန်းက ဆိုရင် ရေရဖို့ အဝေးကြီးကို သွားရတယ်”ဟု မလဲ့လဲ့ဝင်းက ပြောသည်။
မီတာ ၂၀၀ ခန့်နက်သည့် စက်ရေတွင်းက အစိုးရ၏ အစီအစဉ်ဖြင့် ပေါ်ပေါက်လာခြင်း မဟုတ်ပါ။ ထီတာကျေးရွာတွင် မွေးဖွားခဲ့သူ ဖြစ်သော ရန်ကုန်မြို့မှ စီးပွားရေးလုပ်ငန်းရှင်တဦး၏ လှူဒါန်းငွေ အမေရိကန်ဒေါ်လာ ၃၀၀၀ နှင့် မြန်မာနိုင်ငံ၏ အခြောက်သွေ့ ဆုံးနေရာများတွင် ရေတွင်းများ တူးဖော်ရန် ၎င်းတို့၏ ဝင်ငွေ တစိတ်တပိုင်းကို လှူဒါန်းနေသော နယ်သာလန် နိုင်ငံသား တဦးပိုင် Khiri အမည်ရှိ ခရီးသွားအေဂျင်စီတို့၏ ပူးပေါင်းမှု ဖြင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
ပဲခူးတိုင်းတွင် ပါဝင်နေသော ထီတာကျေးရွာသည် ရန်ကုန်မှ ကားနှင့်သွားလျှင် ၂ နာရီမျှသာသွားရသည့် နေရာတွင် တည်ရှိပါသည်။ သို့သော်လည်း အကယ်၍ ကျေးရွာတွင် နေထိုင်သူများသည် အနီးရှိ အဝီစိ တွင်းတခုမှ ရေကို ပိုက်ဖြင့်သွယ်ယူရန် တလလျှင် အမေရိကန်ဒေါ်လာ ၃၀ ခန့် (ကျပ်ငွေ ၃ သောင်းကျော်) ပေးရန် အိမ်ထောင်စု အနည်းငယ်ကသာ တတ်နိုင်ကြသည်။
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် ရှိသော ပြည်သူ ၅၁.၅သန်း အနက် အိမ်ထောင်စု ၃ ပုံ ၁ ပုံခန့်မှာ မသန့်ရှင်းသည့် ရေ အရင်းအမြစ်များမှ သုံးစွဲနေကြကြောင်း ဖော်ပြထားသည်။ လူဦးရေ၏ ၄ ပုံ ၁ ပုံလောက်က ရေလောင်းအိမ်သာ သုံးစွဲနိုင်ခြင်း မရှိပေ။ ၃၂.၄ ရာခိုင်နှုန်းသော မိသားစုများသာ လျှပ်စစ်မီး သုံးစွဲနိုင်ကြသည်။
ထို သန်းခေါင်စာရင်းမှာပင် မြန်မာနိုင်ငံ၏ ပျမ်းမျှသက်တမ်းက အာဆီယံဒေသတွင် အနည်းဆုံး များထဲတွင် ပါဝင်နေသည် ကိုတွေ့ရှိရသည်။ ထိုသို့ ဖြစ်ရခြင်းမှာ ရေနှင့် အစားအစာ မလုံလောက်မှုများက အဓိကနေရာမှ ပါဝင်နေသည်။
မြန်မာနိုင်ငံ အလယ်ပိုင်း လွင်ပြင်ဒေသကို အနောက်ဘက်နှင့် အရှေ့ဘက်တွင် တောင်တန်းများက ဝန်းရံထားပြီး မိုးခေါင် ရေရှား ဒေသလည်း ပါဝင်နေကာ လူဦးရေ ၁၀ သန်းခန့် နေထိုင်သည်။ မြန်မာနိုင်ငံ ဧရိယာ၏ ၁၃ ရာခိုင်နှုန်းရှိသည့် အလယ်ပိုင်းဒေသသည် ပထဝီ အနေအထားဆိုင်ရာနှင့် ရာသီအလိုက် သဘာဝအရင်းအမြစ် ရရှိနိုင်မှု မညီမျှခြင်း၊ ရာသီ ဥတုပြောင်းလဲခြင်းကြောင့် မိုးရွာသွန်းမှုကို ကြိုတင် မမှန်းဆနိုင်ခြင်းနှင့် ပြင်းထန်သည့် ရာသီဥတု အခြေအနေနှင့် ကိုက်ညီသော ရေအရင်းအမြစ် စီမံခန့်ခွဲမှု အားနည်းခြင်းတို့ကြောင့် ရေရရှိရေး အခက်အခဲများ ရင်ဆိုင်နေရသည့် နေရာ ဖြစ်သည်။
“မြန်မာနိုင်ငံမှာ ရေပေါပါတယ်။ ဒါပေမယ့် အခြေခံ အဆောက်အဦးနဲ့ လျှပ်စစ် စွမ်းအင် အားနည်းချက် ရှိနေတယ်။ ဒါကြောင့် ရေရရှိရေးက ပြဿနာတခု ဖြစ်နေပါတယ်။ ဒါကြောင့်လည်း ရေရှားပါးမှုကို နှစ်တိုင်း တွေ့ကြုံနေရတာ ဖြစ်ပါတယ်” ဟု Livelihoods and Food Security Trust Fund (LIFT) မှ ရန်ပုံငွေ မန်နေဂျာ Andrew Kirkwood က ပြောသည်။ LIFT သည် မြန်မာနိုင်ငံကျေးလက်ဒေသမှ ဆင်းရဲနွမ်းပါးသူများအတွက် ရန်ပုံငွေ ထောက်ပံ့ပေးနေသော အဖွဲ့ အစည်း တခုဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် မိုးရေ ၉၀ ရာခိုင်နှုန်းခန့်ကို ဇွန်လမှ အောက်တိုဘာလအတွင်း ဖြစ်သည့် မိုးရာသီတွင် ရရှိသည်။ သို့သော် ပထဝီအနေအထား ကွာခြားမှု ကြီးမားပြီး မိုးနည်းသည့် ဒေသများတွင် တနှစ်လျှင် မိုးရေချိန် ၇၅၀ မီလီမီတာ ရရှိ၍ အရှေ့ဘက်နှင့် အနောက်ဘက်တောင်တန်းဒေသများတွင် မိုးရေချိန် ၁၅၀၀ မီလီမီတာ ခန့်ရရှိပြီး ကမ်းရိုးတန်း ဒေသများ တွင် မိုးရေချိန် ၄၀၀၀ မီလီမီတာမှ ၅၀၀၀ မီလီမီတာ အတွင်း ရွာသွန်းလေ့ရှိသည်။
အပူပိုင်းဒေသတွင် ရေရှားပါးမှုက ယခုနှစ်တွင် ပိုမိုဆိုးရွားခဲ့သည်။ မိုးရွာသွန်းမှု မလုံလောက်ခဲ့၍ ရေရှားပါး ပြတ်တောက်မှု ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်ဟု LIFT က ဆိုသည်။ အဓိက အချက်မှာ ၂၀၁၆ ခုနှစ် အတွင်းတွင် အယ်လ်နီညို ရာသီဥတု၏ အပူချိန်မြင့်မားမှုက နွေရာသီတွင် ရေငွေ့ပျံမှုကို ပိုမိုမြင့်မားစေခဲ့သည်။
သို့သော်လည်း တိုင်းပြည်၏ အခြားနေရာများတွင်မူ ရေလုံလောက်မှုအတွက် အခက်အခဲဖြစ်ခဲ့ရသည်မှာ မိုးနည်းခြင်းနှင့် ဆန့်ကျင်ဘက် ဖြစ်သည့် မိုးကြီးခြင်းနှင့် ရေကြီးရေလျှံခြင်းတို့ကြောင့် ဖြစ်သည်။
လူအသေအပျောက်နှင့် ပျက်စီးမှု အလွန်များပြားခဲ့သည့် ၂၀၀၈ ခုနှစ် နာဂစ်ဆိုင်ကလုံး မုန်တိုင်းကို တိုင်းပြည်တွင် မမေ့ ပျောက်နိုင်သေးသည့် အချိန်တွင် ၂၀၁၅ ခုနှစ် မိုးရာသီတွင်လည်း မြန်မာနိုင်ငံ၌ နောက်ထပ် အရေးပေါ် အခြေအနေတခု ထပ်မံကြုံတွေ့ခဲ့ရသည်။
မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း ပြည်နယ်များမှသည် မြစ်ဝကျွန်းပေါ် ဒေသအထိ ကာလရှည် ကြာစွာ မိုးသည်းထန်ခြင်း ဒဏ်ကို ခံစားခဲ့ရသည်။ သင့်တော်သည့် ရေဘေးထိန်းချုပ်မှုဆောင်ရွက်ချက်များ မရှိခဲ့သည့် အတွက် ရလဒ်အနေဖြင့် သဘာဝဘေးအန္တရယ် နှင့် ရင်ဆိုင်ခဲ့ကြရသည်။ လူဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ပြီး စိုက်ပျိုးမြေ ဧက ၂ သန်း နီးပါး ပျက်စီး ဆုံးရှုံးခဲ့ရသည်ဟု ကုလသမဂ္ဂ၏ သဘာဝဘေးအန္တရယ် ဆိုင်ရာ အေဂျင်စီ တခု ဖြစ်သည့် UNOCHA ကပြောသည်။
ကိစ္စ ၂ ခုလုံး (မိုးခေါင်ရေရှားခြင်း နှင့် ရေလွှမ်းမိုးခြင်း) တွင် ရေအရင်းအမြစ်ဖူလုံရေး ဆိုင်ရာ စီမံခန့်ခွဲ့မှု ကျဆုံးခြင်းများက သန့်ရှင်းမှု နှင့် ကျန်းမာရေးဆိုင်ရာ အခြေအနေများကို ဆိုးရွားစေခဲ့ပြီး စိုက်ပျိုးရေး ကဏ္ဍအပေါ်တွင် သက်ရောက်မှုများ က အာဟာရမပြည့်ဝမှု နှုန်းကို မြင့်တက်စေခဲ့သည်။ မိုးနည်းရေရှားဒေသတွင် လူဦးရေ ၁၈ ရာခိုင်နှုန်းက အာဟာရမပြည့်ဝမှု နှင့် ရင်ဆိုင်နေရသည်ဟု LIFT ၏ ၂၀၁၃ ခုနှစ် စစ်တမ်းအရသိရသည်။ အသက် ၅ နှစ်အောက် ကလေးငယ် ၄ ပုံ ၁ ပုံက သတ်မှတ် ကိုယ်အလေးချိန် မပြည့်သည့် အခြေအနေတွင် ရှိနေသည်။
လုပ်ရန်ရှိသည်များ
ရေအရင်းအမြစ်ကို မှန်ကန်စွာ စီမံခန့်ခွဲခြင်းက မြန်မာနိုင်ငံမှ ပြဿနာတို့၏ အခြေခံ ဖြစ်သည်ဟု NGO များ၊ အဖွဲ့အစည်း များမှ ပညာရှင်များက ဆိုကြသည်။ ကုလသမဂ္ဂ၏ စာရင်း အချက်အလက်များအရ မြန်မာနိုင်ငံတွင် ရှိနိုင်သည့် ရေအရင်း အမြစ်များ၏ ၅ ရာခိုင်နှုန်းကိုသာ အသုံးချနေသည်ဟု သိရသည်။ အများစုမှာ စိုက်ပျိုးရေး ကဏ္ဍအတွက် ဖြစ်သည်။ တချိန် တည်းမှာပင် မြို့ပြများ တိုးတက်ကြီးထွားလာခြင်း နှင့် စစ်အာဏာရှင်လက်အောက်တွင် ဆယ်စုနှစ် ၅ ခု ကျော် ရှိနေခဲ့သည့် မြန်မာနိုင်ငံက ကမ္ဘာ့ စီးပွားရေး အတွင်းသို့ ပူးပေါင်းပါဝင်လာခြင်းတို့က လိုအပ်ချက်ကို မြင့်တက်စေခဲ့သည်။
ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရသစ် အတွက် စီးပွားရေးတိုးတက်မှုကို အထောက်အကူဖြစ်စေ မည့် ဖြေရှင်းမှုများ ပြုလုပ်ပေးနိုင်ရေးက အဓိက စိန်ခေါ်မှုဖြစ်လာသည်။
“အရှေ့တောင်အာရှရဲ့ ရေပေးဝေမှု ၆၀ ရာခိုင်နှုန်းကို မြေအောက်ရေက ရရှိပါတယ်” ဟု LIFT မှ မှ ရန်ပုံငွေ မန်နေဂျာ Andrew Kirkwood က ပြောသည်။ “ဒါပေမယ့် မြန်မာနိုင်ငံမှာက ၆ ရာခိုင်နှုန်းပဲ ရှိတယ်။ မြေအောက်ရေ တွေ ဘယ် လောက်ရှိနေသလဲ၊ ဘယ်နေရာမှာ ရှိနေသလဲ ဆိုတာ ကျနော်တို့ ကောင်းကောင်း မသိဘူး” ဟု သူက ဆိုသည်။
အရင်းအမြစ် မလုံလောက်သည့် ပြဿနာများ ရှိနေသော်လည်း အပူပိုင်းဇုန်မှ တောင်သူလယ်သမားများသည် မြန်မာနိုင်ငံ တွင် နှမ်းနှင့် ကောက်ပဲသီးနှံ အမျိုးမျိုးကို အများဆုံး စိုက်ပျိုး ထုတ်လုပ်နေသူများဖြစ်ပြီး နိုင်ငံခြားတင်ပို့မှုတွင်လည်း ကမ္ဘာ ပေါ်တွင် အများဆုံးထဲ၌ ပါဝင်နေသည်။ အရင်းအမြစ် ရှာဖွေရယူနိုင်ခြင်း၏ စီးပွားရေး သက်ရောက်မှုက ထင်ရှားပါသည်။ သို့သော်လည်း ယခု အချိန်အထိ ရင်းနှီးမြှုပ်နှံမှုများက နေရာလွဲမှားနေဆဲ ဖြစ်သည်ဟု Andrew Kirkwood က ဆိုသည်။ ဥပမာပြရလျှင် လယ်သမားများကို စပါးစိုက်ပျိုးရန် ဖိအားပေးခြင်းနှင့် ရေ အတွက် သင့်တော်သည့် ငွေကြေးကောက်ခံမှု မရှိသော မူဝါဒဆိုင်ရာ အားနည်းချက်များလည်း ရှိနေသည်။
NGO တခုဖြစ်သည့် Terre des Hommes က အီတလီနိုင်ငံ Bologna တက္ကသိုလ်မှ နည်းပညာတခု ဖြစ်သည့် မြေမဲ့စိုက်ပျိုးနည်းစနစ်ကို အပူပိုင်းဒေသတွင် အောင်မြင်စွာ မိတ်ဆက်နိုင်ခဲ့သည်။ အဆိုပါစနစ်သည် မြေကို အခြေပြု၍ စိုက်သည့် စနစ်ထက် ရေလိုအပ်မှု ၈၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းအတွင်း သက်သာစေပြီး မြေသြဇာပါဝင်သည့် အရည်များကို ပြန်လည်အသုံးပြုခြင်း ဖြစ်သည်။ မြေယာမရှိသည့် တောင်သူလယ်သမားများအတွက် လတ်ဆတ်ပြီး ဈေးနှုန်း ချိုသာသော အစားအစာများ ရရှိစေနိုင်သည်။
“စီမံကိန်းမှာ မန္တလေးတိုင်းနဲ့ မကွေးတိုင်းအတွင်းက ကျေးရွာ ၄၅ ရွာ ပါဝင်ပါတယ်” ဟု စီမံကိန်း မန်နေဂျာ Enrico Marulli ကပြောသည်။ မကွေးတိုင်းသည် တနိုင်ငံလုံးတွင် ၅ နှစ်အောက် ကလေးငယ် သေဆုံးမှု အများဆုံးဖြစ်ပြီး ရန်ကုန် တိုင်းမှ နှုန်း၏ ၂ ဆဖြစ်နေသည့် အတွက် ဘဝနေထိုင်မှု တိုးတက်ကောင်းမွန်ရေး ဖြေရှင်းမှုများ ပြုလုပ်ပေးရန် အရေးတကြီး လိုအပ်ကြောင်း ဖော်ပြနေခြင်းလည်း ဖြစ်သည်။
သို့သော်လည်း စီမံကိန်း ရေရှည်တည်တန့်ရေး အတွက်မှာမူ အကန့်အသတ်များ တွေ့နေရသည်။ စိုက်ပျိုးရာတွင် အသုံး ပြုရသည့် အမိုးအကာ (greenhouse) အသစ်တခု၏ တန်ဘိုးကလည်း အမေရိကန် ဒေါ်လာ ၇၀ မှ ၈၀ အတွင်း ကျ သင့်နေသည့်အတွက် ပြင်ပ အလှူရှင်များ၏ ပူးပေါင်းပါဝင်မှု မရှိခဲ့လျှင် အရေးပါသည့် နည်းပညာ အထောက်အကူများ ရနိုင်ရန် ချေးငွေရရှိမှသာ ဖြစ်နိုင်ပေမည်။
သို့သော်လည်း လယ်သမားများအတွက် ငွေကြေးအထောက်အကူရရှိမှုက မရရှိသလောက်နီးပါး ဖြစ်နေသည်။ အခြား ဖွံ့ဖြိုးဆဲ နိုင်ငံများနှင့် ယှဉ်လျှင် မြန်မာနိုင်ငံတွင် အသေးစားချေးငွေများက အဓိက အားဖြင့် စိုက်ပျိုးရေး ကဏ္ဍသို့ သွားသော်လည်း ရင်းနှီးမြှုပ်နှံမှုများသည့် ကြီးမားသော ဘဏ္ဍာရေး အဖွဲ့အစည်းများသာလျှင် ရေရှည် ထိန်းသိမ်းထားနိုင်စွမ်း ရှိမည် ဖြစ်သည်။
အဆိုပါ အကြောင်းအရာ အားလုံးသည် မေလ ၂၄ ရက်နေ့တွင် ရန်ကုန်မြို့တွင် ကျင်းပသည့် Global Water Partnership High Level Roundtable on Water Security and the SDGs အစည်း အဝေးသို့ ရောက်ရှိလာသည်။ အဆို ပါ အစည်းအဝေးသည် မြန်မာ အစိုးရနှင့် ကမ္ဘာ့ ဘဏ်တို့၏ ကြီးကြပ်မှုနှင့် ဆောင်ရွက်နေသည့် ရေနှင့် သန့်ရှင်းရေးဆိုင်ရာ စီမံကိန်းများ၏ အောင်မြင်မှုကို အရှိန်မြှင့်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။
ယခုအချိန်တွင် ထီတာကျေးရွာမှ ပြည်သူများကတော့ ရေတွင်း သစ်အတွက် ပျော်ရွှင်နေကြပြီး သူတို့၏ အဝါရောင် ပုံးများထဲသို့ ဆက်လက်၍ ရေဖြည့်နေကြသည်။
( IPS News Agency မှ Sara Perria ၏ Myanmar Seeks to Break Vicious Circle of Flood and Drought ကို ဘာသာပြန်သည်)