နေပြည်တော်ရှိ ဟိုတယ်ပေါင်း ၆၃ လုံးရဲ့ အခန်းပေါင်း ၅,၁၀၀ ခန့် ရှိရာမှာ ငှားရမ်းတဲ့ အခန်းပေါင်း ၁ ထောင် မပြည့်တာကြောင့် အရှုံးပေါ်နေကြပြီး ဟိုတယ်လုပ်ငန်းတွေကို အစိုးရသစ်အနေနဲ့ အကူအညီပေးစေလိုတယ်လို့ ဟိုတယ်လုပ်ငန်းရှင် အသိုင်းအဝိုင်းက ပြောပါတယ်။
သင်္ဂဟဟိုတယ် (နေပြည်တော်) ရဲ့ အထွေထွေမန်နေဂျာ ဦးကျော်စွာမောင်မောင်က “နေပြည်တော် ဟိုတယ် လုပ်ငန်းတွေကို ကြည့်ပြီးတော့ တိုင်တန်းနစ် သဘောၤကြီး မြုပ်နေသလို ခံစားရတယ်။ ကယ်မယ့်လူလည်း မရှိဘူး။ တစတစ မြုပ်လာပြီ။ ကျနော်တို့ အခြေအနေကို တယောက်ယောက်က ဝင်ပြီး အဖြေမရှာဘူးဆိုရင် ထွက်ပေါက် မရှိတော့ဘူးလို့ ကျနော်တော့ မြင်တယ်။ ကျနော်တို့ပေးနိုင်တဲ့ အခန်းပေါင်းက ၅,၁၀၀ ရှိပေမယ့် ပုံမှန်ရောင်း (ငှား) ရတာက အခန်း ၃၅၀ အထိနည်းပြီး၊ အများဆုံး ၈၀၀၊ ၉၀၀ လောက်ပဲ ရှိတယ်” လို့ ဧရာဝတီကို ပြောပါတယ်။
မြန်မာနိုင်ငံကို အာဆီယံဥက္ကဋ္ဌရာထူး လွှဲပြောင်းပေးပြီးနောက်ပိုင်း ၂၀၁၅ နှစ် အလယ်ပိုင်းကစပြီး ဧည့်သည်အဝင် လျော့ကျလာတာ အခုအချိန်အထိဖြစ်ပြီး၊ အမြတ်မကျန်ဘဲ လစဉ်လတိုင်း အရှုံးတွေနဲ့သာ ရင်ဆိုင်နေရတယ်လို့ ၎င်းက ဆိုပါတယ်။
ဟိုတယ်တလုံးက ပုံမှန်အားဖြင့် အမြတ်ရဖို့ဆိုရင် ဟိုတယ်မှာရှိတဲ့ စုစုပေါင်းအခန်းရဲ့ ၃၅ ရာခိုင်နှုန်းကျော် ရောင်းချ (ငှားရမ်း) ရမှာ ဖြစ်ပေမယ့် ပုံမှန်အားဖြင့် ၁၅ ရာခိုင်နှုန်းလောက်ပဲ ရောင်းရ (ငှားရမ်း) လို့ အမြတ်မကျန်တာ ဖြစ်တယ်လို့ နေပြည်တော်၊ သပြေကုန်းအဝိုင်းအနီး ဟိုတယ်တခုမှ မန်နေဂျာက ဧရာဝတီကို ပြောပါတယ်။
“နေပြည်တော်က ဟိုတယ်တွေမှာ ဒီလနည်းနည်း ရှုံးလိုက်၊ နောက်လနည်းနည်း ရှုံးလိုက်၊ နောက်လ နည်းနည်း မြတ်လိုက်နဲ့ နောက်ဆုံး နှစ်ချုပ်တော့ အရင်းအနှီးကို ဒေါ်လာသန်းချီ ထည့်ထားရပြီးတော့ အမြတ်မရှိကြဘူး” လို့ ၎င်းက ဆိုပါတယ်။
နေပြည်တော် ဟိုတယ်ပိုင်ရှင် အများစုဟာ အရင်အစိုးရ လက်ထက်မှာ လူကြီးပိုင်းနဲ့ နီးစပ်ကြသူတွေ ဖြစ်ကြပြီး အရင်အစိုးရလူကြီးတွေ လုပ်ဆောင်ချင်တဲ့ နိုင်ငံတော် စီမံကိန်းတွေကို ဖော်ဆောင်ပေးခဲ့လို့ အခွင့်အရေးအနေနဲ့ ဟိုတယ်ဇုန်မှာရှိတဲ့ မြေကွက်တွေကို ပြန်လည် ရရှိခဲ့တာ ဖြစ်တယ်လို့ နေပြည်တော်ဒေသခံတွေက ပြောပါတယ်။
နေပြည်တော်ကို လာကြတဲ့သူတွေမှာ စီးပွားရေးလုပ်ကိုင်ဖို့ အကြောင်းပြုလာသူက ၃၀ ရာခိုင်နှုန်း၊ အစိုးရနဲ့ ဆက်စပ်ပြီး လာကြတဲ့ NGO လုပ်ငန်းသမားတွေက အများစုဖြစ်ပြီး Travel Agent က လာတဲ့ ခရီသွား ဧည့်သည်ကတော့ ၄ ရာခိုင်နှုန်း အောက်မှာပဲရှိတယ်လို့ သိရပါတယ်။
အရင်အစိုးရ လက်ထက်မှာ နေပြည်တော်ဟိုတယ်ဇုန် စည်ကားအောင် MICE (Meetings, Incentives, Conferences and Exhibitions) is nice ဆိုပြီး ဆွေးနွေးပွဲတွေ၊ ပွဲအခမ်းအနားတွေ ဖြစ်အောင်လုပ်ပြီး အဲဒီကနေ ငွေရှာဖို့ လုပ်ဆောင်ခဲ့ပေမယ့် အောင်မြင်မှု မရခဲ့ဘူးလို့ သင်္ဂဟဟိုတယ် အထွေထွေမန်နေဂျာ ဦးကျော်စွာမောင်မောင်က ပြောပါတယ်။
သူက “အရင်အစိုးရက MICE is nice ဆိုပြီးလုပ်တယ်။ အစည်းအဝေးတွေ၊ ကွန်ဖရင့်တွေနဲ့ လူလာအောင် လုပ်မယ်ဆိုတာ လက်တွေ့မှာတော့ အလုပ ်မဖြစ်ပါဘူး။ MICE တခုတည်း လုပ်လို့မရတော့ပါဘူး။ Tourist တွေ လာလည်ပတ်လို့ ရအောင် လုပ်ပေးဖို့ လိုနေပြီ” လို့ ဆိုပါတယ်။
နေပြည်တော် ဟိုတယ် ၆၃ လုံးမှာ အရင်းကျေပြီး Fair Market Share ရဲ့ အထက်ပိုင်းကို ရောက်တဲ့ ဟိုတယ် ၅ လုံး သာ ရှိပြီး အဲဒီ ဟိုတယ်ကြီးတွေကလည်း ဟိုတယ်အသေး၊ အလတ်စားတွေနဲ့ အပြိုင် ဈေးလျှော့ရောင်း (ငှားရမ်း) တဲ့အခါ မြန်မာလုပ်ငန်းရှင်တွေ ဖွင့်ထားတဲ့ ဟိုတယ် လုပ်ငန်းတွေရဲ့ အနာဂတ်က စိုးရိမ်စရာ ဖြစ်လာနေပြီလို့ ဟိုတယ်မန်နေဂျာ တဦးကလည်း ပြောဆိုပါတယ်။
“ဟိုတယ်အကြီးတွေက ဟိုတယ်အခန်းခတွေက အရမ်းလျှော့ပေးပြီး ရောင်းတဲ့အခါ ရာဇသင်္ဂဟ လမ်းမှာရှိတဲ့ မြန်မာ လုပ်ငန်းရှင်တွေ ဖွင့်ထားတဲ့ ဟိုတယ် လုပ်ငန်းတွေရဲ့ အနာဂတ်က စိုးရိမ်စရာ ဖြစ်လာတယ်။ ဒီဟိုတယ်ကြီးတွေတောင် ၄ သောင်းနဲ့ ရောင်းရင် ဟိုတယ် အသေးလေးတွေက ဘယ်လောက်နဲ့ ရောင်းရမှာလဲ။ ၃၀၊ ၃၅ ရာခိုင်နှုန်းရအောင် ဝိုင်းလုကြတဲ့အခါမှာ ဟိုတယ် အငယ်လေးတွေကို မထောက်ထားကြတော့ဘူးလား ဆိုတဲ့ Question က ဖြစ်လာတယ်”လို့ အထက်ပါမန်နေဂျာက ဆိုပါတယ်။
နေပြည်တော် ကျောက်မျက်ပွဲရှိတဲ့ ကာလတွေဖြစ်တဲ့ ဇွန်လနဲ့ ဇူလိုင်လတွေမှာတော့ ဧည့်သည် အဝင်ရှိပေမယ့် တနှစ်လုံး အရင်းကျေဖို့အတွက်တော့ မကာမိဘူးလို့ ဟိုတယ် လုပ်ငန်းရှင်တွေက ဆိုကြပါတယ်။
“ကျနော်တို့ ဝန်ထမ်းတွေလည်း ရန်ကုန်တို့၊ ပုဂံတို့ထက်စာရင် လစာလည်းနည်းတယ်။ ဟိုတယ်လုပ်ငန်းဆိုတာက Service Money နဲ့ ရပ်တည်ရတာ ဆိုတော့ ဧည့်မလာရင် ကျနော်တို့လည်း အဆင်မပြေဘူး” လို့ ဟိုတယ်ဇုန် ဝန်ထမ်းတဦးဖြစ်သူ ကိုဖြိုးက ပြောပါတယ်။
နိုင်ငံတကာ လေကြောင်းလိုင်း အနေနဲ့လည်း နေပြည်တော်ကို ဘန်ကောက် အဲဝေးတခုသာ အတက်အဆင်းရှိပြီး လာသမျှ ဧည့်သည်တွေတိုင်း ရန်ကုန်မှာပဲ အတက်အဆင်း ပြုလုပ်ကြတာမို့ ရန်ကုန်မှာ ဟိုတယ်ဈေးနှုန်းတွေမြင့်ပြီး နေပြည်တော်မှာ တစ္ဆေခြောက်လို့ရအောင် တိတ်ဆိတ် ခြောက်ကပ်နေတယ်လို့ ဟိုတယ်အသိုင်းအဝိုင်းက ဆိုကြပါတယ်။
“ဒီအခြေအနေတွေကို အစိုးရသစ် အနေနဲ့ သိစေချင်တယ်။ ကျနော်တို့ အောက်ခြေမှာတော့ ပွဲပျက်နေပြီ။ ပွဲပျက်နေပြီ ဆိုတာက စီးပွားရေးအရလည်း ကြာကြာတောင့် မခံနိုင်တော့ပါဘူး။ မရပ်တည်နိုင်တော့ဘူး။ ရပ်တည်နိုင်မယ် ဆိုဦးတော့ ဘယ်လောက်ကြာကြာ ရပ်တည်နိုင်မှာလဲ” လို့ သင်္ဂဟဟိုတယ် မန်နေဂျာ ဦးကျော်စွာမောင်မောင်က မေးခွန်းထုတ်ပါတယ်။