စီးပွားရေး

နိုင်ငံတဝန်း သိန်း ၁၀၀ အောက် တိုက်ခန်း တသိန်းရှစ်သောင်းခန့် တည်ဆောက်မည်ဟုဆို

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံတဝန်းတွင် သိန်း ၁၀၀ အောက် တန်ဖိုးနည်းအိမ်ရာ တိုက်ခန်း တသိန်းရှစ်သောင်းခန့် တည်ဆောက်သွားရန် ဆောက်လုပ်ရေး ဝန်ကြီးဌာနက မျှော်မှန်းထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ယနေ့ နေပြည်တော်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် တရားဝင် ထုတ်ပြန်ပြောဆိုလိုက်သည်။

ရန်ကုန်မြို့တွင် ၂ နှစ်အတွင်း အခန်းပေါင်း ၈၀၀၀ ပါဝင်မည့် သိန်း ၁၀၀ အောက် တန်ဖိုးနည်းအိမ်ရာတခုကို လုပ်ဆောင်သွားမည်ဖြစ်ပြီး ရန်ပုံငွေ ရရှိမှု၊ မြေရရှိမှုအပေါ် မူတည်၍ တနိုင်ငံလုံးတွင် အိမ်ရာယူနစ် အခန်းပေါင်း တသိန်းရှစ်သောင်းခန့်အထိ ဆောက်လုပ်ရန် မျှော်မှန်း ထားကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က တွေ့ဆုံပွဲတွင် ပြောကြားသည်။

“ရန်ကုန်မြို့မှာ ဆောင်ရွက်သွားမယ့် နေရာတွေက ဒဂုံမြို့သစ်နဲ့ လှိုင်သာယာတို့လို နေရာတွေ ဖြစ်မှာပေါ့။ မြေရပြီဆိုတော့ ဒီဇိုင်းလုပ်နေပြီး ဆောင်ရွက် လိုတဲ့ ကုမ္ပဏီတွေကို သတင်းစာတွေမှာ တရားဝင် ဖိတ်ခေါ်သွားမှာ ဖြစ်ပါတယ်။ ဖိတ်ခေါ်ပြီးရင် အခုဇွန်ဆိုတော့ ဇွန်၊ ဇူလိုင်၊ သြဂုတ်ပြီးရင် ပွင့်လင်းရာသီ စက်တင်ဘာလောက်မှာ စနိုင်မယ်လို့ မျှော်မှန်းပါတယ်”ဟု ဦးမင်းထိန်က ပြောသည်။

ရန်ကုန်မြို့အနီး ဒဂုံမြို့သစ်နှင့် လှိုင်သာယာမြို့နယ်တို့ရှိ မြေဧက ၂၃၂ ဧကပေါ်တွင် အခန်းပေါင်း ၈၀၀၀ ခန့်ပါဝင်မည့် သိန်း ၁၀၀ အောက် တန်ဖိုးနည်း အိမ်ရာတခုကို ဆောက်လုပ်ရေးဝန်ကြီးဌာနက တည်ဆောက်ရန် စီစဉ်နေပြီဖြစ်ကြောင်း၊ နေပြည်တော်တွင်လည်း တန်ဖိုးနည်း အိမ်ရာ စမ်းသပ် တည်ဆောက်နေပြီဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဦးဝင်းခိုင်က ပြောသည်။

“နေပြည်တော်မှာတော့ စဆောက်နေပါပြီ။ ရန်ကုန်မှာတော့ ရေမြောင်းတို့ လမ်းတို့ စတည်ဆောက်မှာ ဖြစ်ပါတယ်။ စနစ်တကျဖြစ်တဲ့ တန်ဖိုး နည်း အိမ်ရာ စခန်းတွေ ဖြစ်မှာပါ။ အိမ်တွေချည်းပဲ ပြွတ်သိပ်ပြီး ဆောက်ထားတဲ့ပုံစံမျိုး မဟုတ်ဘဲနဲ့ အိမ်တွေလည်းပါမယ်။ လူမှုရေး ကိစ္စတွေ ဆောင်ရွက် နိုင်မယ့် နေရာတွေလည်း ပါမယ်။ ကလေးကစားကွင်းလေးတွေ ကားရပ်နားလို့ရမယ့် နေရာလေးတွေ စသဖြင့်ပေါ့။ ဒီလို စနစ်ကျ တဲ့ တန်ဖိုးနည်း အိမ်ရာ စီမံကိန်းလေးတွေ ဖြစ်အောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ဦးဝင်းခိုင်က ပြောသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနက တန်ဖိုးနည်း အိမ်ရာများဖော်ဆောင်ရာတွင် အဓိက ကြုံတွေ့ရသည့် အခက်အခဲမှာ မြေနေရာ ရရှိရန် ဖြစ်သည်ဟု သိရသည်။

“လက်တွေ့ နေပြည်တော်မှာ ၂ လုံး ဆောက်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ တန်ဖိုးနည်း အိမ်ရာ အမှန်တကယ်ဖြစ်အောင်၊ ကုန်ကျစရိတ် စံနှုန်းတခုရဖို့ ဒါက အရေးကြီးနေပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာနက တလုံးကို Steel နဲ့ ဆောက်တယ်။ တလုံးကို ပုံမှန်အားဖြင့် ကွန်ကရက်နဲ့ ဆောက်တယ်။ ဒီ ၂ လုံးရဲ့ ကုန်ကျစရိတ် အတိအကျ၊ ကြာမြင့်ချိန်တို့ကို Model စံနှုန်းတခုဖြစ်အောင် စံနှုန်းတွေ ရပြီဆိုရင် ဟို ၂၃၂ ဧကမှာ ဒီမော်ဒယ်လ် ဒီစံနှုန်းတွေနဲ့ ဆောက်မှာ ဖြစ်ပါတယ်”ဟု ဝန်ကြီး ဦးဝင်းခိုင်က ပြောသည်။

ယခင်အစိုးရလက်ထက်က မြေဈေးနှုန်း ကြီးမြင့်သဖြင့် တန်ဖိုးနည်းအိမ်ရာများ ဖော်ဆောင်နိုင်ခြင်း မရှိဘဲ တန်ဖိုးမျှတအိမ်ရာများကို ကျပ် သိန်း ၂၀၀နှင့် အထက်ဖြင့် ရန်ကုန်မြို့တွင် ရောင်းချခဲ့များရှိပြီး မန္တလေးမြို့တွင်လည်း အမှန်တကယ် အိမ်ရာမရှိသူများမှာ တန်ဖိုး နည်းအိမ်ရာ ဝယ်ယူခွင့်နှင့် ပတ်သက်၍ မေးခွန်းထုတ်မှုများစွာ ထုတ်ခဲ့ကြသည်။

“ဒီဘက်ပိုင်းမှာတော့ အရစ်ကျစနစ်နဲ့ ရောင်းချဖို့၊ တကယ်လိုအပ်နေသူတွေ လက်ထဲရောက်ဖို့တွေအတွက် မူဝါဒတွေ ချမှတ်သွားမှာပါ”ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန အမြဲတန်း အတွင်းဝန် ဦးကျော်လင်းက ပြောသည်။
ထို့ပြင် ဆောက်လုပ်ရေးဝန်ကြီးဌာနက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတို့ ပူးပေါင်း၍ ရန်ကုန်မြို့တွင် မြို့ပတ်လမ်းမကြီးတခုကို စင်ကာပူ၊ ဆိုးလ်၊ တိုကျိုမြို့များကဲ့သို့ ဂျပန်နှင့် ကိုရီးယားနိုင်ငံတို့၏ အကူအညီဖြင့် ဖောက်လုပ်ရန် စဉ်းစားနေကြောင်း၊ ၂၀၁၁ တွင် ဂျပန်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(JICA)က စမ်းသပ် စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်း သိရှိရသည်။

ရန်ကုန်မြို့ရှောင်လမ်းကို နိုင်ငံတော်ဘတ်ဂျက်ဖြင့် မဟုတ်ဘဲ ပုဂ္ဂလိက ကုမ္ပဏီများနှင့် ပူးပေါင်းကာ BOT စနစ်ဖြင့် လုပ်ဆောင်ရန် ရှိကြောင်း၊ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံခန့် ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading