အမေရိကန်နိုင်ငံက မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြုပ်နှံမှု တိုးတက် အားကောင်း လာစေမည့် အလားအလာ များ ရှိနေကြောင်း အမေရိကန်-မြန်မာ ဆက်ဆံရေး တွေ့ဆုံဆွေးနွေးသည့်ပွဲတွင် ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
ဇွန် ၆ ၇က်နေ့က မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) က အမေရိကန်ကုန်သည်ကြီးများ အသင်း နှင့် ပူးပေါင်းပြီး “အမေရိကန်- မြန်မာ ကုန်သွယ်မှု ဆက်ဆံရေး၊ ဒုတိယအဆင့်”ဆွေးနွေးပွဲတရပ်ကို UMFCCI တွင် ပြုလုပ်ခဲ့ပြီး ပြည်တွင်း၊ ပြည်ပပညာရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။
ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန မှ ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဦးက “အမေရိကန်က ရင်းနှီးမယ့်သူ အများစုက မြန်မာနိုင်ငံရဲ့ အိုင်တီကဏ္ဍရယ် ဆက်သွယ်ရေးကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍတွေမှာ စိတ်ဝင်စားကြပါတယ်။ အစိုးရသစ်လက်ထက် မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု ကော်မရှင်ကိုလည်း ပြန်လည်ဖွဲ့စည်းပြီးတဲ့နောက်မှာ အမေရိကန်က ရင်းနှီးမြုပ်နှံသူတွေ ဝင်လာမယ်လို့ မျှော်လင့်ပါတယ်”ဟု ပြောကြားခဲ့သည်။
ဆက်လက်၍ ၎င်းက အရေးယူပိတ်ဆို့မှုနှင့် အခြားအကန့်အသတ်များ ကျန်ရှိနေသေးသည့်အတွက် မြန်မာနိုင်ငံအတွင်းသို့ အမေရိကန်၏ ရင်းနှီးမြုပ်နှံမှု ဝင်ရောက်မှု နည်းပါးနေရာ အရေးယူ ပိတ်ဆို့မှုများနှင့် ကန့်သတ်မှုများကို ဖြေလျှော့ပေးသွားပြီး နောက်ပိုင်းတွင် အမေရိကန် ရင်းနှီးမြုပ်နှံသူများ ဝင်ရောက်လာမည်ဟု သုံးသပ်သည်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ် စကော့မာစီယယ်လ်ကလည်း အမေရိကန်အစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှု၊ ဒီမိုကရေစီ အကူးအပြောင်းတို့တွင် အားကောင်းစွာဖြင့် ထောက်ပံ့ပေးရန် ရှိကြောင်း၊ အဆင့်မြင့် နည်းပညာများရရှိရန်၊ ကောင်းမွန်သည့် အစိုးရအဖွဲ့အစည်း၊ ပွင့်လင်းမြင်သာမှု အဆင့်အတန်းနှင့်အတူ ပုဂ္ဂလိကအခန်းကဏ္ဍကို ကျယ်ပြန့်စွာ လုပ်ကိုင်နိုင်ဖို့ ယုံကြည်ထားကြောင်း ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံ သံအမတ်က အမေရိကန်အစိုးရ၏ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုသည် မြန်မာ့စီးပွားရေး တခုလုံးအပေါ်တွင် မလွှမ်းခြုံတော့ဘဲ Specially Designated Nationals – SDN စာရင်းဟု ခေါ်သော ပစ်မှတ်ထားသည့် လုပ်ငန်းများနှင့် လူပုဂ္ဂိုလ်များကိုသာ သက်ရောက်စေတော့မည်ဖြစ်ကြောင်းလည်း ဆိုသည်။ သို့သော် အဆိုပါ စာရင်းဝင်သူများသည် မြန်မာ့စီးပွားရေးအပေါ် ဩဇာလွှမ်းသူများဖြစ်ကြောင်း စကော့မာစီယယ်လ်က ပြောသည်။
မြန်မာပြည်ထွက် ကျောက်မျက်များ တင်ပို့ရောင်းချခွင့် ဆက်လက်ပိတ်ပင်ထားမှုကိုလည်း အမေရိကန် သံအမတ်က မြန်မာ့ကျောက်မျက်တူးဖော်ရေးသည် တိုင်းရင်းသားများနှင့် ပဋိပက္ခဖြစ်ပွားနေခြင်းအား မီးထိုးနေသေးသောကြောင့်ဟု အကြောင်းပြသည်။
မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းက အမေရိကန်အနေဖြင့် မြန်မာနိုင်ငံအား အခွန်သက်သာ ကင်းလွတ်ခွင့် အပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများသို့ ပေးသည့် ကုန်သွယ်မှု အထူးအခွင့်အရေးများ (Generalized System of Preference -GSP) ပေးအပ်ရန် အဆိုပါဆွေးနွေးပွဲအတွင်း တိုက်တွန်းပြောဆိုခဲ့သည်။
UMFCCI ၏ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက“မြန်မာနိုင်ငံက GSP ပြန်ရဖို့ အရေးယူမှု၊ ပိတ်ဆို့မှုတွေ ရုတ်ဖို့၊ အခု လက်ရှိ အရေးယူပိတ်ဆို့မှုတွေ ကြားထဲမှာ ဘယ်လို လုပ်ကိုင်နိုင်မလဲဆိုတာ ဆွေးနွေးပြီးတော့ မြန်မာနိုင်ငံမှာ ဘာလုပ်နိုင်မလဲ ဆိုတာ ကဏ္ဍတွေကို ချပြမယ်။ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု အလားအလာ ဘာတွေရှိလဲဆိုတာကို ချပြတာတွေ လုပ်နေတယ်” ဟု ပြောသည်။
ကုန်သွယ်မှု အထူးအခွင့်အရေး (GSP) ဆိုသည်မှာ ကုန်သွယ်မှုပြုသည့်အခါတွင် အကောက်ခွန်လျှော့ပေးခြင်း၊ အကောက်ခွန် လုံးဝကင်းလွတ်ခွင့် ပေးခြင်းဖြစ်သည်။
“ GSP ဆိုတာ အထူးအခွင့်အရေးပါ။ ချို့တဲ့နေတဲ့နိုင်ငံ၊ မဖွံ့ဖြိုးသေးတဲ့နိုင်ငံကို အထူးအခွင့်အရေးပေးတာပါ။ အခွန်အတုတ် လျှော့ချပေးတာပါ။ မြန်မာနိုင်ငံက ပို့ကုန်အမယ်ပေါင်း ၅၀၀၀ လောက်ရှိတယ်။ အခွင့်အရေးကိုပေးရင် အခွန်အတုတ်ကို လျှော့ပေးပါတယ်။ GSP မရရင် အခွန်အတုတ်နဲ့ ယှဉ်ရင် မြန်မာနိုင်ငံရဲ့ ပစ္စည်းက သူတို့နိုင်ငံမှာ ရောင်းဖို့ ယှဉ်လို့မရဘဲနဲ့ ဈေးကြီးတတ်တယ်။ ဒါကြောင့်မို့ ဒီကိစ္စကို အမေရိကန်အစိုးရကလည်း မကြာမီအတောအတွင်းမှာ အမေရိကန် ကုန်သည် အသင်းနဲ့ မြန်မာနိုင်ငံကုန်သည်အသင်းတို့က လျှော့ပေါ့အောင်လုပ်နေပါတယ်” ၎င်းက ဆက်ပြောသည်။
အမေရိကန်ကုန်သည်များအသင်း အရှေ့တောင် အာရှ ညွှန်ကြားရေးမှူး Mr. John Goyer က နှစ်နိုင်ငံ အစိုးရ အတွက် မူဝါဒများပါဝင်သော အမေရိကန်- မြန်မာ စီးပွားရေး မူဝါဒဆိုင်ရာ ကြေငြာစာ (White Paper) ကို ဆွေးနွေးပွဲတွင် ထုတ်ပြန်ခဲ့သည်။
၂၀၁၅ ခုနှစ်တွင် အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ ၂၂၇ သန်းနှင့် မြန်မာနိုင်ငံမှ သွင်းကုန်တန်ဖိုး ကန်ဒေါ်လာ ၁၄၄ သန်း ရှိခဲ့ပြီး မြန်မာအစိုးရမှ ခွင့်ပြုထားသည့် အမေရိကန်ရင်းနှီးမြုပ်နှံမှုမှာ ကန်ဒေါ်လာ ၂၄၈ သန်း ရှိကြောင်း ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။
UMFCCI ၏ အကြံပေးဖြစ်သူ ဒေါက်တာအောင်ထွန်းသက်က “မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံဖို့ အချိန်ကျနေပါပြီ။ အမေရိကန်ရင်းနှီးမြုပ်နှံသူများ အလျင်အမြန် လာရောက် ရင်းနှီးမြုပ်နှံသင့်ပါတယ်”ဟု ပြောဆိုခဲ့သည်။
( ကျော်ဆုမွန် ပါဝင်ရေးသားသည်။)