စင်ကာပူနိုင်ငံနှင့် မြန်မာနိုင်ငံအကြား အပြန်အလှန်ဗီဇာကင်းလွတ်ခွင့် သဘောတူညီမှုကြောင့် ခရီး သွားလာရေး လုပ်ငန်း များ အရှိန်မြင့်တက်လာမည်ဖြစ်ကြောင်း ခရီးသွားလာရေး အေဂျင်စီများနှင့် လေကြောင်းလိုင်းတချို့မှ တာဝန်ရှိ သူများက ပြောဆိုကြသည်။
မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးသက်လွင်တိုးက “စင်ကာပူတွေ မြန်မာနိုင်ငံကို လာရောက်မှုက မများ ဘူး။ မြန်မာတွေကတော့ စင်ကာပူကို သိန်းချီပြီးသွားတယ်။ လည်ပတ်တာ၊ ဆေးကုတာ၊ ပညာရေးရောပါတာပေါ့။ အခုလိုဆိုတော့ မြန်မာတွေရဲ့ စင်ကာပူ ခရီးသွားလာမှု က အရင်ကထက်နှစ်ဆလောက် တိုးလာနိုင်တယ်လို့ထင်တယ်။ နောက်ပြီး လေယာဉ် တွေ ပိုတိုးချဲ့ပြေးနိုင်မယ်ဆိုရင် စင်ကာပူဘက်က ပိုလာလည်နိုင်တယ်။ မြန်မာပြည်ရဲ့ ပြည်တွင်း ခရီးသွား လုပ်ငန်း ရော ပြည်ပခရီးသွားလုပ်ငန်းပါ တိုးလာမယ် ”ဟု ပြောသည်။
ဇွန်လ ၇ ရက်နေ့က မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်သည့် စင်ကာပူဝန်ကြီးချုပ်လီရှန်လွန်း၏ မြန်မာနိုင်ငံ ခရီးစဉ် စင်ကာပူနှင့် မြန်မာ နှစ်နိုင်ငံအကြား သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများ ဗီဇာကင်းလွတ်ခွင့်ရက်ပေါင်း ၃၀ နေထိုင်ခွင့် အပြန်အလှန်ပေးရန် သဘောတူညီခဲ့ခြင်း ဖြစ်ပြီး အဆိုပါ အစီအစဉ်သည် လာမည့် ဒီဇင်ဘာလ ၁ ရက်နေ့ တွင် စတင် အသက်ဝင်မည် ဖြစ်ကြောင်း သိရှိရသည်။
Daimond Tour ကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်ထက်ထက်ထွန်းက “လူတိုင်းကသွားချင်နေကြတာဆိုတော့ ဖွံ့ဖြိုးမှု အားကောင်း လာမယ်လို့ ထင်တယ်။ ဒါပေမယ့် ဟိုဘက်က လူဝင်မှုကြီးကြပ်ရေးမှာ ဘယ်လိုမျိုးကန့်သက်ချက်တွေ ရှိနေဦးမလဲ။ ဥပမာ- ဘန်ကောက်တောင်မှ show money ပြရတယ်။ နည်းနည်းတော့စစ်ဆေးဦးမယ် ထင်တယ်။ လက်ရှိက စင်ကာပူအတွက်က show money ပြစရာ မလိုဘူး။ သံသယရှိတဲ့သူဆို လေယာဉ်လက်မှတ် အသွားအပြန် ပါသ လား။ ဘယ်လောက်ကြာကြာ နေမလဲဆိုတာ စစ်တယ်။ ပြန်လွှတ်တာတွေ ရှိတယ်” ပြောသည်။
နှစ်နိုင်ငံ ရက်ပေါင်း ၃၀ ထက် ပိုမို ကျော်လွန်နေထိုင်ပါက သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းအတိုင်း ဆက်လက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရှိရသည်။
မြန်မာလေကြောင်းလိုင်း ( MAI ) ဥက္ကဋ္ဌ ဦးခင်မောင်လတ်က“ ဗီဇာက အခက်အခဲတခုပဲ။ ဗီဇာယူရရင် အချိန်ကုန်တယ်။ သွားဖို့ ခက်တာပေါ့။ ဘန်ကောက်ဆို အချိန်မရွေး သွားနိုင်တယ်။ ဗီဇာကင်း လွတ်ရင် စီးပွားရေးတက်မယ်။ ခရီးသွား လုပ်ငန်း တက်မယ်။ အစိုးရရဲ့ ပေါ်လစီအပြောင်းတွေပေါ်မှာ မူတည်တယ်” ဟု ပြောသည်။