ရန်ကုန်မြို့ ဗိုလ်တထောင်စေတီတော်နှင့် ဗိုလ်အောင်ကျော်ဆိပ်ခံတံတားအကြား မြန်မာ့ဆိပ်ကမ်းပိုင် နယ်မြေ ဖြစ်သည့် မြေဧက ၂၀ နီးပါးတွင် ယခင်အစိုးရက ခွင့်ပြုခဲ့သော ကောင်းမြန်မာအောင် ကုမ္ပဏီက တည်ဆောက်နေသည့် ဆိပ်ခံ တံတားသစ် စီမံကိန်းသည် ဆိုးကျိုးများသဖြင့် ရပ်ဆိုင်းရန် အဆိုတရပ်ကို ပြည်သူ့ လွှတ်တော်အစည်းအဝေးက ယနေ့ အတည်ပြု လိုက်ပြီဖြစ်သည်။
ကောင်းမြန်မာအောင်ကုမ္ပဏီ၏ ဆိပ်ခံတံတား စီမံကိန်းကို ဖျက်သိမ်းရန် အဆိုကို ဆိပ်ကမ်းမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဝင်းက တင်သွင်းခဲ့ခြင်းဖြစ်ပြီး လွှတ်တော် ကိုယ်စားလှယ် ၅ ဦးက ထောက်ခံဆွေးနွေးခဲ့ကာ ပို့ဆောင်ရေး ဝန်ကြီး ဦးသန့်စင်မောင်ကလည်း ယင်းအဆိုကို ကန့်ကွက်ရန်မရှိကြောင်း မှတ်ချက်ပေးခဲ့ကြောင်း သိရှိရ သည်။
ဦးသန့်စင်မောင်က “စီမံကိန်းက (ငွေကျပ်) သန်း သုံးရာလောက် ဝင်ငွေရနိုင်တဲ့တချက်ပဲ ကောင်းတဲ့ဘက်ရှိပြီး ကျန်တာ တွေအတွက် စိုးရိမ်စရာ ကောင်းပါတယ်၊ ကောင်းကျိုးထက် ဆိုးကျိုးသာများနေတဲ့အတွက် အဆိုကိုကန့်ကွက် ရန်မရှိပါ ”ဟု ပြောသည်။
အဆိုပါဆိပ်ခံတံတား စီမံကိန်းကြောင့် မြစ်ကြောင်းတလျောက် သောင်ထွန်းမှုများဖြစ်ပေါ်ပြီး သင်္ဘောသွား လမ်းကြောင်း များ ခက်ခဲစေခြင်း၊ ဗိုလ်တထောင်စေတီတော် ပြိုကျနိုင်သည့် အန္တရာယ်ရှိခြင်း၊ မြစ်အတွင်းသို့ ရန်ကုန်မြို့၏ ရေထွက်ပေါက် ၄ ခု ကို ပိတ်ဆို့စေနိုင်ခြင်းတို့ကြောင့် စီမံကိန်းကို ရပ်ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
လှိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးက “MIC က လွှတ်တော်ရဲ့ ခွင့်ပြုချက်မယူခဲ့ပါဘူး၊ ဒီလို ကော်မရှင်က ခွင့်ပြုလိုက် မသင့်တော်သဖြင့် လွှတ်တော်က ဖျက်သိမ်းဖြစ်နေရင် ရင်းနှီးမြုပ်နှံသူတွေရဲ့ ယုံကြည်မှု ပျက်ယွင်းစေခြင်း၊ လျော်ကြေးပေးရ ခြင်းတို့ကြောင့် နိုင်ငံတော်ရဲ့ အကျိုးစီးပွားကို ထိခိုက်စေပါတယ်”ဟု ပြောသည်။
မြန်မာနိုင်ငံသားများ ရင်းနှီးမြုပ်နှံမှု (MIC) ဥပဒေ အခန်း ၄၊အပိုဒ် ၇ ပြဌာန်းချက်အရ ကော်မရှင်သည် နိုင်ငံတော်နှင့် နိုင်ငံ သားတို့၏ လုံခြုံရေး၊ စီးပွားရေး၊ ပတ်ဝန်းကျင်အခြေအနေနှင့် လူမှုစီးပွားကို ကြီးမားစွား သက်ရောက်မှု ဖြစ်စေ နိုင်သော ရင်းနှီးမြုပ်နှံမှု လုပ်ငန်းကြီးများကို ပြည်ထောင်စုအစိုးရမှတဆင့် ပြည်ထောင်စု လွှတ်တော်သို့ တင်ပြ ရမည်ဟု ဖော်ပြ ထားပြီး ကောင်းမြန်မာအောင်ကုမ္ပဏီ၏ ဆိပ်ခံတံတား စီမံကိန်းသည် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခြင်း မရှိသည့် စီမံကိန်း ဖြစ်ကြောင်း သိရှိရသည်။
NLD အစိုးရသစ်နှင့် လွှတ်တော်လက်ထက်တွင် ယခင်အစိုးရ ခွင့်ပြုခဲ့သည့် Parkway ဆေးရုံစီမံကိန်းကို ပထမဆုံးအကြိမ် ဖျက်သိမ်း ရန် အတည်ပြုခဲ့ပြီး ဒုတိယအကြိမ်အဖြစ် ကောင်းမြန်မာအောင် ကုမ္ပဏီ၏ ဆိပ်ခံတံတားစီမံကိန်းကို ရပ်ဆိုင်းရန် လွှတ်တော် က အတည်ပြု ဆုံးဖြတ်ခြင်း ဖြစ်သည်။