ရေနံဓာတ်ငွေ့ရည် (LPG) လက်လီ အရောင်းဆိုင်များကို ဒီဇင်ဘာ ၃၁ ရက်အထိ သက်တမ်းရှိသော ယာယီလိုင်စင် နှစ်မျိုးဖြစ်သည့် လုပ်ငန်းလိုင်စင် (ဃ) နှင့် (င) ကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံ ဓာတုဗေဒလုပ်ငန်းက ဇွန်လ ၉ ရက်မှ စတင်ထုတ်ပေးနေကြာင်း သိရသည်။
မြန်မာ့ ရေနံ ဓာတုဗေဒလုပ်ငန်း၏ ရက် ၁၀၀ စီမံချက်အရ ရေနံဓာတ်ငွေ့ရည် ကျယ်ကျယ်ပြန့်ပြန့် ပိုမို အသုံးပြုလာနိုင်ရေးနှင့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒီဇင်ဘာ ၃၁ ရက်အထိ ယာယီလိုင်စင်များကို အခမဲ့ ထုတ်ပေးသွားမည် ဖြစ်သည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံ ဓာတုဗေဒလုပ်ငန်း ဒုညွှန်ကြားရေးမှူး ဦးမောင်မောင်သော်က “ရက် ၁၀၀ စီမံချက်အတွင်း ယာယီလိုင်စင်ကို တနိုင်ငံလုံး အတိုင်းအတာနဲ့ ထုတ်ပေးဖို့ စာရင်းကောက်ထားတယ်။ ရက် ၁၀၀ အတွင်းမှာ ပိုက်ဆံတပြားမှ မပေးရဘူး။ ဆိုင်တွေ ဗရမ်းဗတာဖြစ်နေတာကို စနစ်တကျဖြစ်အောင် ဆောင်ရွက်တာပါ” ဟု ပြောသည်။
ရေနံဓာတ်ငွေ့ရည်လုပ်ငန်း လုပ်ကိုင်သူများအတွက် လုပ်ငန်းလိုင်စင် အမျိုးအစား ၅ မျိုး သတ်မှတ်ထားသော်လည်း၊ ယခင်က လုပ်ငန်းလိုင်စင် အမျိုးအစား ၂ မျိုးဖြင့်သာ လုပ်ကိုင်ခွင့်ပြုခဲ့ပြီး၊ ယခုအစိုးရသစ် လက်ထက်မှသာ လုပ်ငန်းလိုင်စင် အမျိုးအစား ၅ မျိုးလုံး လုပ်ကိုင်ခွင့်ပြုလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
လုပ်ငန်းလိုင်စင် (ဃ) အမျိုးအစားဆိုသည်မှာ ဖြည့်တင်းပြီး ရေနံဓာတ်ငွေ့ရည် အိုးများကို သိုလှောင်ရုံဖြင့် သိုလှောင် ဖြန့်ဖြူးခြင်း၊ လုပ်ငန်းလိုင်စင် (င) အမျိုးအစားဆိုသည်မှာ ဖြည့်တင်းပြီး ရေနံဓာတ်ငွေ့ရည် အိုးများကို တိုက်ခန်း၊ ဆိုင်ခန်းများဖြင့် သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းတို့ ဖြစ်သည်။
ဒုညွှန်ကြားရေးမှူး ဦးမောင်မောင်သော်က “ရန်ကုန်တိုင်းက စပြီး စုံတဲ့အတွက် ရန်ကုန်တိုင်းခရိုင်လေးခုမှာ တိုင်းရောင်းဝယ်ရေး အရာရှိထံကို စာရင်းရောက်နေတာ ဆိုင် ၁၈၆ ဆိုင် ရှိတယ်။ ဒီနေ့ ရန်ကုန်တောင်ပိုင်းနဲ့ မြောက်ပိုင်းခရိုင်ကို စတင်ပေးမှာ ဖြစ်ပါတယ်။ ဒီဇင်ဘာ ၃၁ ထိ ပေးမယ်။ အောက်တိုဘာ၊ နိုဝင်ဘာမှာ ကွင်းဆင်းစစ်မယ်။ စည်းကမ်းကိုက်ညီရင် လိုင်စင်ကြီး ထုတ်ပေးမယ်။ အဲဒီခါမှာ လိုင်စင်ကြေး ပေးဆောင်ရပါမယ်” ဟု ဆက်ပြောသည်။
ချထားပေးမည့် လုပ်ငန်းလိုင်စင် အမျိုးအစားများအတွက် လက်ရှိ နှစ်စဉ်ကြေး ပေးဆောင်ရမည့် နှုန်းထားမှာ လုပ်ငန်းလိုင်စင် (ဃ) အမျိုးအစားအတွက် သိုလှောင်ရုံ ဧရိယာစတုရန်းပေ ၁၀၀ လျှင် ကျပ် ၁ သောင်း၊ လုပ်ငန်းလိုင်စင် (င ) အမျိုးအစားအတွက် ကျပ် ၅ သောင်း သတ်မှတ်ထားကြောင်း သိရသည်။
ရွှေပြည်သာမြို့နယ်တွင် ရေနံဓာတ်ငွေ့ရည် လက်လီအရောင်းဆိုင် ဖွင့်လှစ်ထားသည့် ဒေါ်တင်မိုးခိုင်က “အခု လုပ်ကိုင်တဲ့ပုံစံက ခေါင်းရင်း ၅ အိမ်၊ ခြေရင်း ၅ အိမ် လက်မှတ်ရပြီဆိုတာနဲ့ စည်ပင်ကို သွားလျှောက်ရတယ်။ လိုင်စင်ကြေး အနေနဲ့က တနှစ်ကို သက်တမ်းတိုးရင် ၆ သောင်းပေးရတယ်။ အခုက မေလအတွင်းက လိုင်စင် သက်တမ်းတိုးပြီးမှ အခုတခါ ဒီလိုင်စင် ထုတ်ပေးမယ်ဆိုတာ ဘာမှ မသိသေးဘူး” ဟု ဆိုသည်။
လက်ရှိတွင် ရေနံဓာတ်ငွေ့ရည် လက်လီရောင်းချသည့် ဆိုင်များအနေဖြင့် စည်ပင်ဌာနသို့ ပေးဆောင်ရသည့် လိုင်စင်ခသည် လုပ်ငန်းလိုင်စင်အနေဖြင့် ပေးဆောင်ရခြင်းသာဖြစ်ပြီး၊ ရေနံဓာတုဗေဒလုပ်ငန်းက ချထားသည့် လိုင်စင်နှင့် တူညီမှုမရှိကြောင်း မြန်မာ့ ရေနံဓာတုဗေဒလုပ်ငန်းမှ သိရသည်။
တိုင်းရောင်းဝယ်ရေးအရာရှိ ဦးတင်နိုင်စိုးက “ စည်ပင်လိုင်စင်ဆိုတာက လုပ်ငန်းလိုင်စင်ကိုပေးတာ။ သိုလှောင်ဖြန့်ဖြူး ရောင်းချတာနဲ့ ပတ်သက်ရင် လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ချပေးတဲ့ လိုင်စင်ကပဲ အကျုံးဝင်တယ်” ဟု ပြောသည်။
လုပ်ငန်းလိုင်စင် (က) အမျိုးအစားမှာ ဓာတ်ငွေ့ရည်ကို ပြည်ပမှတင်သွင်း၍ တင်/ချ ဆိပ်ခံတံတား အပါအဝင် သိုလှောင်စခန်းဖြင့် သိုလှောင်ဖြန့်ဖြူးခြင်း၊ လုပ်ငန်းလိုင်စင် (ခ) အမျိုးအစားမှာ ရေနံဓာတ်ငွေ့ရည်ကို ပြည်ပမှတင်သွင်း၍ သိုလှောင်ကန်၊ သိုလှောင်ရုံဖြင့် သိုလှောင်ဖြန့်ဖြူးခြင်း၊ လုပ်ငန်းလိုင်စင် (ဂ) အမျိုးအစားမှာ ရေနံဓာတ်ငွေ့ရည်ဖြင့် သိုလှောင်ဖြန့်ဖြူးခြင်းတို့ ဖြစ်သည်။