မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုနှုန်းမှာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ၆.၅ ရာခိုင်နှုန်းခန့်မှန်းခဲ့ရာမှ ယခု ၇ ရာခိုင်နှုန်း ရှိသည်ဟု ကမ္ဘာ့ဘဏ်က မေလကုန်က ပြောဆိုခဲ့သည်။
ကမ္ဘာ့ဘဏ် ခန့်မှန်းခဲ့မှုအရ မြန်မာနိုင်ငံ၏ စီးပွားရေးသည် ပြီးခဲ့သည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ၈.၅ ရာခိုင်နှုန်း ဖြစ်ခဲ့ရာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် အနည်းငယ်ဖွံ့ဖြိုးမှုနှုန်း လျော့ကျခဲ့ကြောင်း တွေ့ရသည်။
ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် မိုးရာသီ မုတ်သုန်မိုးပြင်းထန်စွာ ရွာသွန်းခဲ့သည့် အတွက် မြန်မာနိုင်ငံ အနောက်ပိုင်းနှင့် အလယ်ပိုင်းတွင် ရေလွှမ်းမိုးမှုများ ဖြစ်ပွားခဲ့ပြီး ထုတ်လုပ်မှုနှင့် နိုင်ငံခြားတင်ပို့မှုကို ထိခိုက်စေခဲ့သည်ဟု ကမ္ဘာ့ဘဏ်က ဆိုသည်။
ဖြစ်ပေါ်နေဆဲ ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ အတားအဆီးများ ၊ နိုင်ငံခြား ငွေလဲနှုန်းဆိုင်ရာ ဖိအားများနှင့် ငွေကြေးဖောင်းပွမှု မြင့်တက်ခြင်းတို့က ဖွံ့ဖြိုးတိုးတက်မှုအပေး ဝန်ထုပ်ဝန်ပိုး ဖြစ်စေခဲ့ကြောင်းလည်း ထောက်ပြထားသည်။
ထိုသို့ လျော့ကျခဲ့သော်လည်း မြန်မာ့စီးပွားရေးအလားအလာမှာ ခိုင်မာ အားကောင်းနေဆဲ ဖြစ်သည်ဟု ကမ္ဘာ့ဘဏ်က ဆိုခဲ့သည်။
“ မြန်မာနိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုက ပြီးခဲ့တဲ့ နှစ်မှာ လျော့ကျခဲ့ပေမယ့် ပြောင်းလဲရေးနဲ့ မြန်မာပြည်သူတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အင်အားကောင်းတဲ့ အင်ဂျင်တခုအနေနဲ့ ရှိနေတုန်းပါပဲ” ဟု ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ မန်နေဂျာ Abdoulaye Seck က ပြောသည်။
၂၀၁၁ ခုနှစ်တွင် စစ်အစိုးရက အရပ်သားတပိုင်း အစိုးရထံသို့ အာဏာလွှဲပြောင်းပေးခဲ့သည့် အချိန်မှစ၍ အနောက်နိုင်ငံများက အရေးယူပိတ်ဆို့မှု အများစုကို ပယ်ဖျက်ပေးခြင်းနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ နိုင်ငံအတွင်း ဝင်ရောက်လာခြင်းတို့ ကြောင့် မြန်မာ့စီးပွားရေး ရှေ့သို့ တက်လာခဲ့သည်။
အရပ်သားစစ်စစ် ဦးဆောင်သည့် ရွေးကောက်ခံ အစိုးရတခုလက်သို့ ငြိမ်းချမ်းစွာ အာဏာ လွှဲပြောင်းပေးနိုင်ခဲ့ခြင်းကြောင့်လည်း ပိုမိုကောင်းမွန်သည့် အနာဂတ်အတွက် မျှော်လင့်မှုများကို အလွန်မြင့်တက်စေခဲ့ပါသည်။
သို့သော် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရအတွက် ကြီးမားသော စိန်ခေါ်မှုများ ရှိနေသည်။ အာရှအဆင်းရဲဆုံးနိုင်ငံများထဲတွင် အပါအဝင်ဖြစ်သော မြန်မာနိုင်ငံသည် အခြေခံအဆောက်အဦ ချို့တဲ့မှု၊ သယံဇာတ အရင်းအမြစ်ကြွယ်ဝသည့် နယ်စပ်ဒေသများမှ ပဋိပက္ခများ၊ စစ်တပ်က ဆက်လက် သြဇာလွှမ်းမိုးနေခြင်းနှင့် မြန်မာ့စီးပွားရေးကို ဆက်လက်ချုပ်ကိုင်ထားကြသည့် စစ်အစိုးရလက်ထက် ခရိုနီများကြောင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှု ထင်သလောက် ခရီးမပေါက် ဖြစ်မည်ကို စိုးရိမ်နေရသည်။