Facebook မှာ စိန်တလုံး သရက်သီးတွေကို ထုတ်ပိုးမှု စနစ်ကောင်းကောင်းနဲ့ Delivery ရောင်းချနေတဲ့ Mangognam (https://www.facebook.com/mangognam) ဆိုတဲ့ Page တခုရှိပါတယ်။ သရက်သီးတွေကို ပြည်တွင်း City Mart လို နေရာမျိုးတွေနဲ့ Online Delivery ရောင်းချရုံသာမက မြန်မာပြည် ကထွက်တဲ့ စိန်တလုံး သရက်သီးကို နိုင်ငံခြားကို ထုတ်ပိုးမှု စနစ်ကောင်းကောင်းနဲ့ တင်ပို့ ရောင်းချနေတာ စိတ်ဝင် စားစရာကောင်းပါတယ်။
ဒါကြောင့်မို့လို့ Facebook မှာ လတ်တလော နိုင်ငံခြားသားတွေ အွန်လိုင်းမှတဆင့် မှာစား နေကြတဲ့ သရက်သီး Mangogam Facebook Page တည်ထောင်ထားတဲ့ Thura Swiss Company ၏ Chief Executive Officer ဦးအောင်သူရကို ဧရာဝတီ သတင်းထောက် သီဟတိုးက ဆက်သွယ် မေးမြန်းထားပါတယ်။
မေး။ ။ ပထမဆုံး အကိုတို့ Mangognam အကြောင်းလေးကို မိတ်ဆက်ပေးပါ။ Mangognam ဆိုတာ ဘာလဲ။
ဖြေ။ ။ Mangognam ဆိုတာ Brand တခုထုတ်ထားတာပါ။ အဓိကကတော့ သရက်သီးတွေကို Promote လုပ်ဖို့ အတွက်ပါ။ ကျနော်တို့ ကိုယ့်ခြံစိုက်သရက်သီးတွေကို ပြည်တွင်းမှာရော ပြည်ပမှာရော Marketing လုပ်ဖို့ လုပ်ထားတဲ့ Brand တခုပါ။
မေး။ ။ Mangognam ကို ဘယ်အချိန်က စလုပ်ဖြစ်ခဲ့တာလဲ။
ဖြေ။ ။ ကျနော်တို့ စလုပ်တာကတော့ ခြံစိုက်တာကတော့ ကြာပါပြီ။ အဓိကစလုပ်တာကတော့ လှည်းကူးမှာ ခြံတခုရှိတယ်။ အဝေးပြေးမှာလည်း ခြံတခု ရှိပါတယ်။ ခါတိုင်းကတော့ကျနော်တို့ Brand ထုတ်ပြီး မလုပ်ဘူး။ ကိုယ်ကိုယ်တိုင် Distribution တွေ ဘာတွေ မလုပ်ဘဲနဲ့ ဘယ်လိုလုပ်လဲဆိုရင် တခါတလေကျရင်တော့ ခြံပြတ် ရောင်းတာတို့ ခြံမှာလာခူးပြီး ရောင်းတာတို့ အရင်နှစ်တွေတုန်းကတော့ အဲ့လို ရောင်းခဲ့ပါတယ်။
ဒီနှစ်ကျတော့ ကျနော်က စမ်းချင်တော့ကိုယ်ကိုယ်တိုင်များ Distribution လုပ်ကြည့်မယ်။ နိုင်ငံခြားကို Export လုပ်ဖို့ လုပ်ကြည့် မယ်ဆိုရင် ဘယ်လောက်ထိ အဆင်ပြေနိုင်မလဲဆိုတာ စမ်းကြည့်တဲ့သဘောပေါ့။ အဲ့ဒါကို စမ်းကြည့်လို့ အဆင်ပြေရင်တော့ နောက်နှစ်တွေထပ်လုပ်ဖို့ စဉ်းစားထားပါတယ်။
မေး။ ။ ခြံစိုက်တာ ဘယ်နှစ်နှစ်ရှိပြီလဲ။
ဖြေ။ ။ ကျနော်တို့ ခြံစိုက်တာ လှည်းကူးမှာကတော့ ၂၀၀၅၊ ၂၀၀၆ ခုနှစ်လောက်ကတည်းက စစိုက်တာ စိန်တလုံး ခြံ ပေါ့လေ။ အဝေးပြေးလမ်းမှာတော့ စိုက်တာ ၅ နှစ်၊ ၆ နှစ်လောက်ရှိပြီ။
မေး။ ။ အစ်ကိုတို့ သရက်သီးက ပြည်ပကို ရောင်းတာဆိုတော ဘယ်နိုင်ငံတွေကို ရောင်းတာလဲ။
ဖြေ။ ။ ကျနော်ကတော့ ဒီနှစ်ကို စပြီးစမ်းကြည့်တဲ့ သဘောဆိုတော့ ဒီနှစ်ကိုတော့ စင်ကာပူကို Export အရင် လုပ်ကြည့်တယ်။ နောက်နှစ် တွေ ကျရင်တော့ ကျန်တဲ့ တိုင်းပြည်တွေကို Export လုပ်ဖို့ ချိတ်ဖို့ ကြိုးစား နေပါတယ်။ ဒီနှစ်ကတော့ ကျနော် စင်ကာပူကိုပဲ Export လုပ်ဖြစ်ပါတယ်။
မေး။ ။ ပြည်တွင်းမှာကျတော့ ဘယ်နေရာတွေကို ရောင်းလဲ။
ဖြေ။ ။ ပထမဆုံး ကျနော်စလုပ်ခဲ့တဲ့အချိန်တုန်းကတော့ ကိုယ့်ဘာသာကိုယ် Marketing လုပ်ခဲ့တယ်။ ဘယ်လို လုပ်လဲဆိုတော့ Facebook မှာ တင်တယ်။ Facebook ကနေပြီးတော့ ရောင်းတယ်၊ ကျနော်တို့ ရုံးကနေ လည်း ရောင်းတယ်၊ နောက်ပြီး Facebook ကနေ မှာတဲ့သူတွေကို Deliver တင်ပြီးလုပ်တယ်။
အဲဒါလေးတွေ စိတ်ဝင်စားတဲ့သူတွေ ရှိတော့ တချို့ကလည်း ရုံးမှာလာဝယ်ကြတဲ့ သူတွေရှိတယ်။ နောက်ကျတော့လည်း နည်းနည်းလေး အဆင်ပြေလာတဲ့ အချိန်ကျတော့ နာမည်ထွက်လာတဲ့အချိန်ကျတော့ ကျနော်တို့ City Mart မှာလည်း တင်ရောင်းပါတယ်။
မေး။ ။ သရက်သီးကို အလုံးလိုက်ရောင်းတာလား၊ ဘယ်လိုပြုပြင်ပြီးရောင်းသေးလဲ။ ဥပမာ – သရက်သီး ခြောက် တို့၊ သရက်သီးယိုတို့လို ပြုပြင်ရောင်းသေးလား။
ဖြေ။ ။ ဒီနှစ်မှ စပြီးတော့ လုပ်ဖြစ်တာဆိုတော့ ပထဆုံးကတော့ အလုံးလိုက်ရောင်းတယ်။ အဲဒါကတခု၊ နောက်တခုကတော့ အခြောက်လှမ်းတဲ့ စက်လည်း မှာထားတယ်။ မှာထားပြီးတော့ စပြီး Testing လုပ်ကြည့် နေတယ် ဘာတွေ လိုအပ်တယ်၊ ဘာတွေထည့်ရတယ်၊ အရောင်တွေကအစ လေ့လာနေပါတယ်။ ဒီနှစ်တော့ Commercially တော့ရောင်းဖြစ်မယ် မထင်ဘူး။ ဘယ်လောက်အထိ အဆင်ပြေနိုင်မယ် မပြေနိုင်ဘူး ဆိုတာကတော့ ကျနော် စမ်းကြည့်နေတုန်းပေါ့။ တကယ်အဆင်ပြေနိုင်ရင် နောက်နှစ်ကိုတော့ ကျနော် Commercially လုပ်မယ်လို့ စဉ်းစားထားပါတယ်။
မေး။ ။ အစ်ကိုတို့ဆီမှာ သရက်သီးက စိန်တလုံးတမျိုးပဲ ရောင်းတာလား၊ နောက်ဘယ်အမျိုးအစားတွေ ရှိသေးလဲ။
ဖြေ။ ။ ကျနော်တို့က လှည်းကူး ခြံမှာတော့ စိန်တလုံးစိုက်ထားတယ်။ နောက်အဝေးပြေးဆိုင်မှာတော့ Australia မျိုးတမျိုး စိုက်ထားတယ်၊ R2E2 လို့ ခေါ်တယ်။ အလုံးကတော့ တော်တော်လေးကြီးတယ်။ တလုံးကို ၁ ကီလို လောက်တော့ ရှိတယ်။ သူကတော့ တော်တော်ကြာကြာ ခံတယ်။ အရသာက စိန်တလုံးလောက်တော့ မချိုဘူး၊ ဒါပေမယ့် နိုင်ငံခြားသားတွေကတော့ အဲဒါကို ကြိုက်တယ်။ သူတို့ကကျ အရမ်းချိုတာ မကြိုက်ဘူး။
မေး။ ။ ဒီသရက်သီးတွေကို စိုက်ပျိုးတဲ့အခါမှာ Organic စိုက်တာလား။
ဖြေ။ ။ ကျနော်တို့ကတော့ Organic ရယ်လို့တော့ clam မလုပ်ပါဘူး။ လှည်းကူးဘက်မှာတော့ ဆေးတော့ သိပ်မသုံးထားပေမယ့် အဝေးပြေးလမ်းမပေါ်မှာတော့ မြေသြဇာနဲ့ ပိုးသတ်ဆေးတွေတော့ သုံးပါတယ်။ ကျနော်တို့သုံးတဲ့အချိန်မှာတော့ စံချိန်မီအောင်နဲ့ လူကိုအန္တရာယ်မဖြစ်အောင်တော့ ဂရုစိုက် ပြီးတော့ လုပ်တယ်။
ခူးခါနီး ဥပမာ R2E2 အသီးတွေဆိုရင် ၁ လ၊ ၂လ ဆိုရင် ဆေးမဖျန်းတော့ဘူး။ မြန်မာပြည်မှာ ကျတော့ Organic ကို တကယ်လုပ်တယ်ဆိုရင်လည်း လူတွေကတော့ Organic ကို စားချင်ကြတဲ့သူ များတယ်။ တကယ့် Oragnic တွေက အထွက်နှုန်းကလည်း ပိုနည်းတာကိုး။ ကျန်တဲ့ တိုင်းပြည်တွေမှာဆိုရင် Organic ဆိုရင်ပိုက်ဆံဈေးပိုကြီးတယ်လေ၊ အဲ့လိုမျိုး တကယ်ပေးချင်တဲ့သူကလည်း မရှိဘူးဆိုတော့ လက်ရှိ ကတော့ ကျနော်တို့ Organic မလုပ်ဖြစ်သေးဘူး။
မေး။ ။ သရက်သီးတွေကို အလုံးရေလှအောင်နဲ့ ထုပ်ပိုးမှုစနစ်ကို နိုင်ငံတကာ စံချိန်စံညွှန်းညီအောင် ဘယ်လို လုပ်လဲ သိချင်ပါတယ်။
ဖြေ။ ။ စိန်တလုံးတွေကျတော့ ပထမဆုံး အိတ်စွပ်တယ်။ အိပ်စွပ်တယ်ဆိုတာ သီးလေးတွေ အရွယ်အစား နည်းနည်းရှိလာပြီဆိုရင် ကျနော်တို့ အိတ်လေးတွေ စွပ်လိုက်တယ်၊ အိတ်စွပ်တဲ့အတွက် အလုံးလေး တွေက ချောသွားတယ်၊ အရောင်လေးတွေက လှလာတယ်။ အဝါရောင်လေးတွေ ဖြစ်လာတယ်။
ပြီးတော့ သူတို့မှာ အစက်အပျောက် တွေဘာတွေလည်း သိပ်မရှိတော့ဘူးပေါ့၊ အိတ်မစွပ်ရင် ဘယ်လိုမျိုး ကွာလဲဆိုတော့ မိုးရွာတဲ့ အခါကျရင် အိတ်မစွပ်ရင် အရောင်တွေ သိပ်မလှတော့ဘူးပေါ့၊ အိတ်စွပ်ထားတဲ့ အလုံးကျတော့ အဲ့လိုမဖြစ်ဘူး။ အဲ့တော့ စိန်တလုံးကိုတော့ ကျနော်တို့ အိတ်စွပ်တယ်။
R2E2 ကိုတော့ ကျနော်တို့မလုပ်ဘူး ဒီအတိုင်းပဲ ထားတယ်၊ အလုံးကတော့ သိပ်ပြီး Sensitive မဖြစ်ဘူး။ ဒါပေမယ့် နောက်နှစ် ကျရင်တော့ ကျနော် စဉ်းစား ထားတယ် R2E2 ကိုလည်း အိတ်အဖြူလေးတွေ စွပ်ဖို့ စဉ်းစားထားပါတယ်။
နောက်ဆုံး နိုင်ငံခြားကို စံချိန်မီအောင်တော့ ပို့ဖို့ Processing အပိုင်းကလည်း အရမ်းအရေးကြီးတယ်။ မြန်မာပြည် မှာ Quality က ဘယ်နေရာတွေမှာ ကျသွားလဲဆိုတော့ သရက်သီးခူးတဲ့အချိန်မှာ နေ့လည်ဘက် နေပူကြတ်တဲ့ အချိန်ကြီးမှာ ခူးတာ မကောင်းဘူး။ နောက် ခူးပြီးသွားရင် အရိပ်ထဲမှာ ထားရတယ်၊ နောက် အသီးတွေကို ခူးတဲ့အခါမှာ အညှာနားကနေ မဖြတ်ရဘူး၊ အဖျားကိုရှည်ရှည်လေး ဖြတ်လိုက်တဲ့အခါ အစီးတွေ ဘာတွေ မကျဘူး။
နောက် မနက်စောစောထပြီးတော့ မနက် ၁၀ နာရီ အထိကိုပဲ ခူးရတယ်။ ၁၀ နာရီ နောက်ပိုင်း မခူးရဘူး။ ပြီးတော့ တနေရာတည်းမှာစုပြီးတော့ အစီးကို ထုတ်ရတယ်။ အညှာကို တိုတိုလေး ညှပ်ပြီးတော့ ပြောင်းပြန် လှန်ပြီး ဇကာပေါ်တင်လိုက်ရတယ်။ ဇကာကို တင်တော့ ဘာဖြစ်လဲဆိုတော့ အခွံပေါ် အစီး မကျ တော့ဘူး။ အခွံပေါ်အစီးကျရင် အခွံနာသွားတတ်တယ် အခွံနာ သွားတော့ အသီးက မလှတော့ဘူး။ အဲ့ဒါတွေတော့ သတိထားဖို့လိုပါတယ်။
အစီးကို ဘယ်လို ထုတ်ရတယ်၊ နောက်ဆေးရတယ်၊ brush နဲ့ တိုက်တယ်၊ တိုက်ပြီးတော့ ရေနွေးစိမ်ရတယ်။ မှိုသတ်ချင်တယ်ဆို အပူချိန် တမျိုးနဲ့ စိမ်ရတယ်ပေါ့၊ နိုင်ငံခြားကို Export လုပ်မယ်ဆိုရင် ရေနွေးနဲ့စိမ်ရတယ် နောက်ရေခြောက်အောင် Dryer နဲ့ ပြန် အခြောက်ခံရတယ်။ အဲ့ဒါမှုတ်ပြီးတော့မှ အအေးခန်းထဲကို ထည့်ရ တယ်။ အအေးခန်းထဲ ထည့်တာလည်း ၂၄ နာရီ အတွင်းထည့်ရတယ်ပေါ့၊ ၂၄ နာရီ အတွင်း မထည့်ရင်တော့ အသီးက သိပ်မခံဘူး ပေါ့။ ပြီးရင် အအေးခန်းထဲထည်ပြီးရင် တောက်လျှောက် အအေးခံ သွားရမယ်ပေါ့။ အသီးစိုက်ရုံပဲ မဟုတ်ဘူးပေါ့၊ နိုင်ငံခြားကို Export လုပ်မယ်ဆိုရင် အဲ့ဒါမျိုးတွေကိုလည်း သေချာလုပ်ရမယ်။ ပြီးရင် Export လုပ်တယ် ဆိုရင် အသီးတွေ အရွယ်ချင်းတူတာတွေ၊ အလုံးလှတာ လေးတွေကို ရွေးထုတ် ရတယ်။
မေး။ ။ မြန်မာပြည်က သရက်သီးကို နိုင်ငံခြားသားတွေ အဓိကနှစ်သက်တဲ့ အကြောင်းအရင်းက ဘာများ ဖြစ်မလဲ။
ဖြေ။ ။ လူတွေ နှစ်သက်တာကတော့ စိန်တလုံးဆိုရင်တော့ ချိုလို့နှစ်သက်ကြတာပေါ့။ အနံ့လည်းမွှေးတယ်၊ ချိုလည်း ချိုတယ်ဆိုတော့ လူတော်တော်များများက နှစ်သက်ကြတယ်ပေါ့။ သိတဲ့သူတွေကတော့ အများကြီး မရှိသေးဘူးပေါ့။ ဒါပေမယ့် တဖြည်းဖြည်းနဲ့ စားဖူးတဲ့သူတွေကတော့ ကြိုက်ကြတယ်ပေါ့။ ဝယ်ကြတယ်ပေါ့၊
နည်းနည်းအခက်အခဲကတော့ မြန်မာပြည်က လူတွေကို Export လုပ်မယ်ဆိုရင် လက်ရှိက လေယာဉ်တွေနဲ့ Export လုပ်မှ အဆင်ပြေတယ်ပေါ့နော်။ ကွန်တိန်နာတွေနဲ့ လုပ်ဖို့ကျတော့ အဆက်အသွယ်က သိပ်ပြီးတော့ မကောင်းတဲ့ အခါကျတော့ သိပ်ပြီးအဆင်မပြေသေးဘူး။ စိန်တလုံးရဲ့ အခက်အခဲတခုကကျတော့ သူက ကြာကြာမခံဘူး။
Export လုပ်မယ်ဆိုရင် ချက်ချင်း Export လုပ်၊ ချက်ချင်း Processing လုပ်ပြီးတော့ မြန်မြန်ဆိုင်တွေတင်မှ အဆင်ပြေတယ်။ တချို့တခြားအလုံးတွေ ကျနော်တို့စိုက်တဲ့ R2E2 အလုံးတွေကျတော့ အကြာကြီးခံတယ်။ သူက သုံးလေးပတ်၊ တစ်လအကြာကြီးခံတဲ့အခါကျတော့ နိုင်ငံခြားကို ထိုးဖောက်မယ် ဆိုရင် လွယ်တယ်ပေါ့၊ စိန်တလုံးကျတော့ ကြာကြာမခံတဲ့အခက်အခဲရှိတယ်ပေါ့။
မေး။ ။ မြန်မာ့သရက်သီးတွေထဲမှာ စိန်တလုံးအပြင် တခြားဘယ်သရက်သီးတွေကရော နိုင်ငံခြားကိုပို့ဖို့ အရည်အသွေး မှီတာတွေရှိလဲ။
ဖြေ။ ။ ကျနော်ထင်တာကတော့ အများကြီးကိုကြိုးစားလို့ရှိရင် မအောင်မြင်နိုင်ဘူး၊ တမျိုး နှစ်မျိုး လောက်ကိုပဲ Specialize လုပ်နိုင်ရင် ပိုကောင်းမယ် ထင်တယ်။ တချို့က ကျနော်က သရက်သီး ရောင်းတာဆိုတော့ သူတို့သရက်သီးတွေ ကျနော့်ကို လာပေးတာတွေရှိတယ်၊
သူတို့ခြံထဲမှာထွက်တဲ့သရက်သီးတွေပေါ့၊ အလုံး ကောင်း တွေဆိုရင် ပေးတယ်ပေါ့။ အဲ့ဒါတွေ စိုက်ပြီးတော့ ရောင်းပါလားဆိုပြီး၊ အလုံးတွေက စားကြည့် လိုက်တော့ ကောင်းတယ်၊ ချိုလည်းချိုတယ်၊ ဒါပေမယ့် မသိသေးတဲ့အမျိုးတခုကို export လုပ်မယ် ဆိုရင် အရမ်းကြီး မလွယ်ဘူး။
အပင် ၁၀၀၊ ၂၀၀ လောက်စိုက်ပြီးတော့ export လုပ်မယ်ဆိုရင် အဲ့ဒါကို ထိုးဖောက်ဖို့ အတွက် ဈေးကွက် တခုမှာ မသိတဲ့ဟာမျိုးကို သွားပြီးတော့ ထိုးဖောက်မယ်ဆိုရင် များများ ဝယ်ချင်တဲ့ အခါကျ ရင် ကိုယ်က Deliver မလုပ်နိုင်ရင် မကောင်းဘူး။
ဒါကြောင့်မို့လို့ တိုင်းပြည်တိုင်း တိုင်းပြည်တိုင်းက တကယ် ထိုးဖောက်ချင်ရင် တမျိုး၊ ၂ မျိုးလောက်ပဲ ထိုးဖောက်နိုင်တယ်။ အများကြီးတွေလုပ်ဖို့အဆင်မပြေဘူးပေါ့၊ မြန်မာပြည်မှာဆိုရင် စိန်တလုံးကို အဓိကထားရင် စိန်တလုံးကို လုပ်ပေါ့၊ ဗီယက်နမ်ဘက်ဆိုရင် R2E2 ကို စိုက်တယ်လေ။
သြစတြေးလျတို့ မှာလည်းစိုက်တယ်ပေါ့၊ အဓိကက ဈေးကွက်ကို ဖောက်ထွက်နိုင်မယ့် အသီးကို ဦးစားပေးရတယ်ပေါ့၊ တခါတလေကျရင် ဒီအသီးလေးက အရမ်းကောင်းတယ်ဆိုပြီးကိုယ်က စိုက်တယ် ဈေးကွက်မှာ မထိုးဖောက်နိုင်ဘူး၊ အဲ့တော့ အဲ့ဒါလေးတော့ စဉ်းစားရတယ်။
မေး။ ။ Mangognam က ရှေ့ဆက်ပြီးတော့ လုပ်သွားမယ့် အလုပ်တွေကိုလည်း သိချင်ပါတယ်။
ဖြေ။ ။ လာမယ့်နှစ်ကျရင်တော့ ဝယ်မယ့် တိုင်းပြည်တွေရဲ့ ဈေးကွက်တွေ ထပ်ရှာမယ်။ စင်ကာပူအပြင် တခြား ဘယ်နိုင်ငံတွေမှာ ဈေးကွက်ရှိမလဲ ဆိုတာကို ထပ်ရှာမယ်။ Middle East တို့ ဘာတို့ ဘက်ကိုလည်း နည်းနည်း ကြိုးစားမယ်။ နောက်တခုက ကျနော်တို့ခြံကိုလည်း နိုင်ငံတကာ စံချိန်မီအောင် သေချာလုပ်မယ်။ နောက်တခုကျတော့ အလုံးကြီးပဲ ရောင်းတာ မဟုတ်ဘူးပေါ့၊ နည်းနည်း Valuable Product သစ်တွေ ထုတ်လုပ်ဖို့ ကြိုးစားမယ်။
အဲဒါက ဘယ်လိုမျိုးဖြစ်နိုင်သလဲ ဆိုတော့ အခြောက်လှမ်းတာပဲဖြစ်ဖြစ်၊ ယိုးဒယားမှာဆိုရင် သရက်သီးတွေ အခြောက်လှမ်းတာတို့၊ ချောကလက် စိမ်တာတို့၊ နောက်တခုကျတော့ သရက်သီးအနှစ်ကိုဖျော်ပြီးတော့ တနှစ်လုံး စားသောက်ဆိုင်တွေမှာ သရက်သီး ဖျော်ရည်တွေ လုပ်လ ရနိုင်အောင် အဲ့ဒါလေးတွေလည်း ကျနော်တို့ ကြိုးစားသွားပါမယ်။
မေး။ ။ Mangognam အနေနဲ့ ဘာများ ထပ်ပြီး ပြောချင်ပါသေးလဲ။
ဖြေ။ ။ ကျနော်တို့ကတော့ ဒီနှစ်က နည်းနည်းစမ်းပြီးတော့ စလုပ်တဲ့အခါကျတော့ လူတွေက ဘယ်လောက်အထိ စိတ်ဝင်စားနိုင်မလဲ၊ ဘယ်လောက်အထိ အောင်မြင်နိုင်မလဲဆိုတာကို Test Try လုပ်ကြည့်တဲ့ သဘောပါ။
Mangognam ဆိုတဲ့ Brand ထုတ်ကြည့်တာပါ။ လူတွေတော်တော်များများကလည်း Mangognam ဆိုတဲ့ နာမည်ကို ဘာလို့ ပေးထားတာလဲဆိုပြီး မေးကြတာတွေရှိတယ်။ Mango ကတော့ သရက်သီးပေါ့။ “Gnam” က အီတာလျံဆိုရင် အရသာအရမ်းကိုကောင်းမွန်တယ်ဆိုရင် “Yummy… Yummy” ကို “Gnammy” လို့ ပြောတယ်။
ဘာထူးခြားလဲဆိုတော့ Mangognam ကို နောက်ဖက်ကနေ ပြောင်းပြန်လှန်ပြီး ဖတ်ကြည့်လိုက်ရင်လည်း Mangognam ပဲလေ။ ညာဘက်ကနေ ဘယ်ဘက်ကို ပြန်ဖတ်ရင်လည်း Mangognam ပဲ။ အဲ့ဒါလေးက နည်းနည်းထူးခြားပါတယ်။ ဒါကြောင့်မို့လို့ အဲဒီနာမည်လေး ပေးဖြစ်ခဲ့တာပါ။