အစိုးရက ဇွန်လ ၁ ရက်နေ့မှစတင်ပြီး ဝင်ငွခွန် ၁၅ ရာခိုင်နှုန်းဆောင်ပြီးမှသာ မော်တော်ယာဉ် တင်သွင်း ခွင့်ပြု လာခြင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကားတင်သွင်းရန် ခက်ခဲ လာခြင်းတို့ကြောင့် ပြည်တွင်း ကား ဈေးကွက် တွင် ကားဈေးနှုန်းများ မြင့်တက်လာကြောင်း စုံစမ်းသိရှိရသည်။
ဇွန်လ ၁ ရက်နေ့ အခွန်နှုန်း တိုးမြှင့်ကောက်ခံ ချိန်မှစ၍ ကားဈေးနှုန်းတွေမြင့်တက်ခဲ့ခြင်းဖြစ်ပြီး ကားတစီးလျှင် ပျမ်းမျှ ကျပ် ၁၀သိန်း နဲ့ အထက်ထိအောင် ဈေးတက်သွားခဲ့ကြောင်း ၊ဇွန်လဆန်းပိုင်းအတွင်းမှာတော့ ဈေးနှုန်း အမြင့် ပိုင်း မှာပဲ ဆက်လက် တည်ငြိမ်နေကြောင်း ဈေးကွက်အတွင်း မှ စုံစမ်းသိရှိရသည်။
“ဈေးကစားမှု တစ်ခုလို့ ဆိုရင်လည်း ရပေမယ့် လိုအပ်ချက်ကြောင့် အဓိက ဈေးတက်တာပေါ့။ အခွန် ၁၅ ရာခိုင်နှုန်း သတ်မှတ်လိုက်တော့ အခွန်ပိုဆောင် ထားရလို့ ကျပ် ၁၅သိန်းလောက် ထိအောင် ဈေးတက်သွား တယ်၊ အခွန်ပိုဆောင်ထားရလို့ ဈေးမြင့် သွားပေမယ့် ဝယ်လက်တော့ ရှိတယ်” ဟု ရန်ကုန်မြို့မှ ကားဝယ် ရောင်း တဦးက ပြောသည်။
ရန်ကုန်လိုင်စင်နဲ့ ကားသစ်တင်သွင်းခွင့် ခက်ခဲတာမို့ ဈေးကွက်အတွင်းမှာ နယ်လိုင်စင် ကားတွေသာ များပြားနေပြီး နယ်လိုင်စင်ကားတွေလည်း ဈေးနှုန်း လိုက်လံ မြင့်တက်နေတယ်လို့ သိရပါတယ်။
လတ်တလော ပြည်တွင်းကို တင်သွင်းလာတဲ့ တပတ်ရစ် နောက်ဆုံး နံပါတ်ရ ကားသစ်တွေကတော့ ဈေးနှုန်း မြင့်တက်နေပြီး အင်ဂျင်ပါဝါ ၁ ဒသမ ၈လီတာသုံး အင်ဂျင်တပ် မော်ဒယ် ကားအမျိုးအစား တွေမှာ ဝင်ငွေခွန် အပြင် အထူးကုန်စည် ခွန်ပါလာတာကြောင့် ဈေးတွေ ဆက်တိုက်မြင့်တက် နေ ကြောင်း သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ အငှားယာဉ် တင်သွင်းခွင့် လိုင်စင် ခက်ခဲခြင်း နဲ့ အိမ်စီးကားများကို အငှား ယာဉ်အဖြစ် ပြောင်းလဲခွင့် ပိတ်ပင်ထားတဲ့အတွက်လည်း အငှားယာဉ်ဈေးနှုန်းတွေ ဆက်တိုက်မြင့်တက် နေပြီး လူကြိုက်များတဲ့ အငှားယာဉ် နံပါတ် အနီ Probox ကားဈေးနှုန်းက ငွေကျပ် သိန်း ၁၃၀ နီးပါး၊ နံပါတ် အနီ Nissan AD Van ကားဈေးနှုန်းက ငွေကျပ် သိန်း ၁၀၀ နီးပါး ဈေးပေါက်နေတယ်လို့ ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရပါတယ်။