မြန်မာနိုင်ငံတွင် နိုင်ငံသားတိုင်း ပါဝင်လုပ်ကိုင်ခွင့်ရမည့် အစိုးရသစ် စီးပွားရေးမူဝါကို မကြာမီ အချိန်အတွင်း ထုတ်ပြန်မည် ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးကျော်ဝင်းက ပြောသည်။
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)တွင် ဇွန် ၁၃ ရက်နေ့ ပြုလုပ်သည့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးနှင့် လုပ်ငန်းရှင်များ တွေ့ဆုံသည့်ပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောဆို လိုက်ခြင်း ဖြစ်သည်။
“စီးပွားရေးမူဝါဒက ဝန်ကြီးအနေနဲ့ ပြောလို့မရဘူး။ အတည်ပြုချက် မရသေးဘူး။ ဒါပေမယ့် မကြာမီအချိန်အတွင်း(သို့) ဒီလ အတွင်း ဖြစ်လာမှာပေါ့။ နိုင်ငံသားအားလုံး လုပ်ကိုင်ခွင့်ရတဲ့ စီးပွားရေးမူဝါဒ ဖြစ်လိမ့်မယ်”ဟု ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း က ပြောသည်။
မြန်မာနိုင်ငံသစ်သီဝလံ စိုက်ပျိုးထုတ်လုပ်သူမျာအသင်း အတွင်းရေးမှူးဦးကျော်သူက “မူဝါဒထဲမှာ ဘာတွေပါမယ်ဆိုတာကို ပြော ထားတာမရှိဘူး။ ဆွဲနေတာပဲ သိတယ်။ စီးပွားရေးပေါ်လစီကောင်းကောင်း လိုချင်တယ်။ အခုက မတည်ငြိမ်ဘူး။ ဘယ် လုပ်ငန်း ကဏ္ဍတိုင်းမှာပဲဖြစ်ဖြစ် ခိုင်မာတဲ့ပေါ်လစီမရှိတော့ တနှစ် တခါဥပဒေပြုရင် လွှတ်တေ်ာ အတွင်းက အမတ် တွေနဲ့ ဥပဒေပြုရေးက ကော်မတီနဲ့ ပြည်သူကြားနဲ့ နှိုင်းယှဉ်ပြီး အားသန်တဲ့ဘက် ပါသွားတတ်တယ်။ အခွန်တွေ ပြောင်း တယ်။ လုပ်ငန်းရှင်တွေ အခက်အခဲဖြစ်ကြတယ်။ မျှတတဲ့ မူဝါဒရှိရင် အားလုံး အဆင်ပြေမယ်။အခွန်တွေ မှန်မှန် ရမယ်” ဟု ပြောသည်။
ဇွန်လ ၁၃ ရက်နေ့ တွေ့ဆုံပွဲတွင် ကျောက်မျက်လုပ်ငန်း၊ ရွှေလုပ်ငန်း၊ ခရီးသွားလုပ်ငန်း အပါအဝင် လုပ်ငန်းရှင်အများစုက အဓိက အား ဖြင့် အခွန်ဆိုင်ရာလျှော့ပေါ့ခွင့်ရရှိရေး တောင်းဆိုခဲ့ကြပြီး အစိုးရအနေဖြင့် တတ်နိုင်သမျှ စဉ်းစားပေး မည်ဖြစ် ကြောင်း ဝန်ကြီး ဦးကျော်ဝင်းက ပြောဆိုကြောင်း သိရှိရသည်။
ပြည်ထောင်စုဝန်ကြီးဦးကျော်ဝင်းက “အခွန်လျှော့ကိစ္စက အခွန်ကိုဖျက်သိမ်းပေးဖို့ မဟုတ်ဘူး။ ပြုပြင်ဖို့ပဲ လုပ်ရမယ်။ သူတို့ အားလုံးက မြန်မာနိုင်ငံ စီးပွားရေးကို တိုးတက်အောင်လို့အတွက် တထောင့်တနေရာက ပံ့ပိုးပေးမယ်။ ဝန်ကြီးတို့ စဉ်းစားပေးမယ်” ဟု ပြောဆိုသည်။
အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်အတွင်း စီးပွားရေးမူဝါဒများ ထုတ်ပြန်မှု မရှိခြင်းနှင့်ပတ်သက်၍ စီးပွားရေး ပညာရှင် အသိုင်း အဝိုင်း၊ စီးပွားရေး လုပ်ငန်းရှင် အသိုင်းအဝိုင်းတွင် ဝေဖန် ထောက်ပြ ပြောဆိုမှုများ မြင့်တက်လျက်ရှိပြီး အထူး သဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်လာရေး ဆွဲဆောင်ရန် အစိုးရက အရှိန်အဟုန်မြှင့် လုပ်ဆောင်သင့် သည့် ဆို သော အကြံပြု တိုက်တွန်းချက်များ ထွက်ပေါ်လျက်ရှိသည်။
စီးပွားရေးပညာရှင် ဒေါက်တာမောင်အောင်ကမူ “ခိုင်မာတဲ့ မူဝါဒ ချမှတ်ရမယ်။ ဖွံ့ဖြိုးတိုးတက်မှုနည်းဗျူဟာက အရေးကြီး လာပြီ။ အခု ကိုယ်နိုင်ငံက အခြေခံပဲ လုပ်နိုင်တယ်။ အခုထိ အလုပ်အကိုင်ပမာဏ ကြီးကြီးမားမား ဖန်တီးပေး တာ တွေ မရှိခဲ့ဘူး။ ဒါတွေကို များများ လုပ်ရမယ်။ ထုတ်ကုန်တန်ဖိုးတက်လာမှ ဖြစ်မယ်။ ဒါပေမယ့် တိုးတက်မှုသာရှိနေပြီး အခြေခံ လူတန်းစားအပေါ်ကို သက်ရောက်မှုမရှိရင်လည်း မဖြစ်ဘူး ရှိရမယ်”ဟု ပြောဆိုသည်။