စီးပွားရေး

လက်ဝါးကြီးအုပ် စီးပွားရေးသမားများကိုထိန်းချုပ်မည့် ယှဉ်ပြိုင်မှုဥပဒေ လာမည့်နှစ်တွင် စမည်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ဈေးကွက်အတွင်း လက်ဝါးကြီးအုပ် ရောင်းချသည့် စီးပွားရေးသမားများကို ထောင်ဒဏ် ၃ နှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်မည့် ယှဉ်ပြိုင်မှုဥပဒေသည် လာမည့် ၂၀၁၇ ခုနှစ်တွင် စတင် အသက်ဝင်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ယှဉ်ပြိုင်မှုမူဝါဒ ဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးမင်းအောင်အေးက ပြောသည်။

၎င်းက “ယှဉ်ပြိုင်မှု ဥပဒေက လွတ်လပ်မျှတတဲ့ ဈေးကွက်တခု အဖြစ် ပေါ်ထွန်းအောင် လုပ်ဆောင်မယ့် ဥပဒေဖြစ်ပါတယ်။ လုပ်ငန်းကြီးတွေ ရောက်လာလို့ လုပ်ငန်းငယ်တွေ ဈေးကွက်လွှမ်းမိုးမှုကြောင့် ပျောက်ဆုံးသွားတာမျိုး မဖြစ်အောင် ရည်ရွယ်ရေးဆွဲထားပါတယ်” ဟု ပြောသည်။

ယှဉ်ပြိုင်မှု ဥပဒေအရ ဈေးကွက်အတွင်း မည်သူမဆို လွတ်လပ်စွာ ယှဉ်ပြိုင် ရောင်းချခွင့်ရှိပြီး မျှတသည့် ရောင်းချမှုပုံစံ မဟုတ်ဘဲ စားသုံးသူအတွက် ထိုက်သင့်သည့်နှုန်းထားထက် ပိုမို၍ ကုန်သည် အချင်းချင်း ညှိနှိုင်းကာ ဈေးကွက်ထိန်းချုပ် ထားခြင်း၊ အရင်းအမြစ်နှင့် နည်းပညာများ ကန့်သတ်ခြင်း၊ ပြည်တွင်း ပြည်ပဈေးကွက် မျှတရေးအတွက် ရည်ရွယ် ပြဋ္ဌာန်းထားခြင်း ဖြစ်သည်။

အဆိုပါဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစပယ်ကြည်မောင်ကလည်း“ဈေးကွက်မှာ သတ်မှတ်ထားတဲ့ စည်းမျဉ်းဆိုတာရှိပါတယ်။ ဒါတွေကို ကျော်ရင် အရေးယူလို့ရပါတယ်။ ဥပဒေမှာ ကုန်သည်အချင်းချင်း မသမာတဲ့နည်းနဲ့ ဈေးကွက် သဘောတူညီချက် ရယူတာကို ကြားသိတာနဲ့ တိုင်လို့ရနိုင်ပါတယ်” ဟု ရှင်းပြသည်။

အဆိုပါဥပဒေသည် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလတွင် စတင် အသက်ဝင်မည်ဖြစ်ပြီး လက်ရှိတွင် နည်းဥပဒေကို ပြည်ထောင်စုရှေ့နေ့ချုပ်ရုံးတွင် တင်ပြထားပြီးဖြစ်ကြောင်း ယှဉ်ပြိုင်မှုမူဝါဒ ဌာနခွဲမှ သိရသည်။

ယှဉ်ပြိုင်မှုဥပဒေပြဋ္ဌာန်းခြင်းနှင့် ပတ်သက်၍ မန္တလေးအခြေစိုက် ဆီစက်လုပ်ငန်းရှင် တဦးဖြစ်သည့် ဦးအောင်ဆွေဟိန်းက “သိရသလောက်တော့ ဒီဥပဒေက လုပ်ငန်းအသေးတွေထက် ကုမ္ပဏီကြီးတွေနဲ့ အဓိကသက်ဆိုင်မယ့် ပုံစံပါ။ တကယ်ပြိုင်ဆိုင်မှု ပြင်းထန်လာရင် လုပ်ငန်းသေးတွေ အပေါ် ဥပဒေက သက်ရောက်ဖို့ မလွယ်ပါဘူး။ ဥပဒေနဲ့ ဘယ်လောက် ကာကွယ်ပါစေ လုပ်ငန်းငယ်လေးတွေက ပြုတ်သွားမှာပါ” ဟုပြောသည်။

ယင်းဥပဒေ သတ်မှတ်ပြဌာန်းချက်များကို ဖောက်ဖျက်ကျုးလွန်ပါက သုံးနှစ်ထက် မပိုသော ထောင်ဒဏ်၊ ငွေကျပ် သိန်း ၁၅၀ ထက်မပိုသော ငွေဒဏ် သို့မဟုတ် ဒဏ် ၂ ရပ်လုံးကို ဖြစ်စေ ချမှတ်နိုင်ကြောင်း ဖော်ပြပါရှိသည်။

ယှဉ်ပြိုင်မှုဥပဒေနှင့် ပတ်သက်၍ မိတ္ထီလာ စီးပွားရေးတက္ကသိုလ်မှ ဒုပါမောက္ခ ဒေါက်တာသပြေညိုက “စီးပွားရေးလုပ်ငန်းကြီးတွေ ဈေးကွက်ကို တဦးတည်း ချုပ်ကိုင်ပြီး လုပ်နေတာတွေ တားဆီးဖို့အတွက် ဒီဥပဒေကို ရေးဆွဲတယ်လို့ သိရတယ်။ အဲဒီတော့ ဥပဒေက အောင်အောင်မြင်မြင် အသက်ဝင်လာပြီး သေချာ အကောင်အထည်ဖော်နိုင်ရင်တော့ နိုင်ငံအတွက် အကျိုးရှိလာမယ်” ဟု ပြောသည်။

ထို့အတူ ဥပဒေတွင် ပါရှိသည့် ငွေဒဏ် သိန်း ၁၅၀ ဆိုသည့် ပမာဏသည့် လုပ်ငန်းကြီးများအတွက် ထိရောက်သည့် အနေအထားမဟုတ်သော်လည်း အသေးစား၊ အလတ်စားလုပ်ငန်းငယ်များအတွက် ဝန်ပိစေမည့်ဒဏ်ကြေး ပမာဏ ဖြစ်သောကြောင့် ပြစ်မှုနှင့် ပြစ်ဒဏ်တွင် အသေးစိတ်သုံးသပ်ပြီး နည်းဥပဒေ ရေးဆွဲသင့်ကြောင်းလည်း ထောက်ပြပြောဆိုသည်။

အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနက ၂၀၁၁ ခုနှစ် စက်တင်ဘာတွင် စတင် ရေးဆွဲခဲ့သည့် ယှဉ်ပြိုင်မှု ဥပဒေသည် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီတွင် သမ္မတဦးသိန်းစိန်က လက်မှတ်ရေးထိုး ပြဋ္ဌာန်းခဲ့ပြီး ၂၀၁၅ခုနှစ် မတိုင်မီ အာဆီယံ ၁၀ နိုင်ငံ တွင် ယှဉ်ပြိုင်မှု ဥပဒေရေးဆွဲရမည်ဟု သဘောတူညီချက်ရှိထားပြီး လက်ရှိတွင် ကမ္ဘောဒီးယားနိုင်ငံမှအပ အာဆီယံနိုင်ငံအားလုံး ဥပဒေရေးဆွဲပြဌာန်းပြီးဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading