ယခုလကုန်ပိုင်းတွင် အစိုးရ၏ ၅၃ ကြိမ်မြောက် ကျောက်မျက်ရတနာပြပွဲ ကျင်းပမည့်အချိန်ကာလ၌ မြန်မာ့ကျောက်စိမ်းအရောင်းအဝယ်မှာ ဈေးကွက်အတွင်း ဝယ်လိုအားနည်းပြီး ဈေးဆက်လက်ကျဆင်းလျက်ရှိနေသည်ကို တွေ့ရှိရသည်။
တရုတ်နိုင်ငံတွင် စီးပွားရေးကျဆင်းလာခြင်း၊ မြန်မာနိုင်ငံမြောက်ပိုင်းဒေသရှိ ကျောက်စိမ်းတွင်းများမှ ကျောက်စိမ်းများ အလွန်အကျွံ တူးဖော်ခြင်းနှင့် ဒီမိုကရေစီနည်းလမ်းကျ ရွေးကောက်ခံရသော အစိုးရသို့ အာဏာအလွဲအပြောင်းကာလအချိန်တွင် ဈေးကွက်မှာ မသေချာသော အခြေအနေရောက်နေခြင်းတို့ကြောင့်ဟု ကျောက်စိမ်းလောက ကျွမ်းကျင်သူများက အကြောင်းပြပြောဆိုလျက်ရှိသည်။
“တရုတ်နိုင်ငံဘက်က စီးပွားရေးက ခုချိန်အေးနေတယ်။ ကျောက်စိမ်းဈေးကွက်ကလည်း အဓိက တရုတ်ဝယ်လက် နည်းသွားတော့ တန့်နေတယ်။ မရောင်းရတဲ့ ကျောက်စိမ်းတုံးတွေလည်း တောင်ပုံရာပုံ အများကြီးရှိနေတယ်” ဟု မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များအသင်း၏ တွဲဖက်အတွင်းရေးမှူး ဦးထွန်းလှအောင်က ပြောသည်။
မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များအသင်း၏ အလုပ်အမှုဆောင်ကော်မတီ အဖွဲ့ဝင် ဦးကျော်ကျော်ဦးက အလွန်အကျွံ တူးဖော်ခြင်းကြောင့် ဈေးနှုန်းကျဆင်းစေပြီး ကျောက်စိမ်းဈေးကွက်ကို လျော့ကျစေသည်ဟု ယူဆကြောင်း ထောက်ပြပြောဆိုခဲ့သည်။
“တကယ်လို့ အစိုးရက ကျောက်စိမ်းတူးဖော်တာတွေကို ထိန်းချုပ်နိုင်မယ်ဆိုရင် ဈေးကွက်က ပုံမှန်ပြန် ဖြစ်နိုင်ပါတယ်” ဟု ဦးကျော်ကျော်ဦးက ပြောသည်။
“ရေတိုအနေနဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ်တွေကို ကာမိအောင်ပဲ ငွေပေါ်အောင် ဈေးကွက်ထဲမှာ ဈေးလျှော့ ရောင်းနေကြတာ။ ဒါပေမဲ့ ကျောက်စိမ်းဈေးကတော့ ဆက်ကျနေတုန်းပဲ”ဟု ဦးကျော်ကျော်ဦးက ပြောသည်။ သူက လတ်တလော ဈေးနှုန်း အတိအကျကို ထုတ်ဖော်ပြောဆိုခြင်း မရှိပါ။
“ကျနော်တို့ရဲ့ အဓိက ဖောက်သည်တွေက တရုတ်တွေပါ။ တရုတ်အစိုးရဲ့ စီးပွားရေး မူဝါဒ အသစ်တွေအရ သူတို့ရဲ့ဘဏ်တွေက ကျောက်မျက်ရတနာနဲ့ ကျောက်စိမ်းကုန်သည်တွေကို ချေးငွေထုတ်မပေးဘူး။ ဒီတော့ ဒီဘက်ကိုလာတဲ့ တရုတ်ဝယ်လက်တွေက နည်းသွားတာ”ဟု ဦးကျော်ကျော်ဦးက ရှင်းပြသည်။
မကြာသေးခင်က ဖြစ်ပွားခဲ့သော မြန်မာကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း ငွေကြေး အရှုပ်အရှင်းဆိုင်ရာ အငြင်းပွားမှုများနှင့် စွပ်စွဲမှုများက ဈေးကွက်ကို ထိခိုက်ခြင်းမရှိကြောင်း ဦးကျော်ကျော်ဦးက ပြောသည်။
ဇွန်လ ၂ ရက်နေ့တွင် ထိုအသင်းမှ အဖွဲ့ဝင် ၈၁ ဦးက ရန်ကုန်တွင် သတင်းစာရှင်းလင်းပွဲတခု ကျင်းပခဲ့ကာ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအား ကျောက်မျက်လုပ်ငန်းရှင်များအသင်း၏ ရန်ပုံငွေမှ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော် ပျောက်ဆုံးမှုကို ဖြေရှင်းပေးရန် တောင်းဆိုခဲ့ပြီး သမ္မတဟောင်း ဦးသိန်းစိန်သည်လည်း ပါဝင်ပတ်သတ် ခဲ့ကြောင်း ထွက်ရှိခဲ့သော သတင်းများတွင် ဖော်ပြခဲ့သည်။
“ဒီအငြင်းပွားစရာ ကိစ္စတွေက ကျောက်စိမ်းဈေးကွက်ကို ထိခိုက်မယ်လို့ တချို့လူတွေက ထင်ကြပေမယ့် တကယ်တော့ မဟုတ်ပါဘူး”ဟု ဦးကျော်ကျော်ဦးက ပြောသည်။
သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနလက်အောက်တွင် လည်ပတ်နေသော မြန်မာ့ကျောက်မျက်လုပ်ငန်းက ပြည်တွင်းနှင့် ပြည်ပကုန်သည်များအတွက် ၅၃ ကြိမ်မြောက် မြန်မာ့ ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်တွင် ဇွန်လ ၂၄ ရက်နေ့မှ ၂၇ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုပြပွဲကို စည်းကမ်းတကျ ပြုလုပ်ထားကြောင်း သတင်းထုတ်ပြန်ထားပြီး ကျောက်စိမ်းတွင်းရှိသူများ၊ ကုန်သွယ်သူများ၊ ကုမ္ပဏီလိုင်စင်ရှိသူများနှင့် မြန်မာနိုင်ငံကျောက်မျက်လုပ်ငန်းရှင်များအသင်းမှ အဖွဲ့ဝင်များသာ ဝင်ရောက်လုပ်ကိုင်ခွင့်ရှိကြောင်း ကြေညာထားပြီးလည်း ဖြစ်သည်။ ဝယ်သူများသည်လည်း မိမိတို့ ဝယ်ရန် မျှော်မှန်းထားသော ကုန်ပစ္စည်း၏ ၅ ရာခိုင်နှုန်းကိုလည်း စပေါ်ငွေတင်ထားရမည် ဖြစ်သည်။
ဇွန်လ ၁၃ ၇က်နေ့မှစ၍ နေပြည်တော်ရှိ မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်း ရုံးချုပ်၏ အုပ်ချုပ်ရေးကော်မတီက ပြပွဲအတွက် ပြည်တွင်းနှင့် နိုင်ငံခြား အရောင်းကိုယ်စားလှယ်များကို စာရင်းသွင်းသွားမည်ဖြစ်ကြောင်း သိရသည်။
“ကျောက်စိမ်းအတွဲ ၆၀၀၀ ဝန်းကျင် ပြသသွားမှာပါ။ အရင်နှစ်ကထက်တော့ နည်းပါတယ်။ ဈေးကွက်က ယေဘုယျအားဖြင့် အေးနေတယ်ဆိုပေမယ့် ပြည်တွင်းကုန်သည်တွေကတော့ တက်ရောက်ဖို့ စိတ်ဝင်စားလိမ့်မယ်လို့ ထင်ပါတယ်”ဟု မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်း လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းသူက ဧရာဝတီသို့ ပြောသည်။
မြန်မာနိုင်ငံတွင် ကျောက်စိမ်းတူးဖော်မှုလုပ်ငန်းကို ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝန်းကျင်တွင် အဓိကထား ဆောင်ရွက်ပြီး မြန်မာ့တပ်မတော်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော်တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေသည့်အတွက်၂၀၁၂ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း ကျောက်စိမ်းတူးဖော်မှုကို ဆိုင်းငံ့ထားခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် (လက်ရှိတွင် ဖျက်သိမ်းလိုက်ပြီဖြစ်သော) သတ္တုတွင်းဝန်ကြီးဌာနက လိုင်စင်များ ပြန်လည်ချထားပေးခဲ့သည်။
ကျောက်စိမ်းတွင်းတူးဖော်ရန် ပုပ္ပလိကကုမ္ပဏီများကို ခွင့်ပြုပေးခဲ့သော ၂၀၀၇ခုနှစ်ကတည်းက ကျောက်စိမ်းတွင်း ၈၀၀၀ကျော်တွင် လုပ်ငန်းလိုင်စင် ၈၅၀ ကျော်ချထားပေးလျက် ရှိသည်။ ပြည်တွင်းလုပ်သားများအတွက် လုပ်ငန်းခွင်အခြေအနေမှာလည်း အန္တရာယ်များပါသည်။ ဖားကန့်ဒေသတွင် ပြီးခဲ့သည့်နှစ်ကတည်းက မြေစာပုံပြိုကျခြင်းများ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။ ယမန်နှစ် နိုဝင်ဘာလတွင် မြေစာပုံပြိုကျခြင်းကြောင့် လူ ၁၀၀ ကျော် သေဆုံးခဲ့သည်။
၂၀၁၅ခုနှစ်တွင် Global Witness ကထုတ်ပြန်သော အစီရင်ခံစာအရ ၂၀၁၄ ခုနှစ်အတွက် မြန်မာ့ကျောက်စိမ်းထုတ်လုပ်မှုတန်ဖိုးမှာ ခန့်မှန်းခြေအရ အမေရိကန်ဒေါ်လာ ၃၁ ဘီလီယံရှိကြောင်း သိရသည်။ ထိုငွေပမာဏ အမြောက်အမြား၏ အများစုမှာ စစ်တပ်အသိုင်းအဝိုင်း နောက်ခံပြုသော ကုမ္ပဏီများနှင့် အစိုးရမဟုတ်သော လက်နက်ကိုင်တပ်ဖွဲ့များက တရုတ်ဝယ်သူများနှင့် တရားမဝင်ကုန်သွယ်၍ ရရှိသော အမြတ်အစွန်း ဖြစ်ပါသည်။