ကမ္ဘာ့ရွှေဈေး မြင့်တက်မှုကြောင့် ပြည်တွင်းရွှေဈေးနှုန်းသည် အခေါက်ရွှေ ၁ ကျပ်သားလျှင် ငွေကျပ် ရှစ်သိန်း တသောင်း ကျော် အထိ ဈေးနှုန်းမြင့်တက်လာကြောင်း ပြည်တွင်း ရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
နိုင်ငံတကာစီးပွားရေး အသိုင်းအဝိုင်းတွင် အမေရိကန်ပြည်ထောင်စု ဗဟိုဘဏ်က ဘဏ်တိုးနှုန်းများကို အပြောင်းအလဲ မလုပ် ဘဲ ထားရှိခြင်း၊ ၂၀၁၇ ခုနှစ်အတွက် အမေရိကန်ပြည်ထောင်စု၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်း ခန့်မှန်းချက် နိမ့် ကျ နေ ခြင်း တို့ကြောင့် နိုင်ငံတကာဈေးကွက်တွင် ရွှေဈေးနှုန်းသည် တအောင်စလျှင် အမေရိကန်ဒေါ်လာ ၁၃၀၀ အထိ မြင့်တက် လာကြောင်း နိုင်ငံတကာ စီးပွားရေး သတင်းများက ဆိုသည်။
မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူးလည်းဖြစ်၊ ဦးထုံရွှေဆိုင်ပိုင်ရှင်လည်းဖြစ်သူ ဦးကျော်ဝင်းက “ကမ္ဘာ့ ရွှေဈေး က အရမ်းတက်တယ်။ ကမ္ဘာရွှေဈေးတက်တော့ ပြည်တွင်းရွှေဈေးက လိုက်တက်လာတယ်။ ပြည်တွင်း ရွှေဈေး ကွက် က အရောင်းအဝယ် သိပ်ကောင်းနေလို့တော့ မဟုတ်ဘူး။ ဈေးကွက်က ဈေးတက်တော့ ပိုအေးတယ်”ဟု ပြော သည်။
လတ်တလော ဇွန် ၁၆ ရက်နေ့မွန်းလွဲပိုင်းတွင် အခေါက်ရွှေ တကျပ်သားလျှင်ငွေကျပ် ၈၁၂၀၀၀ ကျော် ဈေးပေါက်နေပြီး အရောင်း အဝယ်မှာမူ အေးစက်လျက်ရှိကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
ရန်ကုန်မြို့ ရှိ တိတ်စိန်ရွှေဆိုင်ပိုင်ရှင် ဦးခင်ဇော်က “ရွှေဈေးကွက်မှာ အရောင်းအဝယ်က ပါးလွန်းတယ်”ဟုပြောသည်။
ရွှေဈေးနှုန်း မြင့်တက်လျက်ရှိသော်လည်း မြန်မာငွေနှင့် အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းထားမှာ တည်ငြိမ်လျက်ရှိကြောင်း၊ အမေရိကန် ၁ ဒေါ်လာလျှင် မြန်မာငွေ ၁၁၈၉ ကျပ် ပေါက်ဈေးရှိကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။