စီးပွားရေး

အဆင့်မီ ဆိပ်ကမ်းများ မလုံလောက်ခြင်းက ကုန်သွယ်ဖွံ့ဖြိုးမှုကို ခြိမ်းခြောက်နေ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံ၏ အကြီးဆုံး မြန်မာ့စက်မှုဆိပ်ကမ်းတွင် ကုန်တင်သင်္ဘောများ ရက်သတ္တပတ်များစွာ ကြာအောင် ပိတ်ဆို့နေခြင်းကြောင့် အလားအလာရှိသည့် ရင်းနှီးမြှုပ်နှံသူများ ပြန်ထွက်သွားမည်ကို စိုးရိမ်ရသလို ဖွံ့ဖြိုးလာစဖြစ်သည့် စီးပွားရေးကိုလည်း အဟန့်အတား ဖြစ်စေနိုင်သည့်အတွက် အစိုးရသစ် အနေဖြင့် ၎င်း၏ စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာ ပထမဆုံး အကျပ်အတည်းနှင့် ရင်ဆိုင်လာခဲ့ရသည်။

ထိုသို့ အကျပ်အတည်းဖြစ်လာရခြင်းမှာ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းက ပြုလုပ်ခဲ့သည့် သမိုင်းဝင်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ အနိုင်ရရှိခဲ့ပြီးနောက်ပိုင်းတွင် စီးပွားရေး ဖွင့်လှစ်မှု အရှိန်ရလာခြင်းကြောင့် ကုန်ပစ္စည်း ဝယ်လိုအား သိသိသာသာ တိုးတက်ခဲ့သောကြောင့် ဖြစ်သည်။

“ကျမတို့ ကြုံတွေ့နေရတဲ့ စီးပွားရေး အထွေထွေ တိုးတက်မှုကြောင့်ပါ။ သင်္ဘောတွေ သွားစရာ နေရာမရှိဘူး” ဟု မြန်မာ့စက်မှုဆိပ်ကမ်း (Myanmar Industrial Port – MIP) ၏ အကြံပေးတဦး ဖြစ်သည့် Ayuroma International မှ မန်နေးဂျင်း ဒါရိုက်တာ Cherry Trivedi ကပြောသည်။ မြန်မာ့စက်မှုဆိပ်ကမ်းသည် သင်္ဘောများ ပိတ်ဆို့မှုကို အဆိုးရွားဆုံး ကြုံတွေ့နေရသည့် ဆိပ်ကမ်း ဖြစ်သည်။

၂၀၁၁ ခုနှစ်တွင် စစ်တပ်၏ တိုက်ရိုက်ထိန်းချုပ်မှ လွတ်မြောက်ခဲ့ပြီး နောက်ပိုင်း မြန်မာနိုင်ငံက ကမ္ဘာပေါ်တွင် အလျှင်အမြန်ဆုံး တိုးတက်လာနေပြီး စီးပွားရေးက နှစ်စဉ် ၇ ရာခိုင်နှုန်းမှ ၈ ရာခိုင်နှုန်း အတွင်း တိုးတက်လာခဲ့သည်။

သို့သော်လည်း မြန်မာ ဆိပ်ကမ်းများမှာ အင်္ဂလိပ်ကိုလိုနီအုပ်ချုပ်မှုအောက်မှ လွတ်မြောက်လာခဲ့ပြီးနောက် နှစ်ပေါင်း ၇၀ နီးပါးအတွင်း ပြောင်းလဲမှု အနည်းငယ်သာ ရှိခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်အတွက် ပြည်သူတို့၏ အလွန်အမင်း မြင့်တက်နေသည့် မျှော်လင့်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်နှင့် ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့သည့် စစ်အုပ်ချုပ်ရေးကြောင့် ဆင်းရဲနွမ်းပါးခဲ့ရသည့် နိုင်ငံတခုကို ပြန်လည်မြှင့်တင်ပေးနိုင်ရန် လိုအပ်နေသော နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ ပြန်ထွက်သွားစေနိုင်လောက်အောင် အိုမင်းဟောင်းနွမ်းနေသည့် အခြေခံ အဆောက်အဦ အနေအထားကို ဆိပ်ကမ်းများက ပြသနေသည်။

ပြီးခဲ့သည့် ဆယ်စုနှစ် အတွင်း ရန်ကုန်တွင် ဆိုက်ကပ်သည့် သင်္ဘောအရေအတွက် ၂ ဆတိုးခဲ့သလို ကုန်သေတ္တာ အရေ အတွက်လည်း ၄ ဆ အထိ ခုန်တက်ခဲ့သည့် အတွက် သိုလှောင်သိမ်းဆည်းစရာ နေရာမလုံလောက်ခြင်း၊ ထောက်ပံ့ရေး စနစ် အခက်အခဲများ နေရာတိုင်းတွင် ရှိလာခြင်းနှင့် သယ်ယူပို့ဆောင်ရေးတွင် နှောင့်နှေးမှုများ ရှိလာခြင်းတို့ ကြုံတွေ့ လာရသည်။

“ကျမတို့က သံမဏိတွေ၊ ဘိလပ်မြေတွေ၊ မြန်မာနိုင်ငံလို နိုင်ငံတခုရဲ့ ဖွံ့ဖြိုး တိုးတက်ရေးမှာ ဘယ်ရှုထောင့်ကပဲ ဖြစ်ဖြစ် အရေးပါတဲ့ အခြေခံအဆောက်အဦ ဖွံ့ဖြိုးရေးနဲ့ ပတ်သက်တာ မှန်သမျှကို တင်သွင်းပါတယ်။ သွင်းကုန် ပမာဏ အလွန် ကြီးမားလာတာကိုလည်း မြင်ရပါလိမ့်မယ်” ဟု Cherry Trivedi ကပြောသည်။

အနောက်တိုင်းမှ သင်္ဘောလိုင်းများ ရန်ကုန်သို့ ဆိပ်ကမ်းကပ်ရာတွင် အမေရိကန် အစိုးရ၏ အရေးယူပိတ်ဆို့မှုစာရင်းတွင် ပါဝင်နေဆဲ ဖြစ်သည့် စတီဗင်လော၏ Asia World ကုမ္ပဏီမှ လုပ်ကိုင်နေသည့် ဆိပ်ကမ်းကို အသုံးပြုရန်လည်း တွန့်ဆုတ်နေကြသေးသည်။

၂၄/၇ အလုပ်ချိန်

ထိုသို့ အကျပ်အတည်း ဖြစ်လာစေသည့် အဓိက အပြောင်းအလဲမှာ ဧပြီလ အတွင်း ၃ ပတ်ကြာ ရုံးပိတ်ရက်များ မတိုင်မီ မြန်မာ့စက်မှုဆိပ်ကမ်းသည် သင်္ဘောဝင်ရောက်မည့် ပမာဏကို မှားယွင်းတွက်ချက်မိခြင်းမှ စတင်ခဲ့သည်ဟု အဆိုပါ ဆိပ်ကမ်းနှင့် အလုပ်လုပ်နေသော သင်္ဘော ကုမ္ပဏီများက ပြောကြသည်။ ဧပြီလ သင်္ကြန်ပိတ်ရက်မှာ မြန်မာနိုင်ငံတွင် အရှည်ကြာဆုံး ပိတ်ရက်ဖြစ်သည်။ ထို့ကြောင့် သင်္ဘော ၁၀ စီးမှာ ကုန်ချရန်အတွက် ၂ ပတ်ကြာသည်အထိ စောင့်ဆိုင်းခဲ့ရပြီးနောက် ယနေ့ အချိန် အထိ ဆိပ်ကမ်းတွင် ရင်ဆိုင်နေရသော ပိတ်ဆို့မှုကို စတင် ဖြစ်ပေါ်စေခဲ့သည်။

ကုန်သွယ်ရေး လုပ်ငန်းအတွင်းမှ သတင်းရင်းမြစ်များ၏ အဆိုအရ အဓိက သင်္ဘော ကုမ္ပဏီကြီးများ အနေဖြင့် တပတ် အမေရိကန်ဒေါ်လာ သန်းနှင့် ချီ၍ ကုန်ကျသွားစေခဲ့ရသည်ဟု သိရသည်။

“သင်္ဘောလိုင်းတွေ၊ ကုန်သေတ္တာ ထိန်းသိမ်းပေးတဲ့ လုပ်ငန်းတွေနဲ့ ဆိပ်ကမ်းတွေကြားမှာ စနစ်တကျ ပူးပေါင်းဆောင် ရွက်မှု မရှိဘူး။ ကသောင်းကနင်းဖြစ်နေတယ်” ဟု ယခု အကျပ်အတည်းကို ဖြေရှင်းရေးတွင် ပါဝင်နေသူတဦး ဖြစ်သည့် မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ တွဲဘက် အတွင်းရေးမှူး ဦးအေးလွင်က ပြောသည်။

ပိတ်ဆို့မှုများကို ဖြေရှင်းရန်အတွက် အရေးပေါ်ဆောင်ရွက်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း မေလအလယ်ပိုင်းတွင် သမ္မတရုံးမှ ထုတ်ပြန်ခဲ့သည်။ ဆိပ်ကမ်းလုပ်ငန်းနှင့် အကောက်ခွန်စစ်ဆေးမှုကို ၂၄ နာရီဆောင်ရွက်ရန် နှင့် နေ့စဉ် အခြေအနေကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး နှင့် ပို့ဆောင်ရေး ဝန်ကြီးများထံ သတင်းပို့ရန်တို့ အပါ အဝင်ဖြစ်သည်။

ဒိန်းမတ်နိုင်ငံမှ Maersk Line Ltd တို့ကဲ့သို့ ကြီးမားသည့် သင်္ဘောလုပ်ငန်းကုမ္ပဏီအချို့က အခြေအနေကို ဖြေရှင်းရာတွင် အကူအညီ ဖြစ်စေရန် သူတို့၏ ကျွမ်းကျင်သူများကို စေလွှတ်ပေးခဲ့သည်။

ကုန်စည်များ နောက်တကြိမ် စုပုံလာမည်ကို ကာကွယ်ရန် အရေးပေါ်ဆောင်ရွက်မှုများ အနေဖြင့် သင်္ဘောလိုင်းများက ဝန်ထမ်းများ ထပ်မံတိုးချဲ့ တာဝန်ယူနေဆဲ ဖြစ်သော်လည်း ဇွန်လ ၉ ရက်နေ့ တွင် အကျပ်အတည်းက အတော်လေး ရှင်းလင်းသွားသည်ဟု Cherry Trivedi က ပြောသည်။

သင်္ဘော ကုမ္ပဏီတခုဖြစ်သည့် MOL Myanmar မှ မန်နေးဂျင်းဒါရိုက်တာ Tatsuya “Ricky” Ueki က ဆိပ်ကမ်းများက နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှင့် ကိုက်ညီမှုမရှိဟု ပြောသည်။

“အလွယ်တကူ ဖြေရှင်းဖို့ နည်းလမ်းမရှိပါဘူး။ ဒါပေမယ့် တိုင်းပြည် ဖွံ့ဖြိုးရေးမှာ သုံးစွဲမယ့် ဒေါ်လာ ဘီလီယံများစွာက ဒီပြဿနာကို ဖြေရှင်းဖို့ အစိုးရက ဘယ်လောက်စိတ်အားထက်သန်သလဲဆိုတာ မူတည်ပါတယ်” ဟု သူကပြောသည်။

ဆိပ်ကမ်း ပိတ်ဆို့နေခြင်းက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရ အတွက် တိုးတက်မှုကို ဆက်လက် ထိန်း သိမ်းရေး နှင့် သေချာပြီး အချိန်နှင့် တပြေးညီဖြစ်သော ပို့ဆောင်ရေး အပေါ်တွင် မှီခိုနေရသော အထည်ချုပ်လုပ်ငန်း ကဲ့သို့ ကဏ္ဍများတွင် အိမ်နီးချင်းနိုင်ငံများနှင့် ယှဉ်ပြိုင်နိုင်ရေးအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရေးတို့တွင် စိန်ခေါ်မှုများ ဖြစ်လာခဲ့သည်။

“အချိန်က အရမ်းကို အရေးကြီးပါတယ်” ဟု မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းတိုးတက်ရေး အတွက် ဥရောပ သမဂ္ဂ၏ ငွေကြေးအထောက်အပံ့ ဖြင့် ဆောင်ရွက်နေသော စီမံကိန်းတခု တွင် အလုပ်လုပ်နေသော Jacob Clere ကပြောသည်။

“ဒီဒေသအတွင်းမှာ သူများထက် ရက်အနည်းငယ်လောက် ပိုကြာသွားမယ်ဆိုရင် သူတို့(နာမည်ကျော် အဝတ် အထည် လုပ်ငန်းများ) က အချိန်တိုတိုနဲ့ ရတဲ့ အချိန်အထိ မြန်မာနိုင်ငံကို ရှောင်ရှားသွားကြပါလိမ့်မယ်” ဟု သူက ဆိုသည်။

သကြားလို မချို

ဆိပ်ကမ်း အကျပ်အတည်း ဖြစ်ပေါ်ခဲ့ရခြင်း၏ နောက်ထပ် အကြောင်းတခုမှာ သကြားတင်သွင်းခြင်းကို တရုတ်နိုင်ငံက တားမြစ်ခဲ့ခြင်းကြောင့် ဖြစ်သည်ဟု တာဝန်ရှိသူများက ပြောသည်။

တရုတ်နိုင်ငံသို့ နှစ်စဉ် သကြားတန်ချိန် ၁ သန်း အထိ တင်ပို့နေရသည်ဟု ကျွမ်းကျင်သူများက ပြောသည်။ သကြားအများ စုမှာ အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့မှ ဝင်ရောက်လာပြီး မြန်မာနိုင်ငံမှ တဆင့် တရုတ်နိုင်ငံသို့ တင်ပို့ ခြင်းဖြစ်သည်။

အာဏာလွှဲပြောင်း မပေးမီ မတ်လတွင် မြန်မာ အစိုးရဟောင်းက သကြားကုန်သည်များအတွက် ပြန်လည်တင်ပို့ခွင့် လိုင်စင်များ ထပ်မံချထားပေးခဲ့သည်ဟု UMFCCI တွဲဘက် အထွေထွေအတွင်းရေးမှူး ဦးအေးလွင်က ပြောသည်။

ထို့ကြောင့် ဆိပ်ကမ်းလုပ်ငန်းများ ရပ်နားထားသည့် သင်္ကြန်ရက်ရှည် ပိတ်ရက်များ အတွင်းတွင် သင်္ဘော ၄ စီးရောက် လာပြီး ကုန်သေတ္တာ ၂၀၀၀၀ သို့မဟုတ် ၃၀၀၀၀ ခန့်ချထားခဲ့သည်ဟု ဦးအေးလွင်က ဆိုသည်။ “အဲဒီ ကုန်သေတ္တာ တွေကို အဲဒီအချိန်မှာ မရွှေ့နိုင်ခဲ့ဘူး။ သူတို့ ပိတ်မိနေခဲ့တယ်” ဟု သူက ဆိုသည်။

တရုတ်နိုင်ငံက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လာသည့် အချိန်တွင် “ကျနော်တို့ ကုန်တွေက နယ်စပ်မှာ ပိတ်မိနေတယ်။ ဒါကြောင့် ကုန်သေတ္တာတွေ အများအပြားကို မရွှေ့ နိုင်ဘူး။ ရန်ကုန်မှာ ဆိပ်ကမ်းကို သွားတဲ့ လမ်းတိုင်းမှာလည်း ယာဉ်ကျောပိတ်ဆို့မှု ဖြစ်လာတယ်။ ဒီမှာ ခွဲတမ်းစနစ် ဒါမှမဟုတ် စနစ်တကျကြိုတင် ခန့်မှန်းနိုင်မှု ရှိသင့်တယ်” ဟု ဦးအေးလွင်က ပြောသည်။

“ကျနော်တို့ အစိုးရတွေ အနေနဲ့ ဒီအကြောင်းကို ဆွေးနွေးသင့်တယ်။ တနည်းအားဖြင့် အဲဒါက တကယ့် အရှုပ်အထွေး တခုပဲ။”

( Reuters သတင်းထောက် Timothy McLaughlin နှင့် Anthoni Slodkowski တို့၏ In major test, Myanmar scrambles to clear port jam threatening growth ကို နိုင်မင်းသွင် ဘာသာပြန်ဆိုသည်)

Did you find apk for android? You can find new Free Android Games and apps.
Loading