ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံထဲမှာ ပါနေသလို အာဆီယံဒေသတွင်းမှာလည်း ဖွံ့ဖြိုးမှု နောက်အကျဆုံးစာရင်းထဲက ရုန်းမထွက်နိုင်သေးတဲ့ မြန်မာနိုင်ငံအတွက် ဒီအခြေအနေက တိုးထွက်ဖို့ဆိုရင် နိုင်ငံ့စီးပွားရေးအလားအလာ အဆိုးအ ကောင်းအပေါ်များစွာ မူတည်နေပါတယ်။
အရင် ဦးသိန်းစိန်အစိုးရလက်ထက် တက်ခါစက ဆင်းရဲမွဲတေမှု လျှော့ချရေးကို ကြွေးကြော်ပြီး စီးပွားရေး ပြုပြင်ပြောင်း လဲမှုတွေ လုပ်ဆောင်ခဲ့တာ ရှိပါတယ်။ ဒါပေမယ့် သူ့အစိုးရ သက်တမ်း ၅ နှစ်တာအတွင်းမှာ သိသာမြင်သာတဲ့ စီးပွားရေး ဖွံ့ဖြိုးမှုတွေ ရှိမလာဘူး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုဟာ မအောင်မြင်ဘူးလို့ အဝေဖန်ခံခဲ့ရပါတယ်။
သူ့လက်ထက်မှာ တွန်းအားပေးလုပ်ဆောင်သွားမယ်ဆိုခဲ့တဲ့ အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေ ဖွံ့ဖြိုးရေး၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်ရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ရေးဆိုတာတွေဟာ ထင်သလောက် ခရီး မရောက်ခဲ့တာလည်း အမှန်ပါပဲ။
ဒါပေမယ့် ၅ နှစ်တာ စီးပွားရေးအခင်းအကျင်းမှာ ငွေလဲနှုန်းစနစ်ကို ပြောင်းလဲနိုင်ခဲ့တာ၊ တယ်လီဖုန်းအော်ပရေတာတွေ ဝင်ရောက်စေခဲ့တာ၊ နိုင်ငံခြားဘဏ်တွေ ဝင်လာနိုင်ခဲ့တာ၊ ဥရောပသမဂ္ဂရဲ့ စီးပွားရေးပိတ်ဆို့မှုကို ရုပ်သိမ်းနိုင်စေခဲ့တာ၊ အမေရိကန်စီးပွားရေး ပိတ်ဆို့မှုတွေ တစိတ်တပိုင်း လျှော့ချနိုင်စေခဲ့တာ၊ စစ်အစိုးရလက်ထက် တလျှောက်တင်လာခဲ့တဲ့ နိုင်ငံတကာကို ပေးစရာ အကြွေးတွေကို ထက်ဝက်ကျော် လျှော်ပစ်နိုင်ခဲ့တာစတဲ့ အချက်တွေက အသိမှတ်ပြုရမှာပါ။
စီးပွားရေးဆိုင်ရာ ဥပဒေလုပ်ထုံးလုပ်နည်းတွေ ဖြစ်တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ အထူး စီးပွားရေးဇုန်ဥပဒေ၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ၊ ယှဉ်ပြိုင်မှုဥပဒေစတာ တွေကို ပြဌာန်းခဲ့တာလည်း ရှိပါတယ်။
ဒီလို လုပ်ဆောင်ခဲ့တာတွေနဲ့အတူ ၅ နှစ်တာသက်တမ်းမှာ ကျန်ခဲ့တဲ့ စီးပွားရေးကိန်းဂဏန်းတွေကလည်း ရှိပါတယ်။ ပြည် တွင်းပြည်ပ အကြွေးတွေ အမေရိကန်ဒေါ်လာဘီလီယံ ၂၀နီးပါးရှိတာ၊ ၅ နှစ်တာအတွင်း ဖြစ်ခဲ့တဲ့ ဘဏ္ဍာရေးလိုငွေ အမေ ရိကန်ဒေါ်လာ ၁၀ ဘီလီယံ ကျော်လောက် ရှိတာ၊ ကုန်သွယ်ရေးလိုငွေပြတာတွေ နှစ်စဉ်များများလာပြီး တနှစ်စာ လိုငွေ အမေရိကန်ဒေါ်လာ ၅ ဘီလီယံလောက်ထိ ဖြစ်လာနေတာ၊ ငွေကြေးဖောင်းပွမှုနှုန်းဟာ ပြီးခဲ့တဲ့ နှစ်ထဲမှာ ၁၆ ရာခိုင်နှုန်း ထိ မြင့်တက်ခဲ့တာ စတဲ့ကိန်းဂဏန်းတွေပါပဲ။
ဒီလိုအခြေအနေတွေနဲ့ လုံးချာလည်ပြီး စီးပွားရေးအရွေ့ သိသိသာသာ မဖြစ်လာသေးတဲ့ နိုင်ငံကို အခုလက်ရှိ NLD အရပ် သားအစိုးရသစ်က ဘယ်ပုံ ဘယ်နည်း ဘယ်မူနဲ့ ဘယ်လိုတွေ အကောင်အထည်ဖော်ပြီး စီးပွားရေးအရွေ့ကို တွန်းမလဲ၊ ဆင်းရဲမွဲတေမှု မြင့်မားနေတဲ့ နိုင်ငံဘဝက ဘယ်လို ရုန်းထွက်မလဲ၊ ဒေသတွင်းမှာ စီးပွားရေး အင်အားတရပ် ရလာအောင် ဘယ်လိုမူဝါဒတွေနဲ့ အကောင်အထည်ဖော်သွားမလဲဆိုတာက ဒီအချိန်မှာ အားလုံး သိချင်နေကြတဲ့အရာပါ။
ဒါပေမယ့် လက်ရှိ NLD အစိုးရသစ် သက်တမ်း ၂ လကျော်လာတဲ့ ကာလအထိ စီးပွားရေးနဲ့ ပတ်သက်ပြီး အခု ဘယ် အခြေအနေ ဘယ်မူနဲ့ ဘယ်ကိုသွားမယ် ဆိုတာမျိုး ရေရာခိုင်မာတဲ့ ထုတ်ပြန်ပြောဆိုမှုမျိုး ရှိမလာသေးပါဘူး။
စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဒေါက်တာသန်းမြင့်က ဒီအစိုးရလက်ထက်အတွင်းမှာ နိုင်ငံ့ပို့ကုန် ၃ဆ အထိ တိုးမြှင့်တင်ပို့သွားနိုင်အောင် ကြိုးစားသွားမယ်ဆိုတဲ့ အကြောင်းနဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်းက နိုင်ငံသား တိုင်း ပါဝင်လုပ်ပိုင်ခွင့်ရမယ့် အစိုးရသစ်စီးပွားရေးမူ ထုတ်ပြန်ပါမယ်လို့ ပြောထားတာလောက်ပဲ ကြားရသေးတာပါ။
တကယ်တော့ အရေးကြီးလှတဲ့ နိုင်ငံ့စီးပွားရေးခရီး ဘယ်လိုသွားမယ်ဆိုတဲ့ မူကို ဒီအချိန်မှာ ရေရာတိကျစွာ ထွက်ပေါ်ပြီး သင့်နေပြီလို့ စီးပွားရေး ရပ်ဝန်းက ဆိုကြပါတယ်။ ဒါကို စောင့်ကြည့် ချင့်ချိန်ကြရမယ့် စီးပွားရေးလုပ်ငန်းရှင်တွေကလည်း အားမလို အားမရ ဖြစ်နေတာတွေ ရှိနေပါတယ်။
ထွန်းဖောင်ဒေးရှင်ဘဏ်ရဲ့ ဥက္ကဌ ဦးသိန်းထွန်းက ဒါနဲ့ပတ်သက်ပြီး “ဒီချိန်မှာတော့ ဆုံးဖြတ်သင့်ပြီပေါ့။ ရက်ပေါင်း ၁၀၀ အတောအတွင်းမှာ ဘာလုပ်မယ်လို့ အောင်မြင်မယ့်ဟာ မပြသည့်တိုင်အောင် ဘယ်ကလာတယ် ဘယ်ကိုရောက်ပြီ ဘယ် ကို သွားမယ်ဆိုတာမျိုး ပြောရမှာ။ ဒါလေး ပြောဖို့တော့လိုပါတယ်။ ဒါကို စိတ်ဝင်စားတဲ့သူတွေရှိတယ်၊ တကမ္ဘာလုံးကပါ စိတ်ဝင်စားတာပါ။ ဒါကို အားမလိုအားမရ ဖြစ်နေတာလည်း ရှိပါတယ်”လို့ ပြောပါတယ်။
NLD အစိုးရသစ်အနေနဲ့ ခိုင်မာရေရာတဲ့ စီးပွားရေးမူဝါဒကို ယနေ့လို အချိန်ထိ ထုတ်ပြန်နိုင်ခြင်းမရှိသေးတာနဲ့ ပတ်သက် ပြီး အခြားကိစ္စရပ်တွေမှာ အထူးသတိပြုနေရတဲ့ ကာလဖြစ်တာနဲ့လည်း သက်ဆိုင်နေနိုင်တယ်လို့ ယူဆရကြောင်း စီးပွား ရေး ပညာရှင် ဒေါက်တာအောင်ကိုကိုက ပြောပါတယ်။
၎င်းက “သတိကြီးစွာ ထားပြီးမှ ထုတ်ပြန်ရမယ်လို့ ထင်တာပေါ့။ ဒီမှာ ဖြစ်နေတာက စီးပွားရေးမွန်းကျပ်မှု၊ အဲဒါလည်း ပါ တယ်ဗျ။ အခွင့်အရေး သာတူညီမျှ မရမှုပေါ့။ ဒါတွေကို ဘယ်လို ဖြေရှင်ပေးမလဲ၊ ဘယ်လိုဖြေလျှော့ပေးမလဲ အများကြီး စဉ်းစားတဲ့အခါမှာ အတိုင်းအတာတခုအထိ အပြန်လှန်ညှိနှိုင်းပြီးမှ လုပ်လို့ရတဲ့ဟာတွေ ရှိတာပေါ့။ အခုဖြစ်နေတာမှာ မြစ်ဆုံ ပြဿနာတွေ ရခိုင်ပြဿနာတွေ ဒီလို ကြီးကြီးမားမား ပြသနာတွေ ရှိနေတယ်။ ဒီပြသနာတွေကလည်း ကျနော် တို့ရဲ့လက်ရှိဖွံ့ဖြိုးမှုကို အနှောင့်အယှက် ဖြစ်သွားစေနိုင်တယ်ဗျ။ အဲလို ကိစ္စတွေကလည်း ရှိနေတာ့ အများကြီး သတိကြီး စွာ ထားနေရတယ်လို့ ကျနော့်အနေနဲ့ ပြောချင်ပါတယ်” လို့ ထင်မြင်ချက်ပေးပါတယ်။
ကမ္ဘောဇဘဏ်ရဲ့အကြံပေး ဦးသန်းလွင်ကတော့ NLD အစိုးရသစ်ရဲ့ သက်တမ်း ၂ လကျော်ဟာ အားမလို အားမရ ဖြစ်စ ရာ မလိုတဲ့ အခြေအနေဖြစ်ကြောင်း၊ စီးပွားရေးမူဝါဒနဲ့ ပတ်သက်ပြီး အချိန်ပေးရတဲ့ဟာမို့ စောင့်ကြည့်ဖို့ပဲလိုတဲ့ အ ကြောင်းနဲ့ နိုင်ငံတကာက အခြေအနေတွေနဲ့ နှိုင်းယှဉ်ဖို့ထက် ကိုယ့်နိုင်ငံအခြေအနေကို သိဖို့လိုတယ်လို့ ဆိုပါတယ်။
ဦးသန်းလွင်က “သူများနိုင်ငံမှာက ရက်ပေါင်း နှစ်ရာ ဘာတွေဖြစ်လာမယ် ပြောတာတွေက သူတို့က အကုန်လုံးက ရင့် ကျက်သွားပြီ။ မီးကိစ္စ သွားပြီ၊ လုပ်စရာမလိုတော့ဘူး၊ ရေကိစ္စတွေ ပြဿနာမရှိတော့ဘူး။ အခြေခံအချက်တွေက သူတို့မှာ ပြည့်စုံပြီးသား။ ဒါ သူတို့က ခန့်မှန်းလို့ရတယ်၊ ရက် ၁၀၀မှာ ငါဘာလုပ်မလဲ၊ သူများထက် ထူးခြားတဲ့ဟာ ဘာလုပ်မလဲဆို တာပေါ့။ သူတို့နဲ့ ဒီနဲ့ သွားနှိုင်းယှဉ်လို့မရဘူး။ ဒီမှာက ကိုယ့်တိုင်းပြည်က ကမ္ဘာမှာ အဆင်းရဲဆုံးနိုင်ငံဖြစ်နေတာ၊ ဒါလည်း တချက် ခေါင်းထဲထည့်ထားဖို့လိိုတယ်” လို့ ပြောပါတယ်။
စီးပွားရေးမူဝါဒ ထွက်လာခဲ့ရင် ဘယ်အရာတွေကို ဦးစားပေး လုပ်ဆောင်မယ်ဆိုတဲ့ဟာကို စိတ်ဝင်စားကြသလို အရင် ဦးသိန်းစိန် အစိုးရလက်ထက်က ချန်ခဲ့တဲ့ လုပ်ဆောင်ဆဲ နိုင်ငံ့စီးပွားရေးဆိုင်ရာ အခြေအနေတွေမှာ ပြင်ဆင်မှုမျိုးတွေ လုပ်သင့်ရင် လုပ်ဖို့လိုကြောင်း ပြောဆိုတာတွေလည်း ရှိပါတယ်။
မြန်မာနိုင်ငံကုန်သည်ကြီးများနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်ကြီးများ အသင်းချုပ် ဒုဥက္ကဌ ဒေါက်တာမောင်မောင်လေးက “အ ခြေခံကောင်းလေးတွေ ကျန်ခဲ့တယ်လို့ ပြောလို့တော့ ရပါတယ်။ ဒါပေမယ့် ကမ္ဘာက ရွေ့လျားသွားနေတာ၊ အမျိုးမျိုး ပြောင်းလဲနေတာ၊ ခေတ်နဲ့အညီ လိုက်ပြီးတော့ ပြုပြင်နိုင်မှ ရမယ်လေ။ ပုံစံအမျိုးမျိုး ပြောင်းနေတာမို့ ပြင်ရမယ်၊ ဒီတိုင်းနေ လို့တော့ မရဘူး။ ကစားကွက်က အမျိုးမျိုး ပြောင်းကစားရတာ။ တသမှတ်တည်းကစားသွားရင် ကိုယ်ကျန်ရစ်ခဲ့မှာပဲ။ အ ရင်က အခြေခံကောင်း လုပ်ပေမယ်လို့ ဒါက ဟိုအချိန် ဟိုအခါမှာ ကောင်းမယ်။ နောက် အချိန်အခါမှာ မကောင်းတော့ ဘူး။ အမြဲပြုပြင်နေရမှာပဲ။ မပြုပြင်ရင် ကျန်ရစ်ခဲ့မှာ” လို့ ပြောပါတယ်။
အခုလို အစိုးရသစ်ရဲ့စီးပွားရေးမူဝါဒတရပ် ရေရေရာရာ ထွက်မလာသေးတာနဲ့ ပတ်သက်ပြီး ဝေဖန်ရှုမြင်နေကြတာတွေက အများကြီးပါပဲ။ စီမံကိန်းနဲ့ဘဏ္ဍာရေး ဝန်ကြီး ဦးကျော်ဝင်းက မကြာခင် ထွက်မယ်လို့ ပြောထားတာဆိုတော့ ထွက်လာ ခဲ့ရင် ဘယ်လိုမူနဲ့ ဘယ်အရာတွေကို ဦးစားပေးပြီး လုပ်ဆောင်မယ်ဆိုတာမျိုး သိရမှာပါ။ စီးပွားရေးရပ်ဝန်းက အားလုံးနီးပါး ပြောကြတာ တခုရှိပါသေးတယ်။ မူဝါဒတွေ ဘယ်လိုကောင်းကောင်း အကောင်အထည်ဖော်တတ်တဲ့သူ မရှိရင်လည်း ဘာ မှဖြစ်လာမှာမဟုတ်ဘူးဆိုတာပါ။ ဒီတော့ မူဝါဒနဲ့အတူ အကောင်အထည်ဖော်မယ့် operator တွေကို လည်း စောင့်ကြည့် ကြရမှာပါ။
အခုချိန်မှာတော့ မြန်မာနိုင်ငံဟာ ကမ္ဘာမှာ အဆင်းရဲဆုံးနိုင်ငံထဲမှာ ပါနေသလို ဒေသတွင်းမှာလည်း နောက်အကျဆုံးထဲ ပါနေတုန်းပါ။ တဦးချင်း ဝင်ငွေဟာ ပြီးခဲ့တဲ့ နှစ်တွေအတွင်း တနှှစ်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၂၀၀ ကျော်ပဲရှိတဲ့နိုင်ငံ တနိုင်ငံ ဖြစ်နေပါသေးတယ်။