ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ(YCDC) က ရန်ကုန်တမြို့လုံးရှိ အထပ်မြင့်ဆောက်လုပ်ရေး စီမံကိန်းများ ကို ပြန်လည်စစ်ဆေးရန် ဆောက်လုပ်ခွင့်ဆိုင်းငံ့လိုက်ပြီး ၁ လ ကြာခဲ့သည့် အချိန်တွင် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများနှင့် အလုပ်သမားများကို ထိခိုက်နစ်နာစေခဲ့သည်ဟု ဆောက်လုပ်ရေး လုပ်ငန်းရှင်များက ပြောကြသည်။
လုပ်ငန်းရှင်များအား ကြိုတင်အသိပေးခြင်း မရှိဘဲ ရန်ကုန်ရှိ ၉ ထပ်နှင့် အထက် အဆောက်အဦး ၂၀၀ ကျော်ကို တည်ဆောက်ရေး လုပ်ငန်းများ ရပ်ဆိုင်းထားရန် YCDC က မေလ ၁၄ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
“ကျနော်တို့လို ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ ကြီးမားတဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရတယ်။ လုပ်ငန်းခွင်မှာ ရှိနေတဲ့ ကျနော်တို့ရဲ့ ကျွမ်းကျင်လုပ်သားတွေကို ဆက်ထားသင့်သလား၊ မထားသင့်ဘူးလားဆိုတာ မသိတော့ဘူး။ ဆိုက်တခုမှာ အလုပ်သမား အနည်းဆုံး ၃၀၀ လောက်ရှိတယ်” ဟု ရန်ကုန်ဝန်းကျင်တွင် လုပ်ငန်း အနည်းဆုံး ၅ ခုခန့် ရပ်တန့်လိုက် ရသော M.K.T Construction ၏ ဥက္ကဌ ဦးမျိုးမြင့်ကပြောသည်။
YCDC ၏ အဆိုအရ ယခင် ရန်ကုန်တိုင်း အစိုးရနှင့် မြို့တော်စည်ပင်က ၂၀၁၃ ခုနှစ်မှ ယခုနှစ် မတ်လ အတွင်းတွင် အဆိုပြုလာသော ၉ ထပ်နှင့် အထက် အထပ်မြင့် အဆောက်အဦး ၂၀၄ ခုအတွက် မူသဘောအရ ကနဦးခွင့်ပြုချက်များ ချထားပေးခဲ့ သည်ဟု သိရသည်။
“အခုလို ဆိုင်းငံလိုက်တဲ့ အတွက် သက်ဆိုင်ရာလုပ်ငန်းတွေ ဆောက်လုပ်ရေးအလုပ်သမားတွေလိုမျိုး ပြည်သူတွေ အပေါ် သက်ရောက်မှုတွေရှိခဲ့တယ်။ ကျနော်တို့ ဘယ်ဥပဒေကိုမှ မချိုးဖောက်ပါဘူး။ ကျနော်တို့ လိုချင်တာကတော့ YCDC က စုံ စမ်းစစ်ဆေးမှုတွေ လုပ်နေစဉ်အတွင်းမှာ စီမံကိန်းတွေကို ဆက်လုပ်ခွင့် ပေးစေချင်ပါတယ်” ဟု ဦးမျိုးမြင့်က ပြောသည်။
“ဆိုင်းငံ့ထားတဲ့ အဆောက်အဦးတွေကို စစ်ဆေးဖို့ ကော်မတီတခု မကြာခင်ဖွဲ့မယ်လို့ အာဏာပိုင်တွေက ပြောတယ်။ ဒါပေမယ့် အဲဒါ က တလကျော်နေပြီ။ တကယ်လို့ ဆက်ပြီး နှောင့်နှေးနေမယ်ဆိုရင် ကျနော်တို့ ဘယ်လို ရပ်တည်မလဲ” ဟု ဦးမျိုးမြင့်က ဆက်ပြောသည်။
YCDC ၏ ကြေညာချက်ထွက်လာပြီးနောက်ပိုင်းတွင် အလုပ်သမားပြဿနာ၊ တိုက်ခန်းများ မပြီးစီးသေးသည့်အတွက် ကြိုပွိုင့်ဝယ်သူများ၏ စောဒကတက်ခြင်းများ၊ ဘဏ်ချေးငွေများ ပြန်ဆပ်ရန်နှောင့်နှေးမှုများ၊ ငွေလှည့်ပတ်မှု အကျပ်အတည်းများနှင့် ဆောက်လုပ်ရေးပစ္စည်း ရောင်းချနေသူများ လုပ်ငန်းပါးသွားခြင်း အစရှိသည့် နောက်ဆက်တွဲ အမြောက်အမြား ပေါ်ပေါက်လာခဲ့သည်ဟု ဆောက်လုပ်ရေး လုပ်ငန်းရှင်များကပြောသည်။
ယခုအခါတွင် ရန်ကင်းနှင့် လှိုင်မြို့နယ်များတွင် အဆင့်မြင့်အဆောက် အဦး ၂ ခုကို ရပ်တန့်ထားရသည့် i-Green Construction မှ ဒါရိုက်တာ ဦးကျော်ကျော်နိုင်က ဖောက်သည်များ၏ နေ့စဉ်စောဒကတက်မှုများကို မည်ကဲ့သို့ ဖြေရှင်းပေး ရမည်ကို မသိကြောင်းပြောသည်။ သူ၏ ကုမ္ပဏီက လုပ်ငန်းခွင် တခုစီတွင် အခန်းပေါင်း ၂၀၀ ကျော်စီ ရောင်းချထား ပြီး ဖြစ်သည်။
“အဲဒီအတွက် ဘယ်သူကတာဝန်ယူမလဲ။ ဆောက်လုပ်ရေးလုပ်ငန်းရှင် အများစု အပေါ်လဲ ကျနော်တို့ရဲ့ ယုံကြည်မှု ပျောက်ဆုံးနေပြီ ဘာကြောင့်လဲဆိုတော့ ဘာတွေဖြစ်နေတယ်၊ ဆောက်လုပ်ရေးလုပ်ငန်းတွေ ဘယ်အချိန်မှာ ပြန်စမယ် ဆိုတာကို သူတို့ကို ဘယ်လိုရှင်းပြရမလဲဆိုတာ ကျနော်တို့ မသိတော့ဘူး။ တချို့ ဖောက်သည်တွေက သူတို့တိုက်ခန်း အတွက် ငွေသွင်းတာရပ်လိုက်တော့ ကျနော်တို့ လုပ်ငန်းတွေ ဆက်လုပ်ဖို့ ခက်သွားတယ်။” ဟု သူကပြောသည်။
“တည်ဆောက်ရေး လုပ်ငန်းခွင် တခုစီတိုင်းကို အကြိမ်ကြိမ် စလုပ်ခဲ့ရတယ်။ စာရွက်စာတမ်းတွေလည်း အများကြီး ဖြည့်ခဲ့ရတယ်။ အနေအထား အမျိုးမျိုး ကနေ အစိုးရရဲ့ အတည်ပြုချက်တွေရဖို့ စောင့်ခဲ့ရတယ်။ ဒါက အလွန်ရှုပ်ထွေးတဲ့ လုပ်ငန်းစဉ်တခုပါ။ ဒါပေမယ့် ကျနော်တို့ ဘယ်ဥပဒေကိုမှ မချိုးဖောက်ခဲ့ပါဘူး” ဟု ဦးကျော်ကျော်နိုင်က ပြောသည်။
ဝမင်း ကုမ္ပဏီ အုပ်စုမှ ဥက္ကဌ ဦးခွန်နောင်မြင့်ဝေက လုပ်ငန်းရှင်များ အနေဖြင့် YCDC ကို မကောင်းမပြောချင်ဘဲ ပိုမို၍ ကျိုးကြောင်းဆီလျှော်သည့် မူဝါဒများကိုသာ မျှော်လင့်နေခြင်း ဖြစ်ကြောင်းပြောသည်။
“ကျနော့် ဆိုက်အတွက်ဆိုရင် ဆောက်လုပ်ခွင့်ရဖို့ ကျနော် ခက်ခက်ခဲခဲကြိုးစားခဲ့ရတယ်။ မြေကလည်း အစိုးရဆီက လေလံ အောင်ထားတာပါ။ ရင်းနှီးမြှုပ်နှံမှုကလည်း အရမ်းကြီးမားပါတယ်။ ကျနော်စိုးရိမ်တာက အခုက မိုးရာသီပါ။ လုပ်ငန်းခွင်ထဲ မှာ မြေမပြိုအောင် ကာကွယ်မှုတွေ လုပ်ဖို့ လိုနေပါတယ်” ဟု သူကပြောသည်။
“ကျနော်တို့က ခရိုနီတွေ၊ သူဌေးကြီးတွေ မဟုတ်ပါဘူး။ ကျနော်တို့က အသေးစားနဲ့ အလတ်စား စီးပွားရေးသမားတွေပါ။ တကယ်လို့ အစိုးရ မူဝါဒက ကျနော်တို့ကို ထိခိုက်စေမယ်ဆိုရင် ပြည်သူအများစုလည်း ထိခိုက်နစ်နာမှာပဲ။ ဒါကြောင့် အစိုးရ အနေနဲ့ ပြဿနာကို တတ်နိုင်သမျှ အမြန်ဆုံး ဖြေရှင်းသင့်ပါတယ်။”
“ဒီမူဝါဒရဲ့ သက်ရောက်မှုကို ခံစားရတဲ့ ဆောက်လုပ်ရေး လုပ်သား ၁၀၀၀၀၀ ကျော်ရှိပါတယ်။” ဟု သူကပြောသည်။ ဆောက်လုပ်ရေး လုပ်ငန်းကဏ္ဍတွင် အလုပ်သမားများ၏ တနေ့တာ လုပ်ခမှာ ကျပ်ငွေ ၇၅၀၀ မှ ၁၂၀၀၀ အထိရှိပြီး ဗိသုကာများ အင်ဂျင်နီယာများမှာ တလလျှင် ကျပ် သိန်း ၃၀ ခန့်အထိရရှိကြသည်။
Naing Group ဆောက်လုပ်ရေး ကုမ္ပဏီမှ အလုပ်သမားတဦး ဖြစ်သည့် ဦးအောင်ထူးက “ကျနော်တို့ အရင်က ရနေကျလောက် မရတော့ဘူး။ ဒါက ကြီးမားတဲ့ ဆုံးရှုံးမှုပါ။ စားဝတ်နေရေးက ခက်လာတယ်။ အခုကျောင်းတွေ စဖွင့်နေပြီ။ ဒါကြောင့် ကျနော်တို့ ကလေးတွေကို ထောက်ပံ့ဖို့ တကယ်ကို ပြဿနာရှိလာလိမ့်မယ်။ နေ့စဉ် အသုံးစရိတ် တချို့ကို ကာမိမှာတောင် မဟုတ်တော့ဘူး” ဟု ဧရာဝတီသို့ ပြောသည်။
“အလုပ်သမား အများစုက ကျေးလက်ဒေသက လာကြတာ။ အလုပ်မရှိဘဲ ရန်ကုန်မှာ ဘယ်လိုရပ်တည်ရမလဲ ဆိုတာ မသိကြဘူး” ဟုလည်း သူကပြောသည်။
သို့သော်လည်း အလုပ်သမားများက ဆန္ဒမပြကြသေးသည့် အတွက် ဆောက်လုပ်ရေး လုပ်ငန်းရှင်များ ကံကောင်းနေသည်။ “တကယ်တော့ ဆောက်လုပ်ရေး အလုပ်သမားတွေက မျှော်လင့်ချက်ထားနေကြဆဲပါပဲ” ဟု ဦးမျိုးမြင့်က ပြောသည်။
YCDC အဆောက်အဦးဌာန၏ ဌာနမှုးဦးသန်းဌေးက ရန်ကုန်တိုင်းအစိုးရသည် ၎င်းတို့၏ မူဝါဒက ဆောက်လုပ်ရေး လုပ်ငန်းမှ အောက်ခြေလုပ်သားများ အပေါ် သက်ရောက်မှုရှိကြောင်း သတိပြုမိသည့်အတွက် ပြဿနာကို အမြန်ဆုံး ဖြေရှင်းပေးလိမ့်မည်ဟု ပြောသည်။
“ရန်ကုန်တိုင်း အစိုးရက ကော်မတီတခုကို တတ်နိုင်သမျှ အမြန်ဆုံး ဖွဲ့စည်းပါလိမ့်မယ်” ဟု သူကပြောသည်။