မြန်မာနိုင်ငံ ကုန်သွယ်မှုကို ဘက်စုံလေ့လာ ဆန်းစစ်တဲ့ အစီရင်ခံစာမှာ မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာဖို့ အတွက် သဘာ၀ သယံဇာတအပေါ် အခြေခံတဲ့ စီးပွားရေးကနေ အခြားအလားအလာရှိတဲ့ ကဏ္ဍတွေကို ပိုအားပေးဖို့နဲ့ နည်းပညာ ဖွံ့ဖြိုးတိုးတက်ဖို့က အရေးပါကြောင်း ကမ္ဘာ့ဘဏ်က ပြောဆိုလိုက်ပါတယ်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းရေးဆွဲခဲ့တာဖြစ်ပြီး မြန်မာ နိုင်ငံရဲ့ကုန်သွယ်မှု ဘက်စုံလေ့လာ ဆန်းစစ်ခြင်း အမည်ပေးထားတဲ့ ဒီအစီရင်ခံစာ ထုတ်ပြန်ခြင်း အခမ်းအနားကို ဒီကနေ့ နေပြည်တော်ရှိ Hilton ဟိုတယ်မှာ ကျင်းပ ခဲ့ပါတယ်။
ကမ္ဘာ့ဘဏ်ရဲ့ Country Manager Mr.Abdoulaye Seck က “သဘာ၀ သယံဇာတ အပေါ် အခြေခံတဲ့ စီးပွားရေးကနေ အခြား အလားအလာရှိတဲ့ ကဏ္ဍတွေကို ပိုအားပေးဖို့နဲ့ အဲဒီကဏ္ဍတွေကို ဖွံ့ဖြိုးအောင် လုပ်ဖို့၊ စီးပွားရေးကို အလုပ်ဖြစ် အောင် လုပ်ဖို့ဆိုရင် နည်းပညာ ဖွံ့ဖြိုးတိုးတက်ဖို့ကလည်း အရေးကြီးတယ်။ လုပ်ငန်းလိုင်စင်နဲ့ ပတ်သက်တဲ့ လုပ်ထုံး လုပ်နည်း တွေ လျှော့ချမယ်။ ဝန်ထမ်းတွေရဲ့ လုပ်ငန်းကျွမ်းကျင်မှုကို မြှင့်တင်ရမယ်။ သက်ဆိုင်ရာ ကဏ္ဍအလိုက် တာဝန် ရှိသူအားလုံးက တာဝန်ယူမှု တာဝန်ခံမှုတွေ ရှိလာပြီး ကိုယ့်ရဲ့လုပ်ငန်းအဖြစ် သဘောထား ဆောင်ရွက်စိတ်တွေ ဖြစ်လာ တဲ့ အထိ အားပေး ကူညီရပါမယ်”လို့ အစီရင်ခံစာ ထုတ်ပြန်ခြင်း အခမ်းအနားမှာ ပြောဆိုခဲ့ပါတယ်။
ဒီနေ့ထုတ်ပြန်တဲ့ အစီရင်ခံစာနဲ့ ပတ်သတ်ပြီး မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တွဲဖက်အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က အစိုးရရဲ့ စီးပွားရေးမူဝါဒတွေမှာ အစီရင်ခံစာပါ အချက်အလက် တွေကို ထည့်သွင်း စဉ်းစားနိုင်ဖို့နဲ့ အစိုးရနဲ့ ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်နိုင်ဖို့အတွက် များစွာအထောက်အကူ ဖြစ်တယ် လို့ အခမ်းအနား အပြီးမှာ မီဒီယာတွေကို ပြောဆိုပါတယ်။
“ဒီ Report က ၂၀၁၄ ကတည်းက စလုပ်ခဲ့တာ။ Sector အကုန်လုံးပါတယ်။ Stakeholder အကုန်လုံးကိုလည်း ကမ္ဘာ့ ဘဏ် က လိုက်မေးပြီးမှ ဒီ Report ကို ထုတ်တာ။ အခက်အခဲတွေ၊ အကြံဉာဏ်တွေ ဘယ်လိုဖြစ်သင့်လဲ၊ ဘာတွေဖြစ်ချင် လဲ ဆိုတာတွေကို အကုန်လုံး ပေါင်းစည်းပြီးတော့မှ ဒီအစီရင်ခံစာကို တင်ပြကြပါတယ်”လို့ ဒေါ်ခိုင်ခိုင်နွယ်က ဆိုပါတယ်။
အစီရင်ခံစာမှာ ရုပ်ပိုင်းဆိုင်ရာ အဆောက်အအုံတွေ ဖွံ့ဖြိုးတိုးတက်ဖို့အပြင် ကုန်သွယ်ရေးအတွက် ဆောင်ရွက်နေတဲ့ ဌာနဆိုင်ရာတွေရဲ့ စွမ်းဆောင်ရည်တွေကို မြှင့်တင်သွားဖို့ (Soft Infrastructure) ကိုလည်း အလေးပေးပြီး ဆောင်ရွက် သွားဖို့ အကြံပြုထားသလို အသေးစား၊ အလတ်စား စီးပွားရေး(SME)လုပ်ငန်းတွေ ငွေကြေးအရင်းအနှီး ပိုမို ရရှိနိုင်အောင် လို့ တိုးမြှင့်ဆောင်ရွက်ပေးဖို့ အကြံပြုထားတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ အကြီးတန်း စီးပွားရေးပညာရှင် Sjamsu Rahardja က ပြောဆိုပါတယ်။
စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေးဝန်ကြီး ဒေါက်တာ သန်းမြင့်က မြန်မာနိုင်ငံဟာ သဘာ၀ သယံဇာတနဲ့ စိုက်ပျိုးရေး ဆိုင်ရာ အရင်းအမြစ်များ၊ လုပ်သားအင်အား၊ မဟာဗျူဟာ တည်နေရာ အနေအထားတို့အရ အားသာချက်ရှိတဲ့အပြင် ဒေသတွင်း ကမ္ဘာ့လူဦးရေ ၄၀ ရာခိုင်နှုန်းရဲ့ ဗဟိုချက်မှာ တည်ရှိနေတဲ့အတွက် ဈေးကွက်ကြီးတခုကိုလည်း ပိုင်ဆိုင် ထား ပေမယ့် စိန်ခေါ်မှုတွေ ရှိနေဆဲ ဖြစ်တယ်လို့ ဒီအခမ်းအနားမှာ တင်ပြပြောဆိုပါတယ်။
“ကုန်သွယ်မှုတွေအတွက် ကုန်ကျစရိတ် မြင့်မားနေတာ၊ ကုန်စည်များရဲ့ အရည်အသွေးနဲ့ စံချိန်စံညွှန်းဆိုင်ရာ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးမှု မရှိသေးတာ၊ ကုန်သွယ်မှုကို မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် မောင်းနှင်အားအဖြစ် အသုံးချနိုင်ဖို့ အစိုးရဌာနတွေအတွင်း မူဝါဒပိုင်းဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းမှု အားနည်းနေတာတွေ ရှိနေတယ်”လို့ ဒေါက်တာ သန်းမြင့်က ပြောပါတယ်။
မြန်မာနိုင်ငံဟာ ကမ္ဘာ့ ကုန်သွယ်ရေး နိုင်ငံတခုဖြစ်ပြီး ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့ရဲ့ ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေး အတွက် အကူအညီပေးတဲ့အစီအစဉ် “Enhanced Integrated Framework (EIF)” မှာ ၂၀၁၃ ခုနှစ် ဧပြီလမှာ စတင်ပါဝင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ဒီ EIF အစီအစဉ်ဟာ ဖွံ့ဖြိုးမှုနည်းပါးတဲ့ နိုင်ငံတွေကို ကမ္ဘာ့ကုန်သွယ်မှုမှာ အကောင်းဆုံး ပါဝင်ဆောင်ရွက်နိုင်ပြီး အကျိုး အမြတ် ဖြစ်ထွန်းရေးအတွက် လိုအပ်တဲ့ နည်းပညာတွေ အကူအညီပေးတဲ့ အစီအစဉ်တခု ဖြစ်ပါတယ်။
ကုန်သွယ်မှုဆိုင်ရာ ဘက်စုံလေ့လာ ဆန်းစစ်မှု (Diagnostic Trade Integration Study – DTIS) ဟာ EIF အစီအစဉ်ရဲ့ အခြေခံ အုတ်မြစ်ဖြစ်ပြီး ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံအတွက် တာဝန်ယူပြုစုခဲ့ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။