စီးပွားရေး

မန္တလေးတိုင်းတွင် ကုမ္ပဏီ မှတ်ပုံတင်ကြေး ထက်ဝက်လျှော့၊ ကုမ္ပဏီထောင်သူ နှစ်ဆခန့်တိုး

This article has been converted from Zawgyi One to Unicode

မန္တလေးတိုင်း အစိုးရအဖွဲ့၏ ရက် ၁၀၀ စီမံချက်အရ ကုမ္ပဏီ မှတ်ပုံတင်ကြေး ထက်ဝက် လျှော့ချလိုက်သောကြောင့် မှတ်ပုံ တင်သည့် ကုမ္ပဏီအရေအတွက် ၂ဆခန့်ု တိုးလာကြောင်း ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (မန္တလေးရုံးခွဲ) မှ သိရသည်။

ရင်းနှီးမြှပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှုး ဒေါ်နွယ်နီဦးက “အရင်နှစ်နဲ့ယှဉ်ရင် မှတ်ပုံလာတင် တဲ့ အရေအတွက် ၂ဆလောက် တက်လာတယ်။ တင်ဒါလျှောက်ချင်လို့ မှတ်ပုံလာတင်တဲ့ ကုမ္ပဏီတွေ များတယ် ” ဟု ပြောပြ သည်။

ယခင်က ကုမ္ပဏီ မှတ်ပုံတင်ကြေး ကျပ် ၁၀ သိန်း သတ်မှတ်ထားပြီး ရက် ၁၀၀ စီမံချက်အရ ဇွန်လ ၁ ရက်မှ စတင်၍ ၅ သိန်း ကျပ်သို့ လျှော့ချ သတ်မှတ်လိုက်ကြောင်း၊ ကုမ္ပဏီ သက်တမ်းတိုးလျှင် ၅ သိန်းကျပ် သတ်မှတ်ထားရာ ယခု ၃ သိန်း ကျပ်သို့ လျှော့ချ သတ်မှတ် လိုက်ကြောင်း သိရသည်။

၂၀၁၆ ခုနှစ် ဇွန်လ ပထမပတ်အတွင်း လာရောက်မှတ်ပုံတင်သည့် ကုမ္ပဏီပေါင်း ၂၁ ခုရှိရာ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ဇွန်လနှင့် နှိုင်းယှဉ် ပါက ၂ ဆခန့် တက်သွားကြောင်း၊ ၂၀၁၆ ခုနှစ် မေလနှင့် ဇွန်လ ၂၀ ရက်အတွင်း မန္တလေးရုံးခွဲတွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီစုစုပေါင်း ၅၆ ခုရှိကြောင်း ရင်းနှီးမြှပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (မန္တလေးရုံးခွဲ)စာရင်း တွင် ဖော်ပြ ထားသည်။

၂၀၀၉ ခုနှစ်က မှတ်ပုံတင်ခဲ့သည့် “သဇင်ပန်း” ကျောက်မျက်ရတနာကုမ္ပဏီ၏ ဥက္ကဋ္ဌ ဒေါ်ခင်လေးမြင့်က “အရင်တုန်းက ကုမ္ပဏီတခုလုပ်ဖို့ နည်းနည်းခက်တယ်။ ပွင့်လင်းမြင်သာမှုလည်း အားနည်းတယ်၊ ဒါပေမယ့် ကုမ္ပဏီရှိနေမှ နိုင်ငံခြားနဲ့ ရင်းနှီးမြှပ်နှံမှုတွေ လုပ်နိုင်သလို မှတ်ပုံတင်ထားတဲ့အတွက် တဘက်ကလည်း ပိုပြီး ယုံကြည်မှုရှိတာပေါ့၊ အခုလို ကုမ္ပဏီမှတ်ပုံတင်ကြေး တဝက်လျှော့လိုက်တော့ လုပ်ငန်းရှင်တွေ အတွက် ပိုအဆင်ပြေသွားတာပေါ့ “ဟု ပြောသည်။

မြန်မာတနိုင်ငံလုံး မှတ်ပုံတင်ထားသည့် ကုမ္ပဏီအရေအတွက် ၅ သောင်းကျော်ရှိပြီး မန္တလေးတိုင်းတွင် ၄၄၀၀ ခန့်ရှိရာ ပြီးခဲ့သည့်လက သက်တမ်း မတိုးသည့်အတွက် တနိုင်ငံလုံးရှိ ပြည်တွင်းကုမ္ပဏီပေါင်း ၃၇၇၁ ခု ခန့်ကို ဖျက်သိမ်းခဲ့ကြောင်း ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (မန္တလေးရုံးခွဲ)မှ သိရသည်။

Loading