စီးပွားရေး

အာဆီယံတွင်း ကမ္ဘောဇဘဏ် လုပ်ငန်းချဲ့ထွင်မည်

This article has been converted from Zawgyi One to Unicode

ကမ္ဘောဇကုမ္ပဏီများအုပ်စုမှ ကမ္ဘောဇဘဏ် လီမိတက်သည် ပြီးခဲ့သောရက်သတ္တပတ်တွင် စင်ကာပူနိုင်ငံ၌ ကိုယ်စားလှယ်ရုံးခွဲ ဖွင့်လှစ်ရန် လိုင်စင် တရားဝင်ရရှိပြီးနောက် အာဆီယံဒေသတွင်း ဘဏ်လုပ်ငန်းစီးပွားရေးကို ချဲ့ထွင်ရန် အစီအစဉ်များ ရှိနေကြောင်း ထုတ်ဖော်သည်။

မေလတွင် ထိုင်းနိုင်ငံ၌ ပထမဆုံး ကိုယ်စားလှယ်ရုံးခွဲ ဖွင့်လှစ်ပြီးနောက် ယခု စင်ကာပူနိုင်ငံမှာ ကမ္ဘောဇဘဏ်၏ ဒုတိယအကြိမ် လုပ်ငန်းချဲ့ထွင်ခြင်းဖြစ်သည်။

ဇွန်လ ၁၆ရက်နေ့က ကမ္ဘောဇမှ သတင်းထုတ်ပြန်ချက်တွင် ကမ္ဘောဇဘဏ်၏ ဒုတိယ အုပ်ချုပ်မှု ဒါရိုက်တာ ဦးဇော်လင်းအောင်က စင်ကာပူနိုင်ငံ ကိုယ်စားလှယ်ရုံးခွဲတွင် ကိုယ်စားလှယ်အရာရှိချုပ် အဖြစ် ဦးဆောင်သွားမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ ထို့နောက် ကမ္ဘောဇဘဏ်၏ ယခုခြေလှမ်း သည် အာဆီယံနှင့် နိုင်ငံတကာတွင် မြန်မာစီပွားရေးလုပ်ငန်းများ တက်လှမ်းလာနိုင်မှုကို အထင်အရှား ဖေါ်ပြနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်က ဆိုသည်။

“စင်ကာပူနိုင်ငံက ရင်းနှီးမြှုပ်နှံမှုပမာဏဟာ ယခုအခါ တရုတ်နိုင်ငံထက် များပြား လာပြီဖြစ်ပါတယ်။ နိုင်ငံတကာ ရင်နှီးမြှုပ်နှံမှုတွေဟာလည်း စင်ကာပူနိုင်ငံမှတဆင့် ဝင်ရောက်လာခြင်းကြောင့်လည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဘဏ္ဍာရေးကဏ္ဍမှာ ဦးဆောင်ဘဏ်ကြီးဖြစ်တဲ့ ကမ္ဘောဇဘဏ်အနေနဲ့ နိုင်ငံတကာ စီးပွားရေးလုပ်ငန်းကြီးများ ရဲ့ မြန်မာနိုင်ငံအတွင်း ရင်နှီးမြှုပ်နှံမှုများကို ထိထိရောက်ရောက် ကူညီပေးနိုင်တော့ မှာဖြစ်ပါတယ်” ဟု ဦးဇော်လင်းအောင်က သတင်းထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

ကိုယ်စားလှယ်ရုံးခွဲအနေဖြင့် ကမ္ဘောဇဘဏ်က ဈေးကွက်သုတေသနပြုလုပ်ခြင်း၊ စင်ကာပူနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား စီပွားရေးဆိုင်ရာ စည်မျဉ်းစည်းကမ်းများ အပါအဝင် ပုဂ္ဂလိကစီပွားရေးလုပ်ငန်းများအတွက် လိုအပ်သည့် သတင်းအချက်အလက်များ မျှဝေပေးခြင်းတို့ကို ဆောင်ရွက်သွားမည် ဖြစ်သည်။

စင်ကာပူနိုင်ငံတွင် နေထိုင်သော မြန်မာနိုင်ငံသား ဆောဖ်ဝဲလ်အင်ဂျင်နီယာတယောက် ဖြစ်သူ မအေးအေးမော်က ကမ္ဘောဇဘဏ်က မြန်မာနိုင်ငံသားများအတွက် ငွေလွဲခြင်း ဝန်ဆောင်မှုရှိ မရှိ သိချင်နေသည်။
“ဒီမှာက တရားမဝင်နည်းလမ်းတွေကို သုံးပြီးတော့ပဲ ကျမတို့ မိသားစုတွေဆီကို ငွေလွဲရတယ်။ ဒီလိုငွေလွဲတာတွေက အလိမ်ခံရနိုင်တယ်ဆိုတာ ကျမတို့ အမြဲတမ်း ခံစားရတယ်။ တကယ်လို့ ကမ္ဘောဇဘဏ်ကသာ ငွေလွဲတဲ့စနစ်ကို ဝန်ဆောင်မှုပေးနိုင်ရင် ကျမတို့လည်း ဒီမှာ ငွေစုနိုင်ပြီး မိသားစုတွေလည်း အလွယ်တကူ ငွေထုတ်နိုင်တယ်။ ကျမတို့လို နိုင်ငံခြားမှာ အလုပ်နေတဲ့သူတွေအတွက် အဆင်ပြေစေပါလိမ့်မယ်”ဟု မအေးအေးမော်က ပြောသည်။

လက်ရှိတွင် ကမ္ဘောဇဘဏ်က ငွေလွဲသည့်စနစ် ဝန်ဆောင်မှုအတွက် ခွင့်ပြုချက် လိုင်စင်လျောက်ထားရန် ဆောက်ရွက် လျက်ရှိသည်။ “ကျနော်တို့ ဒီနှစ်ထဲမှာပဲ အကောင်အထည်ဖော်နိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ဦးဇော်လင်းအောင်က ပြောသည်။

ကမ္ဘောဇဘဏ်အနေဖြင့် ကိုယ်စားလှယ်ရုံးခွဲ ဖွင့်လှစ်နိုင်ရန်အတွက် ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းမှစတင်ပြီး စင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့ (Monetary Authority of Singapore)နှင့် ပူပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ စင်ကာပူငွေကြေး အာဏာပိုင်အဖွဲ့ ထံသို့ ကမ္ဘောဇဘဏ်မှ ပြီးပြည့်စုံသည့် ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များအပြင် ဘဏ်၏ ပွင့်လင်းမြင်သာမှု(Transparency)၊ စွမ်းဆောင်ရည် (Capability) နှင့် ကျွမ်းကျင်ပိုင်နိုင်မှု (Professionalism) ကို ထင်သာမြင်သာဖေါ်ပြနိုင်ခဲ့၍ ယခုကဲ့သို့ ကိုယ်စာလှယ်ရုံးခွဲ ဖွင့်လှစ်ခွင့်ရရှိခဲခြင်း ဖြစ်သည်။

စင်ကာပူနှင့် မြန်မာနိုင်ငံအကြား စီးပွားရေးအရဆက်ဆံရေး ပိုမိုနီးကပ်လာချိန်တွင် ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးကဏ္ဍသည်လည်း နှစ်နိုင်ငံအကြား အရေးပါသော အခန်းကကဏ္ဍတခုတွင် ရှိနေလိမ့်မည်ဟု ကမ္ဘောဇက မျှော်လင့်ခဲ့သည်။

စင်ကာပူနိုင်ငံသည် မြန်မာနိုင်ငံ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစာရင်းတွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု(FDI)ပမာဏ အမေရိကန်ဒေါ်လာ ၄ ဒဿမ ၃ ဘီလီယံဖြင့် ထိပ်ဆုံးမှ ရပ်တည်ခဲ့ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ အချက်အလက်အရ သိရသည်။ ယင်းပမာဏမှာ FDI စုစုပေါင်း အမေရိကန်ဒေါ်လာ ၈ ဒဿမ ၁ ဘီလီယံ၏ ထက်ဝက်ကျော်သည်။ အဓိက ရင်းနှီမြှုပ်နှံသည့် ကဏ္ဍများမှာ ရေနံနှင့် သဘာဝဓါတ်ငွေ့၊ ကုန်ထုတ်လုပ်မှု၊ ဆက်သွယ်ရေး၊ အိမ်ခြံမြေနှင့် ဝန်ဆောင်မှုလုပ်ငန်းများ ဖြစ်သည်။

ယခုလ အစောပိုင်းတွင်၂၀၁၆ ဒီဇင်ဘာ ၁ ရက်မှ စတင်ပြီး မြန်မာနိုင်ငံနှင့် စင်ကာပူနိုင်ငံအကြား ဗီဇာကင်းလွတ်ခွင့် ပြုသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ ယခုဖြစ်ပေါ်တိုးတက်မှုများသည် စင်ကာပူနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာစေရန်နှင့် နှစ်နိုင်ငံအကြား စီးပွားရေးဆိုင်ရာကိစ္စရပ်များ ပိုမိုလွယ်ကူ လာစေနိုင်မည် ဖြစ်သည်။

သီလဝါအထူးစီပွားရေးဇုန်ကဲ့သို့သော နိုင်ငံပေါင်း ၁၄ နိုင်ငံက ပါဝင်နေသည့် စီမံကိန်းကြီးတွင် စင်ကာပူနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၂၉၈.၁၅ သန်းအထိ ရှိနေသည်။

မြန်မာနိုင်ငံတွင် အကြီးဆုံးပုပ္ပလိက ဘဏ်လုပ်ငန်းတခုဖြစ်သော ကမ္ဘောဇဘဏ်ကို ၁၉၉၄ခုနှစ်တွင် ရှမ်းပြည်နယ် တောင်ကြီးမြို့၌ တည်ထောင်ခဲ့သည်။ ၎င်း၏ မိခင်ကုမ္ပဏီဖြစ်သော ကမ္ဘောဇ ကုမ္ပဏီများအုပ်စုသည် လေကြောင်းလိုင်းလုပ်ငန်းကိုလည်း လုပ်ဆောင်နေပြီး ၎င်း၏ကိုယ်ပိုင် ပြည်တွင်းလေကြောင်းလိုင်း Air KBZ ပြေးဆွဲနေကာ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြာင်းလိုင်း (MAI)တွင်လည်း အစုရှယ်ယာအများစု ပိုင်ဆိုင်ထားသည်။

Loading