မြန်မာနိုင်ငံတွင် ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခများ ဖြစ်ပွားခြင်းနှင့် ပဋိပက္ခဖြစ်ပွားစေရန် လှုံ့ဆော်မှုများသည် နိုင်ငံ၏ စီးပွားရေးတိုးတက်မှုကို အကြီးအကျယ် အဟန့်အတားဖြစ်စေကြောင်း ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များက ပြောဆိုကြသည်။
လတ်တလော ပဲခူးတိုင်း၊ ဝေါမြို့နယ်တွင် သူရဲသူမိန်ကျေးရွာတွင် ဖြစ်သွားနေသည့် ဘာသာရေးအသွင်ဆောင်သော ပဋိပက္ခ၊ ကချင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သည့် ကချင်ကျောင်းသားတဦးသေဆုံးခဲ့မှု၊ ရခိုင်ပြည်နယ်အတွင်း မွတ်စလင်များနှင့် ပတ်သက်သည့် အသုံးအနှုန်း အခေါ်အဝေါ်အငြင်းပွားမှုများ အပါအဝင် ဘာသာရေးနှင့် လူမျိုးရေး ပဋိပက္ခ အသွင်ဖြစ်လာ နိုင်သည့် ဖြစ်စဉ်များသည် စီးပွားရေးလုပ်ငန်းများအပေါ် သက်ရောက်မှု ကြီးမားစွာရှိနေကြောင်း ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်များက ပြောဆိုကြသည်။
ထွန်းဖောင်ဒေးရှင်ဘဏ် ဥက္ကဌဦးသိန်းထွန်းက “ ဒီလိုဖြစ်နေတော့ သု့ိလောသို့လော တွေးတောပူပန်မှုတွေနဲ့ လူတွေက မလုပ်ရဲဘူးပေါ့။ တင်ချင်တဲ့အရှိန်ကိုတောင် မတင်ရဲတော့ဘူး။ စိုးရိမ်ပူပန်မှုတွေနဲ့ စောင့်ကြည့်ကြတာပေါ့။ စီးပွားရေး ဆိုတာက နိုင်ငံရေးကလာတာကိုး၊ အခုဟာ နိုင်ငံရေးကဘာသာရေးက လာသလိုပုံစံမျိုး ဒီတိုင်းပြည်မှာ ပေါ်လာရင် ပြသာနာရှိမယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ဘာသာရေးနွယ်သည့်ပဋိပက္ခများ သမ္မတဟောင်း ဦးသိန်းစိန်အစိုးရလက်ထက်အတွင်း အတော်များများ ဖြစ်ပွားခဲ့ပြီး၊ မြို့ကြီးများအထိပါပျံနှံခဲ့ကာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ငြိမ်းချမ်းရေးဆွေးနွေးမှုများ လုပ်ဆောင် ခဲ့စဉ် ကာလတလျှောက်တွင် တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းများကြောင့် စီးပွားရေးအပေါ် ဆိုးဝါးသော ရိုက်ခတ်မှု များရှိခဲ့ကြောင်း ပြည်တွင်းစီးပွားရေးအသိုင်းအဝိုင်းက ဆိုသည်။
နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများက မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးမှုနှင့် တည်ငြိမ်မှုများအပေါ် စောင့်ကြည့်လျက်ရှိပြီး လက်ရှိအချိန်၌ ခရီးတွင်လာသော ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုဖြစ်စဉ်တွင် ဘာသာရေး၊ လူမျိုးရေးအသွင်ဆောင်သည့် ပဋိပက္ခ အသေးအဖွဲ့များ မကြာခဏမဖြစ်ပေါ်ရန် လိုအပ်သည်ဟု မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်ကြီးများ အသင်းချုပ်ဒုဥက္ကဌ ဒေါက်တာမောင်မောင်လေးက ပြောသည်။
“ဒါက လုပ်သာကိုင်သာရှိမှုကို ခက်ခဲစေတယ်။ မလုပ်ရဲမကိုင်ရဲ ဖြစ်လာတယ်။ နောက်တော့ နိုင်ငံခြားသားကလည်း မယုံကြည် တော့ဘူး။ နိုင်ငံခြားသားက မြန်မာနိုင်ငံကိုလာဖို့ တရားဥပဒေစိုးမိုးမှုနဲ့ ငြိမ်းချမ်းရေးက အဓိကပါ။ တရားဥပဒေ မစိုးမိုးဘူး၊ Rule of Law မရှိတဲ့နိုင်ငံဆို ဘယ်သူမှလာပြီး ရင်းနှီးမြှုပ်နှံမှု မလုပ်ပါဘူး” ဟု ၎င်းက ပြောသည်။
ပဋိပက္ခများကြောင့် နိုင်ငံတဝန်း မတည်ငြိမ်မှုများဖြစ်ပွားလျှင် စီးပွားရေး ကျဆင်းမည်ဖြစ်ကြောင်း၊ ၂၀၁၂ ခုနှစ်အတွင်း မှစ၍ ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် ပဋိပက္ခဖြစ်ပွားရော ဒေသနှင့် နီးစပ်သော နေရာများအားလုံးတွင် စီးပွားရေး လုပ်ငန်းများ ရုပ်သိမ်း၊ ပိတ်သိမ်းခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့ကြောင်း စီးပွားရေးအသိုင်းအဝိုင်းကပြောသည်။
ပို့ကုန်သွင်းကုန်လုပ်ငန်းနှင့် စက်မှုဇုန်လုပ်ငန်းရှင်တဦးဖြစ်သည့် ဦးမြတ်သင်းအောင်က “ များသောအားဖြင့် ဘာသာရေးနဲ့ နွယ်ရင် လူမျိုးရေးနွယ်တာနဲ့တောင် မတူဘူး။ ဘာသာရေးဆို တနိုင်ငံလုံးပြန့်နိုင်တော့ ပြသနာတွေအများကြီး ဖြစ်လာနိုင် တယ်။ တိုင်းပြည်မတည်ငြိမ်တာနဲ့ စီးပွားရေး လုပ်ငန်းလည်း ကျဆင်းစေတယ်” ဟု ဆိုသည်။
NLD အစိုးရသစ်က လတ်တလော စီးပွားရေးမူဝါဒများ ထုတ်ပြန်နိုင်ခြင်းမရှိသေးဘဲ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေများနှင့် ကုမ္ဗဏီ ဥပဒေများကိုလည်း ပြင်ဆင်ရန် လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။