မြန်မာနိုင်ငံ၏ ဆီအိုးကြီးဖြစ်လာရန်ဟူသည့် ရည်ရွယ်ချက်ဖြင့် ၁၉၉၉ ခုနှစ် နအဖ စစ်အစိုးရလက်ထက်မှ စတင်၍ တနင်္သာရီ တိုင်းဒေသကြီးတွင် ဆီအုန်းစိုက်ပျိုးရေးလုပ်ငန်းကို အလျင်အမြန် တိုးချဲ့စိုက်ပျိုးမှုများ ပြုလုပ်ခဲ့ရာ သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ ထိခိုက်မှုများ ရှိနေသဖြင့် ပြန်လည် သုံးသပ်ရန် လိုအပ်လာပြီဟု သဘာဝ ပတ်ဝန်းကျင်အရေး လှုပ်ရှားသူများက ထောက်ပြဝေဖန်နေကြသည်။
တနင်္သာရီတိုင်း ဒေသကြီးသည် အပူပိုင်း မိုးသစ်တောဒေသ၏ အချက်အချာနေရာ တခုဖြစ်ပြီး ရှားပါးတောရိုင်း တိရစ္ဆာန်မျိုးစိတ်များ ကျက်စားရာဒေသ ဖြစ်သည်။
ထိုသစ်တောများသည် ဒေသခံ တိုင်းရင်းသားများဖြစ်သော ကရင်၊ မွန်နှင့် ထားဝယ်လူမျိုးတို့အတွက် သဘာဝ ရေအရင်းအမြစ် ပုံမှန်ရရှိခြင်း၊ မြေဆီလွှာတိုက်စားမှု ထိန်းသိမ်းခြင်းနှင့် သစ်မဟုတ်သည့် တခြား သစ်တောထွက် ပစ္စည်းများကိုလည်း ဂေဟစနစ် ဝန်ဆောင်မှုများအဖြစ် အထောက်အကူ ပြုလျက်ရှိသည့် အရာများဖြစ်သည်ဟု သိရသည်။
အစိုးရ၏ နှစ် ၃၀ နှစ်ရှည်ဖွံ့ဖြိုးရေး အစီအစဉ်ကို ၂၀၀၀ ပြည့်နှစ်တွင် စတင်ခဲ့ကာ တနင်္သာရီတိုင်းဒေသကြီးတွင် ဧက ၅ သိန်း (ဟက်တာ ၂၀၂၃၄၃) ရှိပြီး ၂၀၃၀ ခုနှစ်တွင် ဧက ၇ သိန်း (ဟက်တာ ၂၈၃၂၈၀) အထိ စိုက်ပျိုးရန် ရည်မှန်းခဲ့ခြင်းဖြစ်သည်။
အဓိက ရည်ရွယ်ချက်မှာ နိုင်ငံခြားမှ စားသုံးဆီတင်သွင်းမှုကို လျှော့ချပြီး ပြည်တွင်း လိုအပ်ချက်ကို အထောက်အကူ ဖြစ်စေရန်၊ ကျေးလက်ဒေသများအတွက် စက်မှုလုပ်ငန်းများ၊ လူမှုဝန်းကျင်၊ အဆောက်အအုံများ တိုးတက် ဖွံ့ဖြိုးလာစေရန်နှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာစေရန် ရည်ရွယ်သည်။
သို့သော် အစိုးရ အပါအဝင် ဆီအုန်းစိုက်ပျိုးသည့် ကုမ္ပဏီများက ဒေသခံများ၏ မြေယာပိုင်ဆိုင်မှု၊ သဘာဝ သစ်တောများ ထိန်းသိမ်းမှု၊ ရေအရင်းအမြစ်နှင့် မျိုးသုန်းရန် အန္တရာယ်ကျရောက်နေသည့် တောရိုင်းတိရစ္ဆာန် မျိုးစိတ်များ ထိန်းသိမ်းမှုကို ထည့်သွင်းစဉ်းစားခြင်း မရှိခဲ့သည့်အပြင် ဆီအုန်းစိုက်ပျိုးရန် သင့်လျော်သည့်မြေ ဟုတ်၊ မဟုတ်ကိုလည်း ထည့်သွင်းစဉ်းစားမှု အားနည်းခဲ့သည်ဟု နိုင်ငံတကာ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များအဖွဲ့ (Fauna & Flora International – FFI) ၏ Tanintharyi Conservation စစ်တမ်းများအရ သိရသည်။
FFI သည် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော အစိုးရ မဟုတ်သည့် အဖွဲ့အစည်းတခုဖြစ်ပြီး ရုံးချုပ်မှာ အင်္ဂလန်နိုင်ငံ၊ ကိန်းဘရစ်ရ်မြို့တွင် တည်ရှိကာ ကမ္ဘာတဝှမ်းရှိ နိုင်ငံပေါင်း ၄၀ ကျော်တွင် လုပ်ငန်းများ လှုပ်ရှား ဆောင်ရွက်နေသည့် အဖွဲ့အစည်း ဖြစ်သည်။
ရည်ရွယ်များစွာ ရှိခဲ့သော်လည်း အမှန်တကယ် ရရှိလာသည့် အကျိုးရလဒ်မှာ လူမှုဘဝ၊ သဘာဝ ပတ်ဝန်းကျင်နှင့် စီးပွားရေးဆိုင်ရာ အခက်အခဲများနှင့် ရေရှည် အကျိုး မဖြစ်ထွန်းသော ညံ့ဖျင်းသည့် ဆီအုန်းလုပ်ငန်းကိုသာ ဖြစ်စေခဲ့သည်။
“အတွေ့အကြုံ နည်းတယ်။ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ဗဟုသုတလည်း မရှိတော့ မှန်းသလောက် မအောင်မြင်ခဲ့ဘူး။ ဒါတွေကို ဘယ်လို ကုစားမလဲဆိုတာ ဒီအချိန်မှာ အဖြေရှာကြတာအကောင်းဆုံးပဲ” ဟု မြန်မာ့ဆီအုန်းစိုက်ပျိုးမှု ကျွမ်းကျင် ပညာရှင် ဦးဇော်ဝင်းက မှတ်ချက်ပြုသည်။
ပုဂ္ဂလိက ကုမ္ပဏီ ၄၄ ခုကို ဆီအုန်းစိုက်ပျိုးရန်ဟုဆိုကာ ကော့သောင်း၊ မြိတ်နှင့် ထားဝယ်မြို့နယ်များတွင် မြေဧက ၁၀ သိန်းကို ချထားပေးခဲ့ရာ လက်ရှိတွင် ဧက ၃ သိန်းခွဲကျော် စိုက်ပျိုးပြီးဖြစ်ကြောင်း စက်မှုသီးနှံဖွံ့ဖြိုးရေးဌာန၏ ၂၀၁၄ ခုနှစ် အချက်အလက်များအရ သိရသည်။
မြန်မာနိုင်ငံသည် ပြည်တွင်း စားသုံးဆီဖူလုံရေးအတွက် နှစ်စဉ် စားအုန်းဆီ တန်ချိန် ၃ သိန်းမှ ၄ သိန်း နိုင်ငံခြားမှတင်သွင်း နေရပြီး အမေရိကန်ဒေါ်လာ သန်း ၄၀၀ နီးပါးကို ကုန်ကျစရိတ်ရှိနေသည်။
ဆီအုန်းသည် တခြားမြေပဲ၊ ပဲပိစပ်များနှင့်နှိုင်းယှဉ်ပါက ဆီထုတ်လုပ်မှုအတွက် ယုံကြည်ရလောက်သည့်ကုန်ကြမ်းတမျိုး မဟုတ်ဘဲ ယင်းအတွက် မှန်ကန်သည့်ရာသီဥတုအခြေအနေနှင့် စနစ်တကျ ကောင်းမွန်သည့် စိုက်ပျိုးမှုပုံစံနှင့်မှသာ ဆီထွက်နှုန်း ကောင်းမည်ဖြစ်ကြောင်း သိရသည်။
ဆီအုန်းပင်များသည် တိုတောင်းခြောက်သွေ့သည့် ရာသီဥတုကို နှစ်သက်သည့်အတွက် လက်ရှိ မြန်မာနိုင်ငံတောင်ပိုင်း၏ ရာသီဥတုနှင့် သိပ်ပြီး မသင့်တော်သောကြောင့် ဆီအုန်းစိုက်ပျိုးမှု ကဏ္ဍကို စတင်ခဲ့သည့် မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက မြန်မာနိုင်ငံ၏ ဆီအုန်းစိုက်ပျိုးရေး စနစ်တွင် များစွာ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သေးသည်ဟု FFI Tanintharyi Conservation မှ ပရိုဂရမ် ဒါရိုက်တာ Mr. Mark Grindley က မှတ်ချက်ပြုသည်။
ကုမ္ပဏီအများစုသည် အတွေ့အကြုံ နည်းပါးကြပြီး စိုက်ပျိုးရန် မသင့်တော်သော မတ်စောက်သည့် ဆင်ခြေလျှောများနှင့် ရေလမ်းကြောင်း ရရှိနိုင်သည့် နေရာများကို ရှင်းလင်းကာ စိုက်ပျိုးကြခြင်း၊ ဓာတ်မြေသြဇာများ အလွန်အကျွံသုံးစွဲခြင်း စသည့် မှားယွင်းသော စီမံခန့်ခွဲမှုများကြောင့် ပိုက်ဆံနှင့် အချိန်များကို များစွာဖြုန်းတီးရာ ရောက်သည်ဟု ဆိုသည်။
“ဆီအုန်းစိုက်ပျိုးမှုဟာ နိုင်ငံအတွင်း စားသုံးဆီ လုံလုံလောက်လောက် ထုတ်လုပ်နိုင်ဖို့အတွက် အဓိက ဖွံ့ဖြိုးတိုးတက်ရမယ့် ပစ်မှတ်လို့ ပြောပါတယ်။ ဒီလိုဆိုရင် ကျနော်တို့က စက်ရုံတွေရဲ့ ကြီးမားတဲ့ သဘာဝ ပတ်ဝန်းကျင်နဲ့ လူမှုရေးဆိုင်ရာ အကျိုးသက်ရောက်မှုတွေကိုရော ပစ်မှတ်ထား ထည့်သွင်းစဉ်းစားသလား ဆိုတာကို မေးခွန်းထုတ်ချင်တာပါ” ဟု Mr. Mark Grindley က ပြောသည်။
စိုက်ပျိုးပြီးသော ဧကများတွင်လည်း သီးနှံအထွက်နှုန်းများ လျော့ကျလျက်ရှိရာ ယင်းကုမ္ပဏီများကို အစိုးရက ကော်မတီတရပ်ဖွဲ့ပြီး စနစ်တကျ ပြန်လည် စစ်ဆေးကြီးကြပ်ရမည်ဟု နေပြည်တော်၊ စိုက်ပျိုးရေးဦးစီးဌာန၊ နှစ်ရှည် သီးနှံဌာနခွဲမှ လက်ထောက်ဦးစီးမှူး ဦးစောမင်းအောင်က ပြောသည်။
ဆီအုန်းစိုက်ပျိုးသည့် ကဏ္ဍတွင်သာမက ထုတ်လုပ်သည့် ကဏ္ဍတွင်လည်း အလုပ်သမား၊ ဝန်ထမ်းအင်အား ကဏ္ဍ၊ ဆီလုံလောက်စွာ ကြိတ်ခွဲနိုင်မှု ကဏ္ဍများတွင်လည်း လိုအပ်ချက်များစွာ ရှိကြောင်း သိရသည်။
ထို့သို့သောအခြေအနေများကို လေ့လာဆန်းစစ်နိုင်ရန် FFI သည် မြန်မာ့ဆီအုန်း ထုတ်လုပ်မှုနှင့် ရေ ရှည်တည်တံ့မှု သုံးသပ်ချက် သုတေသန အစီရင်ခံစာတစောင်ကို ၂၀၁၄ ခုနှစ်အကျော်မှ စတင်ကာ ၁၈ လအကြာ ပြုလုပ်ခဲ့ပြီးနောက် တရားဝင် ထုတ်ပြန်ခဲ့သည်။
အပူပိုင်း မိုးသစ်တောများ ကာကွယ်ထိန်းသိမ်းရန် တနင်္သာရီတိုင်းရှိ ဆီအုန်းစိုက်ပျိုးမှုများ ရပ်ဆိုင်းရန် နိုင်ငံတကာ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များအဖွဲ့ (Fauna & Flora International – FFI) က အစိုးရသစ်အား ပြီးခဲ့သည့် မေလ ၁၆ ရက်တွင် တောင်းဆိုလိုက်သည်။
ယင်းအစီရင်ခံစာ ထွက်ရှိပြီးနောက် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်၍ “ဆီအုန်း ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲ” ကို ၂၀၁၆ ၊ ဇွန်၊ ၁၆ ရက်က မြိတ်မြို့ တွင် ပြုလုပ်ခဲ့သည်။
ယင်းအခမ်းအနားသည် ဆီအုန်းကဏ္ဍအတွက် အစိုးရသစ်လက်ထက် ရက် ၁၀၀ အတွင်း ပထမဆုံးပြုလုပ်သည့် ဆွေးနွေးပွဲဖြစ်ပြီး အခမ်းအနားသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ဝန်ထမ်းများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ FFI မှ တာဝန်ရှိသူများ၊ စိုက်ပျိုးရေးဌာနမှ အငြိမ်းစား ပုဂ္ဂိုလ်ကြီးများက တက်ရောက် ဆွေးနွေးခဲ့ကြသည်။
ဆီအုန်းကုမ္ပဏီ လုပ်ငန်းရှင်များကို အခမ်းအနား တက်ရောက်ရန် ဖိတ်ကြားထားသော်လည်း တက်ရောက်မှု မရှိကြောင်း သိရသည်။
တိုင်းအစိုးရအနေဖြင့် FFI ၏ အစီရင်ခံစာကို ကြိုဆိုပြီး ယခုပြုလုပ်သည့် ဆွေးနွေးပွဲသည် ပထမ ခြေလှမ်းဖြစ်ကြောင်း ပြောဆိုခဲ့သော်လည်း ၎င်းတို့အနေဖြင့် လုပ်ဆောင်မည့် ဆီအုန်းနှင့် ပတ်သက်သည့် မူဝါဒများကို တိကျ ပြတ်သားစွာ ပြောဆိုနိုင်ခြင်း မရှိခဲ့ပေ။
အစိုးရသစ်အနေဖြင့် ပြီးခဲ့သည့် အမှားများကို သင်ခန်းစာယူပြီး သဘာဝ ရတနာများကို ထိန်းသိမ်းခြင်းအပြင် နိုင်ငံတော်က မျှော်မှန်းထားသည့် မြန်မာ့ဆီအိုးကြီး ဖြစ်လာရေးအတွက် စတင်လုပ်ဆောင်ရန် အချိန်အခါကောင်း ရောက်နေပြီ ဖြစ်ပေသည်။
FFI မှ Senior Program Manager (Business & Biodiversity) ဖြစ်သည့် Ms. Anna Lyons က “ရှိပြီးသား စိုက်ပျိုးပြီးသား မြေနေရာတွေက သီးနှံအထွက် ၂ ဆ၊ ၃ ဆ တိုးတာမျိုးကို ဦးတည်သင့်တယ်။ နောက်တချက်က ချဲ့ထွင်မယ့် နေရာတွေကို သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီမှ ဆုံးဖြတ်သင့်တယ်။ ချဲ့ထွင်ဖို့ကို အဓိက မလုပ်သင့်ဘူး။ ဆီအုန်းရဖို့အရေး လူနည်းစုက ဦးဆောင်ပြီး ခွဲခြားတာမျိုး မဖြစ်သင့်ဘူး။ ဆက်စပ်တဲ့ အဖွဲ့အစည်းအားလုံး ပူးပေါင်း ဆောင်ရွက်သင့်တယ်” ဟု အကြံပြုသည်။