နိုင်ငံတကာအစိုးရများ ပူးပေါင်းဖွဲ့စည်းဆောင်ရွက်သော ငွေကြေးခဝါချမှု တိုက်ဖျက်ရေး အဖွဲ့အစည်း ဖြစ်သည့် Financial Action Task Force (FATF) က မြန်မာနိုင်ငံနှင့် ပါပူဝါနယူးဂီနီ နိုင်ငံတို့ကို ယခင်အပတ်က ၎င်း၏ နာမည်ပျက်စာရင်းမှ ပယ်ဖျက်လိုက်ကြောင်း သိရသည်။
တောင်ကိုရီးယားနိုင်ငံတွင် ကျင်းပခဲ့သည့် မျက်နှာစုံညီ အစည်းအဝေး အပြီး၌ ဇွန်လ ၂၇ ရက်နေ့က ထုတ်ပြန်ခဲ့သော ကြေညာချက်တစောင်တွင် FATF က အဆိုပါနိုင်ငံများက အစောပိုင်း စစ်ဆေးမှုများတွင် တွေ့ ရှိခဲ့ရသော အားနည်းချက်များကို ဖြေရှင်းရာတွင် သိသိသာသာ တိုးတက်မှုများရှိခဲ့သည့်အတွက် ကြိုဆိုကြောင်း ဖော်ပြထားသည်။ နာမည်ပျက်စာရင်းမှ ပယ်ဖျက်ပေးလိုက်ခြင်း၏ ရလဒ်အနေဖြင့် FATF က စောင့်ကြည့်ခြင်း မခံရတော့ဘဲ ဒေသတွင်း ငွေကြေးဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်သည်။
FATF ၏ ဆုံးဖြတ်ချက်က မေလအတွင်း အမေရိကန်နိုင်ငံက မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုအချို့ ပယ်ဖျက်ပေး လိုက်သည့်အတွက် ရင်းနှီးမြှုပ်နှံမှု တိုးတက်လာသည့် အခြေအနေတွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။
FATF က မြန်မာနိုင်ငံကို ၎င်း၏ နာမည်ပျက်စာရင်းမှနေ၍ ကွင်းဆင်းလေ့လာမှုအတွက် စောင့်ဆိုင်းနေသည့် တိုးတက်မှုရှိသော စာရင်း အတွင်းသို့ ဖေဖော်ဝါရီလ အတွင်းတွင် ပြောင်းရွှေ့ပေးခဲ့သည်။ လေ့လာရေးခရီးမှာ တိုတောင်းခဲ့သည်ဟု Myanmar Times ၏ သတင်းတပုဒ်က ဆိုသည်။
မြန်မာနိုင်ငံ အနေဖြင့် လာမည့်နှစ်အတွင်းတွင် ပိုမို၍ သေချာစေ့စပ်သည့် စစ်ဆေးမှုတခုကို ခံယူရမည် ဖြစ်ပြီး ထိုသို့စစ်ဆေးမှုက တိုင်းပြည်၏ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး အတွက် ထိရောက်မှုများ ရရှိစေလိမ့်မည်ဟု FATF ၏ အစီရင်ခံစာက ဆိုသည်။