မန္တလေးမြို့ရှိ ပဲနှမ်းကုန်စည်ဒိုင်တွင် ဧည့်သည်တော်ကတ် ကိုင်ဆောင်သည့် နိုင်ငံခြားသားကုန်သည်များ အရောင်းအဝယ်မပြုလုပ်ရန် ထပ်မံသတိပေးလိုက်ကြောင်း သိရသည်။
ယခင်ကတည်းက စည်းကမ်းချက် ထုတ်ပြန်ကာ တားမြစ်ထားခဲ့သော်လည်း လိုက်နာမှု အားနည်းသောကြောင့် ဇွန်လ ပထမပတ်က ကုန်စည်ဒိုင် စည်ကမ်းထိန်းသိမ်းရေးအဖွဲ့က သတိပေးချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ယမန်နေ့က ကုန်စည်ဒိုင်ဝန်းအတွင်း ကြေညာချက် ကို ထပ်မံ ဖော်ပြထားရသည်ဟု သိရသည်။
မန္တလေးကုန်စည်ဒိုင်၏ တွဲဖက်အတွင်းရေးမှူး ဦးကျော်သွင်က “တရုတ်ကုန်သည်က ဧည့်ကတ်နဲ့ ပြောင်ပြောင်တင်းတင်း ဝယ်နေကြပြီ။ အရင်ကလည်း အဲလိုအရောင်းအဝယ်တွေ ရှိခဲ့ပေမယ့် အခုနောက်ပိုင်း သိပ်ကဲလာလို့ စည်းမျဉ်းတွေ ထုတ်ပြန်ရတာပါ” ဟု ရှင်းပြသည်။
အထက်မြန်မာပြည်နှင့် တရုတ်နိုင်ငံသို့ ပဲနှမ်းအဓိက တင်ပို့ရောင်းချလျက်ရှိသည့် မန္တလေးကုန်စည်ဒိုင်သို့ အသင်းဝင်မဟုတ်သည့် ပြည်တွင်း၊ ပြည်ပကုန်သည်များ မကြာခဏလာရောက် လေ့လာလျက်ရှိရာ အသင်းသားအာမခံချက်ဖြင့် ယင်းကုန်သည်အား ဒိုင်အတွင်းသို့ ဧည့်သည်တော်ကတ်ပြားဖြင့် ဝင်ထွက်လေ့လာရန် ကုန်စည်ဒိုင်က ခွင့်ပြုထားခြင်းဖြစ်သည်။
ဧည့်သည်တော်ကတ်ပြား ကိုင်ဆောင်သည့်ကုန်သည်တွင် ဈေးကွက်စုံစမ်းခွင့်၊ ကုန်စည်များလေ့လာ ကြည့်ရှုခွင့်ရှိသော်လည်း မည်သည့်အရောင်းအဝယ်မှ ပြုလုပ်ခွင့်မပြုကြောင်း ကုန်စည်ဒိုင်၏ စည်းမျဉ်း စည်းကမ်းများတွင်
ပါရှိပြီးဖြစ်သော်လည်း လိုက်နာမှုအားနည်းသည့်အတွက် ယခုလိုထပ်မံသတိပေးရခြင်း ဖြစ်သည်ဟု
ကုန်စည်ဒိုင်သတင်းနှင့်ပြန်ကြားရေးအဖွဲ့က ပြောသည်။
ဧည့်ကတ်ဖြင့် လာရောက်သည့် ကုန်သည်အချို့က ဒိုင်အသင်းသားများကို တာဝန်ခံခိုင်းပြီး ပဲနှမ်း အရောင်းအဝယ် ပြုလုပ်လျက်ရှိရာ ဈေးကွက်အတွင်း ဈေးနှုန်းအပြောင်းအလဲ သက်ရောက်နိုင်သည့် ပမာဏအထိ
ဝယ်ယူမှုများရှိခြင်းနှင့် အသင်းသား ကုန်သည်အများစုကလည်း ၎င်းဝယ်လိုအားပေါ် မှီခိုနေရကြောင်း သိရသည်။
ဧည့်ကတ်ကိုင်ဆောင်ကာ အရောင်းအဝယ်ပြုလုပ်သူများမှာ တရုတ်ကုန်သည်များဖြစ်ပြီး ကုန်သည်အရေအတွက်မှာ
၄၊ ၅ ဦးဝန်းကျင်သာရှိသော်လည်း ဝယ်လိုအားကောင်းခြင်း၊ ဈေးပိုပေးခြင်းနှင့် ဝယ်ယူသည့် ကုန်စည်ပမာဏများခြင်းတို့ကြောင့် အသင်းသားကုန်သည်များ ကိုယ်တိုင်က ၎င်းတို့နှင့် အရောင်းအဝယ်
ပြုလုပ်လိုခြင်းဖြစ်သည်ဟု အသင်းသားများက ပြောသည်။
ဧည့်ကတ်ကိုင်ဆောင်သူများသည် အရောင်းအဝယ်ပြုလုပ်ခွင့် မရှိသလို ရောင်းမည့်ကုန်သည်နှင့် တိုက်ရိုက် စကားပြောခွင့်
ဈေးဖြတ်ခွင့်မရှိကြောင်း ကုန်စည်ဒိုင်၏ စည်းမျဉ်းစည်းကမ်းတွင် ပါရှိသော်လည်း လက်ရှိ အခြေအနေတွင် ကိုင်တွယ်ဖြေရှင်းရန် အခက်အခဲရှိကြောင်း ဒိုင်တွဲဖက်အတွင်းရေးမှူး ဦးကျော်သွင်က ပြောသည်။
ဦးကျော်သွင်က “သူတို့(ဧည့်ကတ်ဖြင့် ဒိုင်လာသည့် ကုန်သည်) မဝယ်ရင်လည်း ဒိုင်က ခြောက်ကပ်သွားသလို ဈေးကွက်ကလဲ သိသိသာသာအေးသွားတယ်။ အဲဒါကြောင့် ကိုယ့်အသင်းသားတွေ ရောင်းရအောင် တော်ရုံတန်ရုံဆို ဒိုင်က မသိချင်ယောင်ဆောင်နေရတာမျိုးရှိပါတယ်” ဟု ပြောသည်။
ပြီးခဲ့သည့်နှစ်က ဧည့်ကတ်ဖြင့် အရောင်းအဝယ်ပမာဏ အများအပြားပြုလုပ်သည့် တရုတ်ကုန်သည်အား ဧည့်ဝင်ခွင့် ၁ လပိတ်ကာ အရေးယူခဲ့ပြီး ယခုနှစ်တွင် အလားတူ အရေးယူမှုများ မရှိသေးကြောင်း
ကုန်စည်ဒိုင် သတင်းနှင့် ပြန်ကြားရေးအဖွဲ့ထံက သိရသည်။
“ခုချိန်ထိတော့ ဧည့်ကတ်ကိုင်တဲ့ကုန်သည်တွေကြောင့် ငွေကြေးအရှုပ်အရှင်းမရှိသေးဘူး။ စိုးရိမ်စရာရှိလာ နိုင်မလားဆိုတာက ကိုယ့်အသင်းသားတွေကလဲ ပါးနပ်ဖို့ လိုပါတယ်။ လက်ငင်းဝယ်တဲ့စနစ်ကို
ကျင့်သုံးဖို့ လိုပါတယ်” ဟု မန္တလေးကုန်စည်ဒိုင်၏ ဘဏ္ဍာရေးမှူး ဦးမျိုးဆွေက ပြောသည်။
ဧည့်သည်တော်ကုန်သည်အနေဖြင့် တာဝန်ခံအသင်းသားမပါရှိဘဲ ကိုယ်တိုင်အရောင်းအဝယ်ပြုလုပ်သည် ကို တွေ့ရှိပါက ပထမအကြိမ် ဒဏ်ငွေ အဖြစ် တာဝန်ခံအသင်းသားကို ၅ သောင်းကျပ်နှင့် ရောင်းသူကို ၅ သောင်းကျပ်၊ ဒုတိယအကြိမ်တွင် ၂ ဦးလုံးကို ဒဏ်ငွေ ၁ သိန်းကျပ်စီနှင့် တတိယအကြိမ် တွေ့ရှိပါက စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ဆုံးဖြတ်ချက်အတိုင်း လိုက်နာရမည်ဟု စည်းကမ်းချက်အား ဒိုင်ကြေငြာသင်ပုန်းတွင် အသိပေးဖော်ပြထားသည်။
မန္တလေးကုန်စည်ဒိုင်က လာမည့်စက်တင်ဘာတွင် ရောင်းသူ၊ ဝယ်သူနှစ်ဖက်လုံး ရောင်းမည့်ကုန်စည် တန်ဖိုး၏ စပေါ်ငွေ ၁၀ ရာခိုင်နှုန်း တင်ကာ အရောင်းအဝယ်ပြုလုပ်မည့်စနစ်အား စတင်ကျင့်သုံးရန် ပြင်ဆင်နေပြီဖြစ်သော်လည်း အဆိုပါစနစ် သည် အသင်းသားနှင့် အသင်းသားကိုယ်စားလှယ်များသား အကျုံးဝင်မည်ဖြစ်ကြောင်း သိရသည်။
မန္တလေးကုန်စည်ဒိုင်တွင် မှတ်ပုံတင်ထားသည့် အသင်းသား ၂၀၀၀ နှင့် အသင်းသား၏ ကိုယ်စားလှယ် ၃၀၀၀ ခန့်ရှိကြောင်း သိရသည်။