စီးပွားရေး

ပြည်ပ ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုရာတွင် ဦးစားပေး မူ ၂ ခု ထားမည်

This article has been converted from Zawgyi One to Unicode

ပြည်ပရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ခွင့်ပြုရာ၌ ပြည်တွင်း လုပ်သားအင်အားကို အများအပြား အသုံးပြုရသည့် လုပ်ငန်းနှင့် အခြေခံ အဆောက်အအုံ၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာစေရန် အဓိကကျသည့် မူ ၂ ခုကို MIC က ဦးစားပေး မြှုပ်နှံခွင့်ပြုရန် ဆွေးနွေးနေကြောင်း သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) အတွင်းရေးမှူး ဦးအောင်နိုင်ဦးက “နိုင်ငံသားတွေအတွက် လုပ်သား အင်အား အများအပြား အသုံးပြုတဲ့ လုပ်ငန်းတွေကို ဦးစားပေးမယ်။ နောက်တခုက တိုင်းပြည် အခြေခံ အဆောက်အအုံနဲ့ လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်လာဖို့ အဲ့ဒီကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်သွားမယ်ပေါ့။ ဒီ ၂ ခုကို မူပိုင်းဆိုင်ရာအနေနဲ့ စဉ်းစားခဲ့တယ်” ဟု ပြောသည်။

MIC ၏ ပထမဆုံး အစည်းအဝေးကို ဇွန်လ ၂၇ ရက်က နေပြည်တော်တွင် ပြုလုပ်ခဲ့ပြီး၊ ထိုအစည်းအဝေးအပြီး ခွင့်ပြုပေးလိုက်သည့် လုပ်ငန်း ၈ ခု ပါဝင်ပြီး ထိုင်ဝမ်၊ ဟောင်ကောင်၊ တရုတ်တို့၏ ရင်းနှီးမြှုပ်နှံမှုများ ဖြစ်ကြကြောင်းနှင့် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၃ သန်းကျော် ရှိကြောင်း ဦးအောင်နိုင်ဦးက ဆက်ပြောသည်။

MIC က လုပ်ပိုင်ခွင့် ချပေးလိုက်သည့် လုပ်ငန်း ၈ ခုမှာ လျှပ်စစ်ဝါယာကြိုးအမျိုးမျိုး ထုတ်လုပ်သည့် Myanmar Fei Long Electric Wire Factory Limited ၊ ဖိနပ်အစိတ်အပိုင်းများ ထုတ်လုပ်သည့် Myanmar Infocamp ကုမ္ပဏီ၊ အိတ်အမျိုးမျိုးချုပ်လုပ်သည့် OYC Asia CMP ၊ သစ်ပါးလွှာနှင့် အထပ်သားအရွယ်စုံ ထုတ်လုပ်သည့်  စီအိုတူး ဆိုလူးရှင်း ကုမ္ပဏီ၊ ဟိုတယ်ဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်မည့် Sein Myint Mo Tour and Travel ကုမ္ပဏီ၊ Htun Myant Aung ကုမ္ပဏီ၊ နိုင်ငံခြားသတင်းစာ ထုတ်ဝေမည့် Eleven Nation Media Company နှင့် Loscam Myanmar Limited ကုမ္ပဏီတို့ ဖြစ်ကြောင်း သိရသည်။

NLD အစိုးရသစ်တက်ပြီး ၂ လအကျော် ဇွန်လ ၇ ရက်တွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) အသစ်ကို ပြန်လည် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ အသစ်ပြန်လည် ဖွဲ့စည်းလိုက်သည့် MIC တွင် ဥက္ကဋ္ဌအဖြစ် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦကျော်ဝင်း၊ ဒုက္ကဋ္ဌအဖြစ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ သန်းမြင့်နှင့် အတွင်းရေးမှူးအဖြစ် ဦးအောင်နိုင်ဦးတို့ ဖြစ်သည်။

MIC ၏ ပထမဆုံး အစည်းအဝေးတွင် ပြည်ပ ရင်းနှီးမြှုပ်နှံသူများက ခွင့်ပြုမိန့်တင်ထားသော လုပ်ငန်းများကို ချပေးရန်ထက် မူဝါဒပိုင်းဆိုင်ရာများကို အဓိကဆွေးနွေးနေရသဖြင့် လုပ်ငန်းအနည်းငယ်ကိုသာ ခွင့်ပြုမိန့် ချပေးနိုင်ကြောင်း ဦးအောင်နိုင်ဦးက ဆိုသည်။

“မူပိုင်းဆိုင်ရာ ကိစ္စလေးတွေ အဓိကထားပြီးတော့ ဆွေးနွေးတယ်။ နောက် MIC အနေနဲ့ ရှေ့လျှောက် ဆောင်ရွက်မယ့် ပေါ်လစီကို ချမှတ်တယ်။ ဒါကြောင့်မို့ Proposal တင်ထားတဲ့ဟာကို ဦးစားမပေးဘဲနဲ့ ရှေ့လျှောက်လုပ်မယ့် လုပ်ငန်းစဉ်တွေကို ဆွေးနွေးတာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

MIC သည် NLD အစိုးရသစ် လက်ထက်တွင် သီးခြားအဖွဲ့အစည်း တခုအဖြစ် ရပ်တည်မည် မဟုတ်ဘဲ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၏ ကွပ်ကဲမှုအောက်တွင်သာ ရှိနေမည်ဖြစ်ကြောင်း သိရသည်။ MIC အား ပြန်လည်ဖွဲ့စည်းစဉ် အချိန်ကြန့်ကြာနေသဖြင့် ရင်းနှီးမြှုပ်နှံခွင့်ပြုမိန့်ကျရန် စောင့်နေကြသည့် ပြည်ပလုပ်ငန်း ရာကျော်ရှိနေကြောင်း သိရသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေများကို ပေါင်းစည်းထားသည့် ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ် ထွက်ပေါ်လာခြင်း မရှိသေးပဲ လွှတ်တော်တွင်း အတည်ပြုမှုရရှိရန် စောင့်ဆိုင်းနေဆဲကြောင်း သိရသည်။

Loading