စီးပွားရေး

ငွေကြေးဖောင်းပွမှု၊ ဘတ်ဂျက်လိုငွေနဲ့ မူဝါဒ အကွာအဟ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်နေ့က အာရှဖွံံ့ဖြိုးရေးဘဏ် ADB ရဲ့ဥက္ကဋ္ဌ မစ္စတာ တကီဟီကို နာကာအို ဦးဆောင်ပြီး သတင်းစာရှင်းလင်းပွဲတခု ပြုလုပ်ခဲ့ပါတယ်။

အဲဒီပွဲမှာ အစီရင်ခံစာတစောင်လည်း ထုတ်ပြန်ပါတယ်။ အစီရင်ခံစာထဲမှာ လက်ရှိ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာရေး နှစ်ရဲ့စီးပွားရေးတိုးတက်မှုနှုန်းကို ၈ ဒဿမ ၄ ရာခိုင်နှုန်းလောက် မှန်းထားပြီးတော့ ၂၀၁၇- ၁၈ ဘဏ္ဍာရေးနှစ် အတွက် ၈ ဒဿမ ၃ ရာခိုင်နှုန်းဖြစ်မယ်လို့ ခန့်မှန်းထားပါတယ်။

၂၀၁၅ ခုနှစ် အစပိုင်းလောက်က မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းကို ၈ ဒဿမ ၂ ဝန်းကျင်လောက် မှန်းခဲ့ကြပေမယ့် တကယ်တမ်းမှာ ၇ ဒဿမ ၂ လောက်သာရှိခဲ့တယ်လို့ဆိုကြပြန်ပါတယ်။ ရေကြီးရေလျှံမှုတွေ၊ မြေပြိုမှုတွေကြောင့် နှေးကွေးသွားတာဖြစ်တယ်လို့ သုံးသပ်ထားပါတယ်။

ပြီးခဲ့တဲ့မေလက ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့ဘဏ်ရဲ့အစီရင်ခံစာမှာတော့ မြန်မာ့စီးပွားရေးဟာ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှာ ၈ ဒဿမ ၅ ရာခိုင်နှုန်း အထိ တိုးတက်ခဲ့ပေမယ့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှာ ၇ ရာခိုင်နှုန်းအထိ ကျဆင်းလာခဲ့တယ်လို့ ဖော်ပြထားခဲ့ပါတယ်။

အစောပိုင်းခန့်မှန်းချက်မှာ ၆ ဒဿမ ၅ အထိ ခန့်မှန်းခဲ့ပါသေးတယ်။ ဒီနေရာမှာ ကမ္ဘာ့ဘဏ်ရဲ့ထုတ်ပြန်ချက်နဲ့ ADB ရဲ့ ထုတ်ပြန်ချက် အနည်းငယ် ကွာဟနေတာကို တွေ့ရှိရပါတယ်။

အလားတူပဲ ငွေကြေးဖောင်းပွမှုနဲ့ ပတ်သက်ရင်တော့ ယခုနှစ် ငွေကြေးဖောင်းပွမှုဟာ ၉ ဒဿမ ၅ ရာခိုင်နှုန်းအထိ ဆက်လက်မြင့်မားနေမယ်လို့ ADB က ခန့်မှန်းထားပေမယ့် ပြီးခဲ့တဲ့နှစ်ရဲ့ ငွေကြေးဖောင်းပွမှုနဲ့ ပတ်သက်ပြီးတော့ ဘာမှပြောမထားပါဘူး။ ဒါကြောင့် ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၅ ရက်နေ့က ထုတ်ပြန်လိုက်တဲ့ ကမ္ဘာ့ဘဏ်ရဲ့မြန်မာ့စီးပွားရေး စောင့်ကြည့် အစီရင်ခံစာကို ပြန်လေ့လာဖို့ ဖြစ်လာပါတယ်။

မြန်မာ့စီးပွားရေး စောင့်ကြည့်အစီရင်ခံစာမှာ မြန်မာ့စီးပွားရေးကျဆင်းသလို ငွေကြေးဖောင်းပွမှုဟာ ၁၁ ဒဿမ ၃ ရာခိုင် နှုန်းအထိ မြင့်တက်လာခဲ့တယ်လို့ ဖော်ပြထားခဲ့ပါတယ်။ အဓိကအားဖြင့် သွင်းကုန်တွေ များလာတာကြောင့် ဒေါ်လာဈေး တက်ရာနေ ငွေကြေးဖောင်းပွမှုမြင့်တက်လာတာလို့ ထောက်ပြထားပါတယ်။

ဘဏ်
မြန်မာ့ငွေကြေးဖောင်းပွမှုနှုန်းပြ ဇယား (ဇယား – www.quandl.com)

အလားတူပဲ ပြီးခဲ့တဲ့နှစ်မှာ အမေရိကန်ငွေကြေးတန်ဖိုး ခိုင်မာလာခြင်းက မြန်မာငွေကြေးလဲလှယ်မှုနှုန်းထားများအပေါ် ဖိအားရှိစေခဲ့ပါတယ်။ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းတွေကိုပေးတဲ့ ချေးငွေ(credit to private sector) ပမာဏကလည်း မြင့်တက်ခဲ့ပါတယ်။

“ငွေကြေးဖောင်းပွမှုနဲ့ ပတ်သက်ရင်တော့ ယခုလည်း ၁၀ ရာခိုင်နှုန်းကျော်သွားပြီဆိုတဲ့ အသံမျိုးလည်းကြားရတယ်။ လစဉ် စီးပွားရေးအညွှန်း (Monthly  Economic indicator) ထဲမှာ ပြန်ကြည့်ရင် တွေ့မှာပါ။ ဒါပေမယ့်လည်း စီးပွားရေးအလားအလာနဲ့ ပတ်သက်ပြီး ခန့်မှန်းတာကတော့ positive ပဲ ခန့်မှန်းပါတယ်” လို့ ရန်ကုန်တိုင်းဒေသကြီး စီမံဘဏ္ဍာဝန်ကြီး ဖြစ်တဲ့ ဦးမြင့်သောင်းက ပြောပါတယ်။

ဒေါ်လာဈေးထက် ရွှေဈေးပိုတက်

ဒေါ်လာဈေးကွက်ကို လေ့လာကြည့်ရင် ၂၀၁၅ ခုနှစ် သြဂုတ်လကုန်လောက်မှာ ဘဏ်အချို့နဲ့ ပတ်သက်တဲ့ သတင်းတွေ ထွက်ပေါ်လာပြီး ဒေါ်လာဈေးက ၁၃၀၀ အထက်ကို ရောက်သွားခဲ့ပါတယ်။ အဲဒီအချိန်မှာ ငွေကြေးဖောင်းပွမှုနှုန်းကို ၁၃ ရာ ခိုင်နှုန်းလောက်အထိ တွက်ခဲ့ကြတာ တွေ့ရပါတယ်။

ယခုတော့ ဒေါ်လာဈေး က ၁၁၈၀ ဝန်းကျင်လောက်ပဲရှိပါတယ်။ အခုအချိန်မှာ ငွေကြေးဖောင်းပွမှုနှုန်းကို ၉ ဒဿမ ၅ ရာ ခိုင်နှုန်းလောက် တွက်ထားတာ တွေ့ရပါတယ်။ ဒါက ဒေါ်လာဈေးနဲ့ နှိုင်းယှဉ်ချက်ဖြစ်ပါတယ်။

ရွှေဈေးနဲ့ နှိုင်းယှဉ်ပြောမယ်ဆိုရင် ငွေဖောင်းပွမှုနှုန်းက ပိုများနေပါလိမ့်မယ်။ ကမ္ဘာ့ရွှေဈေးနှုန်းက ၂၀၁၁ ခုနှစ် စက်တင်ဘာလမှာ အမြင့်ဆုံးဖြစ်ခဲ့ပြီး တအောင်စကို ၁၈၆၉ ဒဿမ ၂၀ ဒေါ်လာ အထိ ရောက်ရှိခဲ့တာပါ။ အဲဒီနောက်  ၂၀၁၂ ဇူလိုင် လ ၁၇ ရက်နေ့မှာတော့ တအောင်စ ၁၅၇၀ ကို ပြန်လည်ကျဆင်းခဲ့ပါတယ်။

အဲဒီကနေ အောက်တိုဘာလ ၉ ရက်နေ့ မှာတော့ တအောင်စကို ၁၇၆၃ ဒေါ်လာကို ပြန်ပြီး မြင့်တက်လာခဲ့ပေမယ့်လည်း ယင်းကာလ နောက်ပိုင်းဈေးတွေ ဆက်တိုက်ပြန် ကျဆင်းလာခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် ဇူလိုင်လမှာ ၂၉ ရက်နေ့မှာတော့ တ အောင်စကို ၁၀၈၆ ဒဿမ ၁၄ အထိ စံချိန်တင် ကျဆင်းခဲ့ပါတယ်။

၂၀၁၅ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့မှာ အနည်းငယ်ပြန်တက်လာပြီး တအောင်စကို ၁၁၂၆ ဒေါ်လာဖြစ်လာတဲ့ အချိန်မှာ ပြည်တွင်းရွှေဈေးကွက်မှာ အခေါက်ရွှေတကျပ်သား ဈေးနှုန်းက ၇ သိန်း ၆ သောင်းကျပ် ဖြစ်နေပြီးတော့ တဒေါ်လာပေါက် ဈေးက ၁၂၈၀ ကျပ်ဝန်းကျင် ရှိနေပါတယ်။

ဇွန်လ ၁၅ ရက်နေ့က ကမ္ဘာ့ရွှေဈေးကွက်မှာ ရွှေတအောင်စကို ၁၂၈၅ ဒဿမ ၈၀ ရှိပါတယ်။  ဒေါ်လာဈေးက ၁၁၉၀ ကျပ် ဝန်းကျင်မှာ ပြည်တွင်းဈေးကွက်မှာ အခေါက်ရွှေတကျပ်သားကို ကျပ် ၈ သိန်းအထိ ဈေးခေါ်ထားတာ တွေ့ရပါတယ်။

“အခု ကမ္ဘာ့ရွှေဈေး ပြန်တက်လာတယ်ဆိုတာက ပေါင်စတာလင်ဈေး မငြိမ်လို့ ဖြစ်တာပါ။ ပေါင်စတာလင် မငြိမ်တာက လည်း အီးယူကနေပြီး ယူကေက ထွက်မယ့်ကိစ္စတွေနဲ့ ပတ်သက်ပါတယ်။ တကယ်လို့ထွက်မယ်ဆိုရင် ပေါင်စတာလင်က တန်ဖိုးကျသွားနိုင်တယ်။ ဒါကြောင့် တပြိုင်တည်း တချိန်တည်းမှာ ရွှေဈေးကလည်း တက်လာတယ်။ ဒုတိယ အချက်က တော့ လယ်ယာကဏ္ဍအတွက်ဆိုပြီးတော့ ငွေကျပ် ဘီလျံ ၅၀၀ သုံးစွဲသွားမယ့် အစိုးရရဲ့ အစီအစဉ်ရှိတယ်။ တဧက တသိန်းကနေ တသိန်းခွဲအထိ တိုးမြှင့်ထုတ်ချေးမယ်။ အဲဒီနှစ်ချက်က တပြိုင်တည်း ဖြစ်သွားတဲ့အတွက် နည်းနည်းလေး ရွှေဈေးမှာ အပြောင်းအလဲ ဖြစ်သွားတယ်လို့ မြင်တယ်”လို့ ဒေါက်တာအောင်ကိုကို (စီးပွားရေးပေါ်လစီ)က ပြောပြခဲ့တာပါ။

မြန်မာနိုင်ငံက ရွှေတင်သွင်းနေတဲ့ နိုင်ငံမဟုတ်ပါဘူး။ ပြည်ပကိုတောင် ပြန်ပို့နေရတဲ့ နိုင်ငံတနိုင်ငံဖြစ်ပါတယ်။ ပြည်တွင်းမှာ ရောင်းနေတဲ့ ရွှေတွေက ပြည်တွင်းက ထွက်တဲ့ ရွှေတွေဖြစ်နေပေမယ့် နိုင်ငံတကာပေါက်ဈေး၊ ဒေါ်လာဈေးနဲ့ ဆွဲချိတ်လိုက်တာကြောင့် ရွှေဈေးပါ သိသိသာသာ မြင့်တက်နေပါတယ်။

ဒေါ်လာဈေး၊ ရွှေဈေးတက်တာနဲ့ ဆန်ဈေး၊ ဆီဈေး၊ ဆေးဈေးစတဲ့ အခြေခံကုန်ပစ္စည်းတွေလည်း သိသိသာသာ မြင့်တက် လာတော့တာပါပဲ။ ဒါက ငွေကြေးဖောင်းပွမှုကြောင့် ဖြစ်လာတဲ့ အကျိုးဆက်တွေပါ။

ငွေဖောင်းပွရတဲ့ အကြောင်းရင်းတွေလည်းရှိပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ထုတ်ပြန်လိုက်တဲ့ ADB ရဲ့အစီရင်ခံစာမှာ ဖော်ပြထားတဲ့ ကိန်းဂဏန်းတွေအရဆိုရင်တော့ ၂၀၁၅ ခုနှစ်ရဲ့ စာရင်းရှင်လိုငွေ( Current account deficit )ဟာ GDP ရဲ့ ၈ ဒဿမ ၉ ရာခိုင်နှုန်းရှိတယ်လို့ ဖော်ပြထားပြီး လက်ရှိ ၂၀၁၆ ခုနှစ်မှာတော့ ၈ ဒဿမ ၃ ရာခိုင်နှုန်းကို ကျဆင်းလာမယ် လို့ မျှော်မှန်းထားတယ်လို့ ဖေါ်ပြထားပါတယ်။

၂၀၁၅ ခုနှစ်  မြန်မာနိုင်ငံရဲ့GDP ဟာ အမေရိကန်ဒေါ်လာ ၆၇ ဘီလီယံရှိခဲ့ပါတယ်။ လူဦးရေ  ၅၁ ဒဿမ ၈ သန်းဖြစ်တဲ့ အတွက် တဦးချင်းဝင်ငွေကတော့ အမေရိကန်ဒေါ်လာ ၁၂၉၂ ရှိနေပါတယ်။ ၂၀၁၅ ခုနှစ်က လိုငွေက GDP ရဲ့ ၈ ဒဿမ ၉ ရာခိုင်နှုန်းရှိခဲ့တဲ့တွက် မနှစ်က စာရင်းရှင်လိုငွေပမာဏဟာ ၅ ဒဿမ ၉၆၃ ဘီလီယံ ဒေါ်လာရှိနေခဲ့ပါတယ်။ ဒီနှစ်ကို ၈ ဒဿမ ၃ ဆို တဲ့အတွက်လည်း ၅ ဘီလီယံဒေါ်လာ အထက်မှာ ရှိနေဦးမယ်လို့ ခန့်မှန်းရပါတယ်။ ဒါကြောင့် ငွေကြေးဖောင်းပွမှုက ဆက်ဖြစ်နေနိုင် သေးပါတယ်။

ဒေါ်လာဈေးက သတ်မှတ်တဲ့ ဘတ်ဂျက်

မြန်မာနိုင်ငံမှာ ဘတ်ဂျက်လိုငွေပြမှုတွေကတော့ နှစ်စဉ်ဖြစ်ပေါ်ခဲ့တာပါ။ ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ မြန်မာနိုင်ငံရဲ့ဘတ်ဂျက်လိုငွေပြမှုဟာ ကျပ်ငွေ ဘီလီယံ ၁၁၀၀၀ နီးပါးရှိခဲ့ပါတယ်။ ဒီလို ဘတ်ဂျက်လိုငွေ မြင့်မားနေတာဟာ ပထမအကြိမ် လျာထားတဲ့ ဘတ်ဂျက်များအပြင် ထပ်တိုး ဘတ်ဂျက်တွေ တောင်းခံတဲ့အတွက်လည်း ဖြစ်တယ်လို့လွှတ်တော်အမတ်တချို့က ကောက်ချက်ဆွဲကြပါတယ်။

အစဉ်အလာအားဖြင့် ဘတ်ဂျက်အမျိုးအစား ၃ မျိုး ခွဲထားပါတယ်။ ပထမတမျိုးကတော Balance Budget ညီမျှတဲ့ဘတ်ဂျက် ဖြစ်ပါတယ်။ ပြီးတော့ လိုငွေပြဘတ်ဂျက်နဲ့ ပိုငွေပြဘတ်ဂျက်တို့ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ နှစ်စဉ် “လိုငွေပြ ဘတ်ဂျက်”တွေသာ ဖြစ်နေပါတယ်။

၂၀၁၅ ခုနှစ်ရဲ့အနေအထားကိုကြည့်ရင် ဘတ်ဂျက်ရေးဆွဲစဉ်မှာ တဒေါ်လာကို ၁၀၂၀ ကျပ်နဲ့တွက်ပြီး ရေးဆွဲခဲ့ကြတယ် လို့ သိရပါတယ်။ ထပ်တိုးဘတ်ဂျက် တောင်းခံတဲ့အချိန်မှာ ဒေါ်လာဈေးက ၁၂၈၀ ဝန်းကျင် ရှိနေတဲ့အတွက် အတော်ဟ သွား ခဲ့ပါတယ်။

နိုင်ငံတနိုင်ငံအတွက် ဘဏ္ဍာရေး တောင့်တင်းမှုဟာ အရေးကြီးလှပါတယ်။ နိုင်ငံတကာ ငွေရေးကြေးရေး အဖွဲ့အစည်းတွေ ရဲ့သုံးသပ်ချက်အရ ဘတ်ဂျက်လိုငွေက ဂျီဒီပီရဲ့ ၅ ရာခိုင်နှုန်းကျော်နေတာဟာ တိုင်းပြည်စီးပွားရေးအတွက် ကောင်းတဲ့ လက္ခဏာ မဟုတ်ပါဘူး။

နှစ်စဉ်နှစ်တိုင်း ထုတ်နေတဲ့ စာရင်းစစ်ချုပ်အစီရင်ခံစာတွေကို ပြန်ကြည့်ရင် ဘယ်ဝန်ကြီးဌာနက ဘယ်လောက်သုံးတယ် ဆိုတာ ပါရှိပါတယ်။ အဲဒီအတွက် ကန့်ကွက်ချက်တွေလည်း ရှိပါတယ်။ ဒါပေမယ့် စာရင်းစစ်ချုပ်ရဲ့ကန့်ကွက်ချက်တွေကို အရေးယူဆောင်ရွက်တဲ့အပိုင်းမှာ အလွန်အားနည်းနေခဲ့တယ်လို့ မြင်ရပါတယ်။ တကယ်တမ်းမှာ ဘတ်ဂျက်ကို ထိန်းညှိ (Check and balance) နိုင်တဲ့ အခြေအနေလည်းမရှိခဲ့ပါဘူး။

အမြဲတမ်းလိုလို အစိုးရက ဗဟိုဘဏ်ကို သူ့ရဲ့လိုငွေအတွက် ဖြည့်ဆည်းပေးနိုင်ရမယ်ဆိုတဲ့ မူဝါဒရှိနေတယ်လို့ သုံးသပ် တာမျိုးတွေလည်း ကြားသိရပါတယ်။ ပြီးခဲ့တဲ့ အစိုးရသက်တမ်းတလျှောက် အဲဒီမူဝါဒကိုပဲ ကိုင်စွဲလုပ်ဆောင်နေခဲ့တဲ့ အတွက် ထိန်းညှိမှု ပျက်ယွင်းသွားနေတဲ့ အနေအထားကို အထင်းသား မြင်နေခဲ့ရပါတယ်။
အာရှဖွံ့ဖြိုးရေးဘဏ်(ADB) ကတော့ ဒီလို ထောက်ပြထားပါတယ်။

(၁) မြန်မာနိုင်ငံအနေနဲ့ အဓိကနယ်ပယ်တွေမှာ စီးပွားရေးတည်ဆောက်ပုံဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို စူးစိုက်လုပ် ဆောင်သင့်တယ်။
(၂) ဘဏ္ဍာရေးအရင်းအမြစ်တွေကိုသာမက အသိပညာနဲ့ နည်းပညာတိုးတက်ခြင်းကို ဖြစ်ပေါ်စေတဲ့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်နိုင်ဖို့ လိုတယ်။
(၃) ဒီလိုဆွဲဆောင်နိုင်ဖို့အတွက် စီးပွားရေးလုပ်ငန်း ပတ်ဝန်းကျင်ကို ပိုမိုကောင်းမွန်အောင် မဖြစ်မနေ လုပ်ဆောင်သင့်တယ်လို့ ထောက်ပြထားပါတယ်။

လက်ရှိ အစိုးရသစ်ကတော့ စီးပွားရေးကို ဘယ်လိုမူကို အခြေခံပြီး  ဘယ်ဘတ်ဂျက်ဦးစားပေးမှာလဲ။ ဘယ်လိုစီမံခန့်ခွဲမှုနဲ့ သွားမလဲဆိုတာ အားလုံးက စောင့်ကြည့်နေကြပါတယ်။

(ယမင်းမြတ်အေးသည် ရန်ကုန်အခြေစိုက် စီးပွားရေးဆိုင်ရာ အမျိုးသမီး သတင်းစာဆရာတဦး ဖြစ်သည်)

Did you find apk for android? You can find new Free Android Games and apps.
Loading