စီးကရက် ဘီယာမှ ဆောက်လုပ်ရေးလုပ်ငန်းအထိ စီးပွားရေးလုပ်ငန်းမျိုးစုံ လုပ်ကိုင်နေသော စစ်တပ်ပိုင် မြန်မာစီးပွားရေးဦးပိုင် လီမိတက်ကုမ္ပဏီသည် အများပိုင်ကုမ္ပဏီတခုဖြစ်လာပြီးနောက် အများပိုင်ပြုလုပ်ခြင်း အားထုတ်မှု တခုအနေဖြင့် ရှယ်ယာများ စတင်ရောင်းချရန် ပြင်ဆင်လျက်ရှိကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ဇွန်လ ၁၀ ရက်နေ့တွင် ပြောသည်။
ဦးပိုင်ကုမ္ပဏီက မတ်လနှောင်းပိုင်းတွင် စစ်တပ်ပိုင် သတင်းစာတခု၌ ၎င်းတို့ကုမ္ပဏီအား အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲသွားမည်ဟု ကြေညာခဲ့သည်။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်လက်အောက်ရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ မှတ်ပုံတင်ရေးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ဦးပိုင်ကုမ္ပဏီသည် အများပိုင်အဖြစ် ပြောင်းလဲရန် တရားဝင် လုပ်ငန်းများ အပြည့်အစုံ ဆောင်ရွက်ပြီးဖြစ်ပြီး နိုင်ငံပိုင်လုပ်ငန်းတခု မဟုတ်တော့ကြောင်း ပြောသည်။
“တရားဝင်ကတော့ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်း တခုပါပဲ”ဟု ဦးပိုင်ကုမ္ပဏီက စီးပွားရေးကို အလေးပေးပြီး ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ရန်နှင့် ရေရှည်တွင် မြန်မာစတော့အိတ်ချိန်း၌ စာရင်းသွင်းနိုင်ရန် ရည်ရွယ်ခဲ့ကြောင်း ဦးအောင်နိုင်ဦးက ပြောသည်။ ထို့နောက် ဦးပိုင်ကုမ္ပဏီသည် လက်ရှိတွင် ရှယ်ယာဖွဲ့စည်းမှု ပုံစံ ပြောင်းလဲနေပြီး ရှယ်ယာ အမျိုးအစား အချို့ကိုလည်း စတင် ထုတ်ရောင်းနေသည်။ ထိုလုပ်ငန်းစဉ်မှာ နှစ်အနည်းငယ် ကြာမြင့်မည်ဖြစ်သည်။
အများပိုင်အဖြစ် ပြောင်းလဲရန် ကြိုးပမ်းမှုများမှာ မြန်မာနိုင်ငံမှ သီးခြားရပ်နေသော စီးပွားရေးအစုအဖွဲ့များအနက် တခု ဖြစ်သည့် ဦးပိုင်ကုမ္ပဏီအတွက် သိသာထင်ရှားသောအပြောင်းအလဲတခု စတင်ခြင်းဖြစ်သည်။ ဦးပိုင်ကုမ္ပဏီသည် အမေရိကန် ကုမ္ပဏီများနှင့် စီးပွားရေးမလုပ်ရန် တားမြစ်ထားသည့် အမေရိကန်၏ ပိတ်ဆို့တားဆီးမှု စာရင်းတွင် ပါဝင်ဆဲဖြစ်သော်လည်း ပို၍ခေတ်မီပြီး ပွင့်လင်းမြင်သာမှုှ ရှိလာစေရန်နှင့် ရင်းနှီးမြှုပ်နှံသူများ အပါအဝင် နိုင်ငံခြား စီးပွားရေး လုပ်ဖော် ကိုင်ဖက်များကို ဆွဲဆောင်ရှိစေရန် စစ်တပ်၏ အားထုတ်မှု ဖြစ်ကြောင်း ဖော်ပြနေသည်။
၁၉၉၀ ခုနှစ်တွင် တည်ထောင်ခဲ့သော ဦးပိုင်ကုမ္ပဏီ ရှယ်ယာများကို ကာကွယ်ရေး ဝန်ကြီးဌာနတွင် လက်ရှိ တာဝန်ထမ်းဆောင်နေသူများနှင့် စစ်မှုထမ်းဟောင်းများကသာ ပိုင်ဆိုင်ပါသည်။ ဦးပိုင်ကုမ္ပဏီတွင် အကြီးအကဲအဖြစ် ၂၀၁၄ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သော အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ဖြစ်သည့် ဦးခင်ဇော်ဦးက အုပ်ချုပ်ရေး ရာထူးတခုတွင် စစ်တပ်အတွက် အလုပ်လုပ်နေသော ဝန်ထမ်းများ၊ အထည်ချုပ်စက်ရုံများ၊ စားသောက်ကုန် စက်ရုံများနှင့် ဦးပိုင်၏ အခြားရင်းနှီမြှုပ်နှံမှု လုပ်ငန်းများတွင် လုပ်ကိုင်နေသူများကို ပထမဆုံးအနေဖြင့် ရှယ်ယာအချို့ကိုသာ စတင် ရောင်းချလိမ့်မည်ဖြစ်ကြောင်း ပြောသည်။
ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူများကိုလည်း ကုမ္ပဏီမှ ရှယ်ယာများ ဝယ်ယူရန် နောက်ပိုင်းတွင် ခွင့်ပြုသွားမည်ဖြစ်ကြောင်း သူက ပြောသည်။ လက်ရှိရှယ်ယာများ၏ ၃၀ ရာခိုင်နှုန်းခန့် ဝယ်ယူခွင့်ပြု သွားမည်ဟု သိရသည်။
“တပ်မတော်သားတွေ သူတို့တွေရဲ့ မိသားစုတွေနဲ့ ကျနော်တို့ရဲ့ ကိုယ်ပိုင်ဝန်ထမ်းတွေကို ကျနော်တို့ရဲ့ အမြတ်တွေကို ပေးချင်ပါတယ်”ဟု ဦးခင်ဇော်ဦးက ပြောသည်။
စစ်တပ်ပိုင် စီးပွားရေးအစုအဖွဲ့ ၂ ခုအနက် တခုဖြစ်သော ဦးပိုင်ကုမ္ပဏီသည် စီးပွားရေးအပေါ် စစ်တပ်က နှစ်ပေါင်းများစွာကြာ ပိတ်ဆို့မှု၏ သာဓကဖြစ်ခဲ့ပြီး အဓမ္မ မြေသိမ်းယူရန်နှင့် အခွန်ရှောင်ရန် စစ်တပ်ပုံရိပ်ကို အသုံးပြုခဲ့သည့်အတွက် စွပ်စွဲ ဝေဖန်ခံခဲ့ရသည်။
သို့သော် ၂၀၁၁ ခုနှစ် စစ်တပ်အုပ်ချုပ်ရေး ပြီးဆုံးသောအခါ အခွန်ကင်းလွတ်ခြင်းနှင့် အချို့ကဏ္ဍများတွင် လက်ဝါးကြီးအုပ်သည့် ကုမ္ပဏီ၏ အထူးအခွင့်အရေးများ အဆုံးသတ်ခဲ့သည်။ ထ့ိုနောက် ကုမ္ပဏီသည် ပြည်သူ့ဆက်ဆံရေးအကြံပေးများ ငှားရမ်းခြင်းနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို တက်ကြွစွာ ဆွဲဆောင်ခြင်း စသည်တို့ ဖြင့် ၎င်းတို့၏ပုံရိပ်ကို စတင်ပြောင်းလဲခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် နိုင်ငံ၏ အများဆုံး အခွန်ထမ်းဆောင်သူများ စာရင်းတွင် အဆင့် ၄ နေရာ၌ ရပ်တည်ခဲ့ကြောင်း အစိုးရမှတ်တမ်းများအရ သိရသည်။
အခွန်ကင်းလွတ်ခွင့် ဆုံးရှုံးရခြင်းက “စစ်တပ်ရဲ့ စီးပွားရေးအစုအဖွဲ့နဲ့ သူရဲ့ လက်အောက်ခံကုမ္ပဏီတွေကို အဆင့်မြင့်တင်ဖို့ ပိုပြီး ယှဉ်ပြိုင်လိုစိတ်ရှိဖို့ အထူးသဖြင့် သူတို့က စစ်တပ်ဘဏ္ဍာအတွက် အရေးကြီးတဲ့ အရင်းအမြစ်တခုဖြစ်တာကြောင့် ဖိအားသက်ရောက်စေပါတယ်”ဟု ရန်ကုန်မြို့ရှိ အတိုင်ပင်ခံကုမ္ပဏီတခုဖြစ်သည့် Vriens & Partners၏ မန်နေးဂျင်း ဒါရိုက်တာ ဦးဉာဏ်သာမော်လွင်က ပြောသည်။
၂၀၁၃ ခုနှစ်တွင် ဦးပိုင်ကုမ္ပဏီသည် Myanmar Brewery ကုမ္ပဏီတွင် နိုင်ငံခြားစီးပွားဖက်ဖြစ်သော စင်ကာပူအခြေစိုက် Fraser & Neave ကုမ္ပဏီ၏ ရှယ်ယာများကို ပြန်လည်ဝယ်ယူရန် ကြိုးစားရာမှ ကုမ္ပဏီ၂ ခုအကြား ကာလရှည်ကြာစွာ အငြင်းပွားမှု ဖြစ်ပွားခဲ့ပြီး နောက်ပိုင်းတွင် စင်ကာပူနိုင်ငံ တရားခုံရုံးတွင် ဦးပိုင်ကုမ္ပဏီက သွားရောက် အဆုံးအဖြတ် ခံယူခဲ့ရသည်။ ဦးပိုင်ကုမ္ပဏီက ထိုသို့ သွားရောက် အဆုံးအဖြတ်ခံယူရခြင်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကို ရရှိစေရန် ဖြစ်ကြောင်း လေ့လာသုံးသပ်သူများက ပြောကြသည်။ နောက်ပိုင်းတွင် Japan နိုင်ငံမှ Kirin က မြန်မာနိုင်ငံ၏ အကြီးဆုံး ဘီယာလုပ်ငန်းဖြစ်သော Myanmar Brewery မှ F&N ကုမ္ပဏီ၏ ရှယ်ယာများကို ဝယ်ယူခဲ့သည်။
အခြားဒေသတွင်း ရင်းနှီးမြှုပ်နှံသူများကလည်း ဦးပိုင်ကုမ္ပဏီနှင့် အတူ ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ ကိုရီးယားနိုင်ငံမှ Inno Group သည် အမေရိကန်ဒေါ်လာ သန်း ၁၂၀ တန်ဖိုးရှိ “Inno City” အဆောက်အအုံ စီမံကိန်းကို ဦးပိုင်နှင့် ဖက်စပ် ဆောက်လုပ်နေပါသည်။ ဦးပိုင်က မြန်မာနိုင်ငံအလယ်ပိုင်းမှ ကြေးနီစီမံကိန်းအပါအဝင် တရုတ်နိုင်ငံသားများ ဦးဆောင်သော စီမံကိန်း အများအပြားတွင်လည်း စီးပွားဖက်တဦးအဖြစ် ပါဝင်ပါသည်။
လက်ရှိတွင် ကုမ္ပဏီအနေဖြင့် အနောက်တိုင်းရင်းနှီးမြှုပ်နှံမှုများ ရရှိရန် အလားအလာ နည်းနေပါသေးသည်။ ထိုသို့ ဖြစ်ရခြင်းမှာ မြန်မာစစ်တပ်နှင့် ပူးပေါင်း၍ စီးပွားရေးလုပ်ခြင်းက ဂုဏ်သိက္ခာ ထိခိုက်နိုင်သည့်အတွက်ဖြစ်ကြောင်း လေ့လာသုံးသပ်သူများက ပြောသည်။
( The Wall Street Journal ပါ Shibani Mahtani ၏ Myanmar Military’s Vast Conglomerate Goes Public ကို ဆုမွန်ဖြိုး ဘာသာပြန်ဆိုသည်)