အစိုးရသစ်လက်ထက်တွင် စတင်ဝင်ရောက် လုပ်ကိုင်ရန် ခွင့်ပြုချက် လျှောက်ထားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စာရင်းတွင် အမေရိကန်နိုင်ငံ မပါဝင်သေးကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
ဧပြီလမှစ၍ ယနေ့ အချိန်ထိ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ရန် ခွင့်ပြုချက် လျှောက်ထားသည့် လုပ်ငန်း ၁၀၀ ကျော်ရှိသည့်အနက် ၈ ခုကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် MIC အသစ်က ပြီးခဲ့သည့် ဇွန်လပိုင်းတွင် ခွင့်ပြုပေးခဲ့သည်။
လက်ရှိတွင် လုပ်ကိုင်ခွင့်ပြုရန် တင်ထားသည့် လုပ်ငန်းပေါင်း ၉၈ ခု ကျန်ရှိနေပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တင်ထားသည့်အရေအတွက်မှာ ၄၇ ခု ဖြစ်ကြောင်း MIC အောက်တွင် ဖွဲ့စည်းထားသည့် Proposal Assessments Team အဖွဲ့ဝင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမင်းဇော်ဦးက ပြောသည်။
၎င်းက “Proposal တင်ထားတဲ့ လုပ်ငန်းတွေက ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေများပါတယ်။ နိုင်ငံစုံပါပဲ” ဟု ပြောသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ဌာန ၄ ခု ခွဲ၍ ကဏ္ဍအလိုက် လက်ခံရာ ၄ ခုလုံးတွင် အမေရိကန် တိုက်ရိုက် ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်း မပါရှိကြောင်း သိရသည်။
အမေရိကန်တို့၏ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများသည် နည်းပညာ မြင့်မားမှုကို အားပြုလာသည့်အတွက် ပြည်တွင်းရှိ အခြေခံ အဆောက်အအုံပြည့်စုံမှုနှင့် ကျွမ်းကျင်လုပ်သားများ ရှားပါးနေမှုက ရင်းနှီးမြှုပ်နှံမှုကို အဆင်မပြေ ဖြစ်စေနိုင်သည့် အကြောင်းတခု ဖြစ်ကြောင်း မြန်မာနိုင်ငံကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်ကြီးများ အသင်းချုပ် ဒုဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ပြောသည်။
၎င်းက “အခုလာတဲ့ ရင်းနှီးမြှပ်နှံမှုတွေက လုပ်သားများများ အသုံးပြုတဲ့ လုပ်ငန်းတွေပေါ့။ ဒါတွေလာတာ များတယ်။ အမေရိကန်က ဒါတွေ သိပ်မလုပ်တော့ဘူး၊ သူတို့က နည်းနည်း Hing Tech တွေ ဖြစ်သွားပီ။ ဒီတော့ ဒါတွေအတွက်က Infrastructure Development ဖြစ်မှ လုပ်လို့ရတယ်။ ဥပမာ လျှပ်စစ်မီးပဲဖြစ်ဖြစ်ပေါ့၊ ဒီ High Tech ကို လုပ်နိုင်တဲ့ဟာကလည်း ကျွမ်းကျင်လုပ်သားလိုပါတယ်။ လောလောဆယ် သူတို့ Investment တွေက Skill Labor မရှိတာရယ်၊ Developed မဖြစ်တာရယ် နောက်တချက်က US Sanction အထိုက်အလျှောက် ရှိသေးတာကြောင့် စိတ်မဝင်စားတာတွေ ရှိပါတယ်။ ဒါကြောင့် ဖြည်းဖြည်းတော့ ဝင်လာမယ် မျှော်လင့်ပါတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံအပေါ် အမေရိကန်၏ စီးပွားရေး ပိတ်ဆို့မှုသည် တဖြည်းဖြည်း လျှော့ချသည်ဟု ဆိုသော်လည်း လက်ရှိအထိ သက်တမ်း ၁ နှစ်တိုး အနေအထားဖြင့် ရှိနေဆဲ ဖြစ်သည်။
အမေရိကန်နိုင်ငံသည် ဦးသိန်းစိန် အစိုးရလက်ထက်မှ စတင်၍ မြန်မာနိုင်ငံ အပေါ်ထားရှိသည့် အရေးယူ ပိတ်ဆို့မှုများကို ဖြည်းဖြည်းခြင်းလျှော့ချခဲ့သလို NLD အစိုးရ လက်ထက်တွင် ယခင်က အရေးယူ ပိတ်ဆို့မှုများ လုပ်ဆောင်ခဲ့သည့် အစိုးရဘဏ်များကို ကင်းလွတ်ခွင့်ပေးခဲ့သည်။