ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနသို့ လျှောက်ထား တင်ပြလာသည့် ပြည်ပ ရင်နှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၅၁ ခု နှင့် ပြည်တွင်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၄၁ ခု ကို လုပ်ကိုင်ခွင့် ပေးရန် စိစစ်နေကြောင်း သိရသည်။
“လုပ်ငန်းတွေခွင့်ပြုပေးဖို့ ပြည်နယ်တိုင်းဝန်ကြီးဌာနတွေရဲ့ သဘောထားတွေကို တောင်းခံထားတယ်။ သဘောတူတယ် ခွင့်ပြုတယ်ဆိုရင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ကိုတင်မယ်။ လက်ရှိမှာတော့ တချို့တဝက်ကို သဘော တူချက် ရထားပြီးပြီ။ ဒီအပတ်အတွင်းမှာလုပ်မယ့် MIC အစည်းအဝေးကို ဆက်တင်ပြသွားမယ်”ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၏ ဒုညွှန်ကြားရေးမှူး ဦးဆန်းမြင့်က ဧရာဝတီကို ပြောသည်။
လုပ်ငန်းလုပ်ကိုင်ခွင့်ရရန် တင်ပြလာသည့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတချို့သည် ပြည်နယ်တိုင်းတချို့၌ အခြေစိုက် လုပ်ကိုင်ရန် လျှောက်ထားလာကြသဖြင့် ယခင်အစိုးရ လက်ထက်ကဲ့သို့ ဗဟိုအစိုးရ၏ သဘောတူ ခွင့်ပြု ချက်ဖြင့်သာ လုပ်ကိုင်ခွင့်ပြုမည် မဟုတ်ဘဲ သက်ဆိုင်ရာ ပြည်နယ်တိုင်းအစိုးရ၏ သဘောတူညီချက် ရရှိမှသာ လုပ်ကိုင် ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
ရင်းနှီးမြှုပ်နှံရန်အတွက် လျှောက်ထားလာသည့် ငွေကြေးပမာဏသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၅၁ ခုအတွက် အမေရိကန်ဒေါ်လာ ၂ ဘီလီယံနှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၄၁ ခုအတွက် စုစုပေါင်း ကျပ် ၁၂၀၀ ဘီလီယံ ဖြစ် ကြောင်း ဦးဆန်းမြင့်က ပြောသည်။
“အလုပ်အကိုင် အခွင့်အလမ်းများကို အဓိကဦးစားပေးတဲ့ လုပ်ငန်းတွေကို ခွင့်ပြုမယ်။ နောက်ပြီး စက်မှုဇုန် တည်ဆောက် ရေး ၊လမ်းပန်းဆက်သွယ်ရေး ၊လယ်ယာကဏ္ဍ နဲ့ ပတ်သက်တဲ့ဟာကို အဓိက ခွင့်ပြုမယ်။ အဆိုပြုထားတဲ့ လုပ်ငန်းတွေက စက်မှုလက်မှု လုပ်ငန်းတွေ များတယ်”ဟုလည်း ၎င်း ဆက်ပြောသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနသို့ တင်ပြလာသည့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများထဲမှ ပြည်နယ် နှင့် တိုင်း အစိုးရ၏ သဘောတူညီချက်ရရှိထားသော လုပ်ငန်းများကို ယခုသီတင်းပတ်အတွင်း ပြုလုပ်မည့် MIC ၏ ဒုတိယအကြိမ် အစည်းအဝေးတွင် တင်ပြ၍ ခွင့်ပြုပေးမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်(MIC) အသစ်ကို အစိုးရသစ် လက်ထက်၌ ပြန်လည်ဖွဲ့စည်းပြီးနောက် ဇွန်လ ၂၇ ရက် တွင် ပထမဆုံးအကြိမ် အစည်းအဝေးကို ပြုလုပ်ခဲ့ပြီး ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း စုစုပေါင်း ၈ ခုကို ခွင့်ပြုပေး ခဲ့ သည်။
ခွင့်ပြုပေးခဲ့သည့် ရင်းနှီးမြှုပ်နှံမှု တန်ဖိုးပမာဏသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၄ ခု အတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ ၃ သန်းကျော်၊ ပြည်တွင်းရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၄ ခုအတွက် စုစုပေါင်း ကျပ် ၁၉ ဘီလီယံကို ပုပေးခဲ့ခြင်း ဖြစ်သည်။
ယခုခွင့်ပြုပေးလိုက်သည့် လုပ်ငန်းများသည် အစိုးရသစ်လက်ထက်တွင် တင်ပြလာသည့် လုပ်ငန်းများမဟုတ်ဘဲ ယခင် အစိုးရလက်ထက်အတွင်း တင်ပြထားသည့်လုပ်ငန်များကို MIC ကော်မရှင်အသစ်က ခွင့်ပြုပေးလိုက်ခြင်း ဖြစ်သည်။
စက်မှုဇုန် လုပ်ငန်းရှင်တဦးဖြစ်သည့် ဦးမြင့်ဆန်းက “နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ စက်မှုလုပ်ငန်းမှာ ဝင်လာရင် ပြည်တွင်း လုပ်ငန်းရှင်တွေအတွက် အဓိကရင်ဆိုင်ရမှာက လုပ်သားရွှေ့ပြောင်းကြမယ့် ပြဿနာပဲ။ လုပ်ခလစာမှာ ပြည်တွင်းက ပြည် ပ လောက် မပေးနိုင်ဘူးလေ”ဟု ပြောသည်။
လက်ရှိအချိန်ထိ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအများစုသည် ရန်ကုန်၊ မန္တလေး ကဲ့သို့သော မြို့ကြီးများတွင်သာ တည်ရှိနေပြီး တိုင်းနှင့်ပြည်နယ်များ၌ပါ အလုပ်အကိုင် အခွင့်အလမ်း ပိုမိုဖန်တီးပေးနိုင်ရန်နှင့် ဒေသဖွံ့ဖြိုး တိုးတက်လာစေရန် အတွက် ရင်းနှီးပြီးမြှုပ်နှံမည့် လုပ်ငန်းများကို ဆွဲဆောင် လုပ်ကိုင်ခွင့်ပေးမည့် ဥပဒေသစ် ရေးဆွဲထားပြီးဖြစ်ကြောင်း သိရသည်။