စီးပွားရေး

အစိုးရသစ်၊ MIC အသစ်နဲ့ ရင်းနှီးမြုပ်နှံမှု အလားအလာ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး ၊အုပ်ချုပ်ရေးနဲ့ ပတ်သက်တဲ့ စီမံခန့်ခွဲရေးလုပ်ငန်းစဉ်တွေကို ရက် ၁၀၀ စီမံကိန်းချမှတ်ပြီး လုပ်ဆောင်နေတဲ့အထဲ ရင်းနှီး မြုပ်နှံမှုတွေ ပိုမိုဝင်ရောက်လာရေး ဘယ်လိုကိုင်တွယ်မလဲဆိုတာ စိတ်ဝင်စားစရာပါ။ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့နဲ့ အလုပ်အကိုင်အခွင့်အလမ်းတိုးမြှင့်ဖို့ အဓိက တွန်းအားဖြစ်တဲ့ တိုင်းပြည်ရဲ့ ရင်းနှီးမြုပ်နှံမှု ကဏ္ဍတွေမှာ ဘယ်လိုဖြေလျှော့မှုတွေ လုပ်မလဲ။ ဘယ်လို မူဝါဒ တွေနဲ့သွားကြမလဲ။

စီးပွားရေးနဲ့ ပတ်သက်တဲ့ လုပ်ငန်းစဉ်တွေကို ပြည်တွင်းလုပ်ငန်းရှင်တွေရော နိုင်ငံတကာလုပ်ငန်းရှင်တွေကပါ သိချင်နေကြပါတယ်။ နိုင်ငံတကာလုပ်ငန်းရှင်တွေ အတွက်တော့ ရင်းနှီးမြုပ်နှံမှုဥပဒေက အရေးကြီးသလို နည်းပဒေတွေ မူဝါဒတွေကလည်း အရေးကြီးတာပါပဲ။

နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဥပဒေကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေက ထုတ်ပြန်ခဲ့ပါတယ်။ ဥပဒေသစ် ထွက်ပေါ်လာပြီးနောက်ပိုင်း ရင်းနှီးမြုပ်နှံမှုတွေ ပိုဝင်လာခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဥပဒေနဲ့ နိုင်ငံသားရင်းနှီးမြုပ်နှံမှု ဥပဒေဆိုပြီး ဥပဒေ နှစ်ခု ဖြစ်နေတာကြောင့် နိုင်ငံတကာလုပ်ငန်းရှင်တွေ စိတ်မသက်မသာ ဖြစ်ကြပါတယ်။

နောက်ပိုင်းမှာတော့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဥပဒေနဲ့ နိုင်ငံသားရင်းနှီးမြုပ်နှံမှု ဥပဒေကို ပေါင်းစည်းလိုက်ပါတယ်။ ဒါကို ပြင်ဆင်ချက်တချို့ ထည့်ပြီး လွှတ်တော်တင်ဖို့ ဆွေးနွေးနေကြပါတယ်။ ယခု ဇူလိုင်လဆန်းပိုင်းကို ရောက်တဲ့အထိတော့ အဲဒီဥပဒေမထွက်လာသေးပါဘူး။

“မူပိုင်းဆိုင်ရာတော့ အပြောင်းအလဲ မဖြစ်နိုင်ပါဘူး။ ဥပဒေရဲ့ ကျစ်လစ်မှုကိုပဲ ပိုပြီးဦးစားပေးပြီး ဆွေးနွေးရမှာပါ။ ပြီးရင် ဥပဒေကိုပြဌာန်းတော့မှာပါ”လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက ညွန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး က ပြောပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ အစိုးသက်တမ်းမှာ ၂၀၁၁ -၂၀၁၂ ဘဏ္ဍာရေးနှစ်ကနေ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်အထိ ငါးနှစ်တာကာလအတွင်းမှာ စုစုပေါင်းရင်းနှီးမြုပ်နှံမှု အမေရိကန်ဒေါ်လာ ၂၇ ဒဿမ ၅ ဘီလျံဝင်ထားတာ တွေ့ရပါတယ်။ ၂၀၁၅- ၁၆ မှာ ဝင်ရောက်မှု အများဆုံးဖြစ်ပြီး အမေရိကန်ဒေါ်လာ ၉ ဒဿမ ၄ ဘီလျံအထိ ရောက်ရှိခဲ့ပါတယ်။ အဲဒီအထဲမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကဏ္ဍမှာ ရင်းနှီးမြုပ်နှံမှု ၄ ဒဿမ ၈ ဘီလျံ အထိ ရှိနေပါတယ်။ ထုတ်လုပ်မှုမှာ ၁ ဘီလျံလောက် ဝင်ပြီး သယ်ယူပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးမှာတော့ ၁ ဒဿမ ၉ ဘီလျံအထိ ဝင်ရောက်ခဲ့ပါတယ်။ လယ်ယာစိုက်ပျိုးရေးကဏ္ဍမှာ အနည်းဆုံးဖြစ်ပြီး သန်း ၇၀၀ ပဲ ဝင်ခဲ့ပါတယ်။

ဒီမိုကရေစီအစိုးရလက်ထက် ပထမဦးဆုံး ဘဏ္ဍာရေးနှစ်မှာတော့ ရင်းနှီးမြုပ်နှံမှု ၆ ဘီလျံရှိမယ်လို့ မှန်းထား ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့နှစ်က မြန်မာနိုင်ငံကို ပြည်ပရင်းနှီးမြုပ်နှံမှု ၉ ဒဿမ ၄ ဘီလျံ ဝင်ရောက်ခဲ့တဲ့အတွက် လက်ရှိဘဏ္ဍာနှစ်ရဲ့ ခန့်မှန်းချက်က ယခင်နှစ်ထက် သိသိသာသာ နည်းသွားပါတယ်။ အလားတူပဲ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ( MIC ) ကို အသစ်ပြန်ဖွဲ့စည်းနေတာကြောင့် ရင်းနှီးမြှုပ်နှံမှု အတွက် အဆိုပြုလွှာတင်ထားတာ အမေရိကန် ဒေါ်လာ ၂ ဘီလျံ ရှိပေမယ့် ခွင့်ပြုပြီးတဲ့ ပမာဏက အမေရိကန် ဒေါ်လာ သုံးသန်း ပဲ ရှိသေးတယ်လို့ ဦးအောင်နိုင်ဦးက ပြောပါတယ်။

ထူးခြားချက်က ရင်းနှီးမြှုပ်နှံမှုကို ဦးစားပေးမယ့် ကဏ္ဍတွေပါ။

“ကျနော်တို့ ပထမအစည်း အဝေးမှာဆွေးနွေးတာက နံပတ် (၁) အနေနဲ့ကတော့ အလုပ်အကိုင် အခွင့်အလမ်းတွေပေးနိုင်ဖို့ အတွက် လုပ်သားအင်အားကို အဓိကထားတဲ့ လုပ်ငန်းတွေကို ခွင့်ပြုပေးနိုင်ဖို့ နဲ့ (၂) ကတော့ အခြေခံ အဆောက်အအုံပိုင်းမှာ ရင်းနှီးမြုပ်နှံတာမျိုးကို ဦးစားပေးဖို့ ဆွေးနွေးထားပါတယ်။ သဘာ၀ သယံဇာတအပေါ် အမှီပြုတဲ့လုပ်ငန်းတွေကို တတ်နိုင်သမျှ လျှော့ချသွားမှာပါ ” လို့ ဦးအောင်နိုင်ဦးက ပြောပြပါတယ်။

၁၉၈၉ ခုနှစ်ကနေ ၂၀၁၆ ခုနှစ် မေလ ၃၁ ရက်အထိ ပြုစုထားတဲ့စာရင်းအရဆိုရင် မြန်မာနိုင်ငံရဲ့ စုစုပေါင်း ရင်းနှီးမြုပ်နှံမှုပမာဏက ၆၃ ဒဿမ ၇ ဘီလျံ ရှိနေပါတယ်။ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကဏ္ဍမှာမြုပ်နှံမှု ၃၅ ဒဿမ ၁၇ ရာခိုင်နှုန်း၊ စွမ်းအင်ကဏ္ဍမှာ ၃၀ ဒဿမ ၃၈ ရာခိုင်နှုန်း၊ ထုတ်လုပ်မှုကဏ္ဍမှာ ၁၀ ဒဿမ ၃၄ ရာခိုင်နှုန်း၊ သယ်ယူပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးမှာ ၇ ဒဿမ ၉ ရာခိုင်နှုန်း၊ အိမ်ခြံမြေမှာ ၄ ဒဿမ ၇ ရာခိုင်နှုန်းနဲ့ သတ္တု တူးဖော်ရေးကဏ္ဍမှာ ၄ ဒဿမ ၅ ရာခိုင်နှုန်းဖြစ်ပါတယ်။

သဘာဝသယံဇာတအပေါ် အမှီပြုတဲ့ လုပ်ငန်းတွေကို လျှော့သွားမယ်ဆိုတဲ့မူက ယခုမှ စတင်တာ မဟုတ်ပါဘူး။ ဦးအောင်နိုင်ဦး ရဲ့ ရှင်းလင်းချက်ထဲမှာပဲ လွန်ခဲ့တဲ့ ငါးနှစ်ကတည်းက ဦးစားပေးကဏ္ဍထဲမှာ မထည့်ခဲ့ကြောင်း သိရပါတယ်။ ဒါပေမယ့် ဦးစားမပေးတဲ့ကြားကပဲ ရင်းနှီးမြှုပ်နှံမှု တိုးခဲ့ပါတယ်။ ဥပမာ သတ္တုတူးဖော်ရေးလုပ်ငန်း။

ဒီလုပ်ငန်းဟာ သဘာဝသယံဇာတနဲ့ သက်ဆိုင်တဲ့အတွက် မူအရဆိုရင် ရင်းနှီးမြှုပ်နှံမှု လျော့သွားရပါမယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ငါးနှစ်တာကာလရဲ့ ပထမဦးဆုံး ဘဏ္ဍာနှစ်ဖြစ်တဲ့ ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်မှာ ၁၉ ဒဿမ ၈၇ သန်း ရှိပြီး ၂၀၁၅- ၁၆ ဘဏ္ဍာရေးနှစ်မှာတော့ ၂၈ ဒဿမ ၉၂၃ သန်း အထိ မြင့်တက်ခဲ့ပါတယ်။

ဘယ်သူ့တာဝန်လဲ။ MIC လား၊ ဝန်ကြီးဌာနလား

MIC ဘက်က မူဝါဒပိုင်းနဲ့ ကန့်သတ်ထားတာမျိုးတွေ ရှိပေမယ့်လည်း တချို့လုပ်ငန်းတွေက MIC ကို ဖြတ်စရာ မလိုဘဲ လုပ်ကိုင်ခွင့်ရနေတယ်လို့ သိရပါတယ်။

သဘာဝပတ်ဝန်းကျင်နဲ့ လူနေမှုဘဝကို ထိခိုက်ပျက်စီး စေတာတွေ ရှိနေတဲ့အတွက် MIC က ခွင့်ပြုချက်ပေးခဲ့ရာမှာ ပြီးခဲ့တဲ့ နှစ်တွေက တော်တော် စိစစ်ခဲ့ပါတယ်။ ဒါပေမယ့် MIC ရဲ့ ခွင်ပြုချက်ပါမစ်မရတဲ့ကြားထဲက သယံဇာတလုပ်ငန်းတွေကို လုပ်နေတာတွေ ရှိခဲ့ပါတယ်။

“MIC က လုပ်ငန်းအားလုံးကို ကိုင်နိုင်တဲ့ အနေအထားမှာ မရှိပါဘူး ။ တချို့ လုပ်ငန်းတွေက ဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်နဲ့ လုပ်နေကြတာ ရှိပါတယ်။ ဥပမာ ဟိုတယ်လုပ်မယ် ဆိုရင် ဟိုတယ်ဝန်ကြီးဌာနက ခွင့်ပြုချက် ယူလည်းရသလို MIC ကပေးထားတဲ့ Incentive ကို ယူပြီးလုပ်လို့လည်း ရနေပါတယ်” လို့ ဦးအောင်နိုင်ဦးက ပြောသွားပါတယ်။

ပြီးခဲ့တဲ့ အစိုးရလက်ထက်က MIC ရဲ့ ပါမစ်မယူဘဲ ဝန်ကြီးဌာနခွင့်ပြုချက်နဲ့ လုပ်လို့ရခဲ့တဲ့ အနေအထားကြောင့် မူဝါဒအတိုင်း မဖြစ်ခဲ့တာလို့ ကောက်ချက်ချရင် ရနိုင်ပါတယ်။ ဒါပေမယ့် ရင်းနှီးမြှုပ်နှံမှု ဥပဒေရဲ့ အားပျော့ချက်ကြောင့်လည်း ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုဥပဒေဟာ မဖြစ်မနေလိုက်နာရမယ့် ဥပဒေမျိုး (Mandatary law) မဟုတ်ပါဘူး။ လုပ်ငန်းရှင်က သူ့ဆန္ဒနဲ့အညီ ခွင့်ပြုချက်လျှောက်လွှာကို တင်ချင်လည်း တင်နိုင်ပြီး မတင်ချင်လည်း နေလို့ရတဲ့ ဥပဒေမျိုး(Optional law) ဖြစ်နေခဲ့တဲ့ အချက်ပါ။ ဒါကြောင့် ဝန်ကြီးဌာနနဲ့ လက်သိပ်ထိုး လုပ်ခဲ့လေသလားဆိုတာ စဉ်းစားဖို့လိုပါတယ်။

ယခု အစိုးရသစ်လက်ထက်မှာတော့ MIC ကိုသီးခြားရပ်တည်တဲ့ အဖွဲ့အဖြစ် မထားသေးဘဲ လုပ်ငန်း ဆောင်တာ ကိစ္စအားလုံးကို စီမံဘဏ္ဍာ ဝန်ကြီးဌာန အောက်မှာထားပြီးတော့ ဆက်လက်ဆောင်ရွက်သွားဖို့ မူဝါဒပေးပါတယ်လို့ သိရပါတယ်။ ဒါဆိုရင် MIC ရဲ့ မူဝါဒတွေကို ဝန်ကြီးဌာနက ဆက်လက်ထိန်းသိမ်း ပေးရမယ့် တာဝန် ရှိလာပြီလို့ ဆိုရမှာပါ။

လက်ရှိအနေအထားက ရင်းနှီးမြှုပ်နှံမယ့်သူတွေအတွက် စောင့်ကြည့်ရမယ့် အနေအထားမှာပဲ ရှိနေပါသေးတယ်။ MIC က သပ်သပ်၊ ဝန်ကြီးဌာနက သပ်သပ် ဆိုတာမျိုး မဟုတ်တော့တဲ့ အတွက် ရင်းနှီးမြှုပ်နှံမှုတွေကို ပိုပြီး စနစ်တကျ ခွင့်ပြုပေးနိုင်မယ်လို့ မျှော်လင့်ရလေမလား။ အစိုးရသစ်လက်ထက် MIC အသစ်က အရင်ထက် ပိုပြီး အားကောင်းလာမှာလား ။ ပြင်ဆင်ချက်တွေနဲ့ ထွက်ပေါ်လာမယ့် ရင်းနှီးမြှုပ်နှံမှုဥပဒေက နိုင်ငံတကာ လုပ်ငန်းရှင်တွေကို ပိုပြီး လုပ်သာကိုင်သာဖြစ်အောင် ဖန်တီးပေးနိုင်မလား။

ရက် ၁၀၀ စီမံကိန်း အပြီးမှာတော့ ရင်းနှီးမြှုပ်နှံမှု အလားအလာတွေ ပိုမိုထင်ရှားလာလိမ့်မယ်လို့ မျှော်လင့်နိုင်ပါကြောင်း။

(ယမင်းမြတ်အေးသည် ရန်ကုန်အခြေစိုက် စီးပွားရေးဆိုင်ရာ အမျိုးသမီး သတင်းစာဆရာတဦး ဖြစ်သည်)

Did you find apk for android? You can find new Free Android Games and apps.
Loading