စီးပွားရေး

ယခုနှစ်အတွင်း နိုင်ငံခြား ခရီးသွား ဝင်ရောက်မှု ပိုများလာရန် မျှော်မှန်း

This article has been converted from Zawgyi One to Unicode

မြန်မာ့ ခရီးသွားလုပ်ငန်း၌ နိုင်ငံခြား ခရီးသွားဧည့်သည် ဝင်ရောက်မှုသည် နှစ်အလိုက် မြင့်တက်လာနေပြီး ယခုနှစ်တွင် လည်း ပိုမိုဝင်ရောက်မည်ဟု မျှော်မှန်းကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရသည်။

နိုင်ငံခြား ခရီးသည်မျှော်မှန်းထားမှုနှင့် ပတ်သက်ပြီး ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးဝင်းညွန့်က “ပိုတာတော့ ပိုပါလိမ့်မယ်၊ စိတ်ဝင်စားတဲ့သူ များလာတာရော၊ ခရီးစဉ် အကောင်းဆုံးထဲမှာ ကြေညာခံရ တာရော ဆိုတော့၊ နောက်ပြီး လေကြောင်းလိုင်းတွေလည်း များလာတယ်၊ ဒါကြောင့် မျှော်မှန်းတယ်”ဟု ပြောသည်။

မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းသည် ဖွံ့ဖြိုးလာနေပြီး ဧည့်ဝင်ရောက်မှု ဆက်တိုက်တိုးတက်လာရာ၂၀၁၁ ခုနှစ်တွင် ၁.၇၉ သန်း ရှိခဲ့ရာမှ ၂၀၁၄ ခုနှစ်တွင် ၃.၁၈ သန်း၊ ၂၀၁၅ ခုနှစ်တွင် ၄.၆၈ သန်းအထိ ရှိလာကြောင်း ဟိုတယ်နှင့် ခရီး သွားလာ ရေး ဝန်ကြီးဌာန မှတ်တမ်း အချက်အလက်များအရ သိရသည်။

မြန်မာနိုင်ငံသည် ပြီးခဲ့သည့်နှစ်အတွင်း သြစတြေးလျအခြေစိုက် နိုင်ငံတကာ ခရီးသွားမဂ္ဂဇင်း Lonely Planet Traveller Magazine ကပေးသော Best in Travel in AEC Country ဆုနှင့် ထိုင်းနိုင်ငံအခြေစိုက် TTG Asia Media ကပေးသော 2015’s Destination of the Year ဆုတို့ကို ရရှိခဲ့သည်။

ထို့အပြင် ကမ္ဘာ့ဘဏ်က မြန်မာ့ ခရီးသွားလုပ်ငန်းနှင့် ပတ်သက်ပြီး ၂၀၀၉ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း ၃၅ ရာခိုင်နှုန်း တိုးတက် ခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။

ယခုနှစ် ပထမ ၆ လအတွင်း နိုင်ငံခြားခရီးသွား ဝင်ရောက်ထားသည့် ပမာဏသည် ၁.၈ သန်း ဝန်းကျင်ရှိနေပြီး ယခင်နှစ် နှင့် နှိုင်းယှဉ်ပါက ခရီးသည်ဝင်ရောက်မှု သိသာစွာတိုးလာခြင်း လျော့ကျသွားခြင်းမျိုး မဟုတ်ဘဲ ပုံမှန်ရှိနေကြောင်း ဟိုတယ် နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ တာဝန်ရှိသူများက ပြောသည်။

“ဒီနှစ်အတွက် ခန့်မှန်းနိုင်ဖို့ ကျနော်တို့ လုပ်နေတုန်းပါ။ နယ်စပ်တွေရဲ့ အခြေအနေ၊ လေဆိပ်တွေ အခြေအနေကအစပေါ့။ လေကြောင်းလိုင်းတွေရဲ့ အခြေအနေနဲ့ အနီးစပ်ဆုံးဖြစ်အောင်မှန်းမယ်။ မှန်းတဲ့ဂဏန်းကြီးတွေက အများကြီးကွာတာတို့ မပြည့်တာတို့ဆိုရင် မကောင်းဘူးပေါ့။ ဒီနှစ်မှာ အနီးစပ်ဆုံးဖြစ်အောင် ဆွေးနွေးနေတယ်”ဟု ညွှန်ကြားရေးမှူး ဦးမျိုးဝင်းညွန့် က ပြောဆိုသည်။

ဒုသမ္မတ ဦးမြင့်ဆွေကလည်း ယခုနှစ်အတွင်း နိုင်ငံခြားခရီးသွား ဝင်ရောက်မှု ၅.၅ သန်း လာရောက်မည်ဟု မျှော်မှန်းထား ကြောင်း ပြောဆိုခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်အတွင်း နိုင်ငံခြားခရီးသွား ဝင်ရောက်မှု ၅ သန်း လာရောက်မည်ဟု မျှော်မှန်းခဲ့ရာ ၄.၆၈ သန်းအထိ လာရောက်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန မှတ်တမ်းများတွင် ဖော်ပြထားသည်။

ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ တာဝန်ရှိသူတဦးက “ဒုသမ္မတ ဦးမြင့်ဆွေက ၅.၅ သန်းလို့ ပြောထားတယ်။ ရောက်နိုင်မယ် ထင်လားဆိုရင် အဝင်များတာက ၁၀ လပိုင်းကနေ ၁၂ လပိုင်းအထိ ၃ လပေါ့။ အခုက ခရီးသွားနည်းတဲ့ ရာသီလည်း ဖြစ်နေသေးတယ်။ ဒီအချိန်က ပြောဖို့ခက်သေးတယ်”ဟု ပြောသည်။

မြန်မာ့ ခရီးသွားလုပ်ငန်းနှင့် ပတ်သက်၍ သုသေသနများ လုပ်ဆောင်သင့်ကြောင်းနှင့် ခရီးသွားဧည့်သည် (Tourist) များနှင့် လုပ်ငန်းသဘော လာရောက်သော ခရီးသည် (Business man) များကို ကွဲပြားမြင်ရန် လိုအပ်သည်ဟု မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်း ဒုဥက္ကဋ္ဌ ဦးသက်လွင်တိုးက ပြောဆိုသည်။

“ညွှန်းကိန်းတွေနဲ့ ကြည့်မယ်ဆိုရင် Culture Highlight ဒေသဖြစ်တဲ့ ပုဂံတို့ အင်းလေးတို့ကို ဝင်ရောက်တဲ့တိုးတက်မှုကို ကြည့်ရင် Tourist ဖြစ်တယ်လို့ ကြည့်လို့ရတယ်။ ရန်ကုန်ကတော့ ယိုးဒယားတွေအများစုက ရန်ကုန်ဝင်ပြီး ကျိုက်ထီးရိုး သွားကြတယ်။ ဒါပေမယ့် ရန်ကုန်ဝင်တဲ့ ဧည့်သည်တွေထဲမှာ Tourist Visa ယူလာပြီး စီးပွားရေးလုပ်နေတဲ့သူတွေ Social Visit လာတဲ့သူတွေကိုလည်း Tourist လို့သွားကောက်ရင်တော့ Volume Tourism ပဲ ဖြစ်မှာ”ဟုလည်း ၎င်းက ပြော သည်။

မြန်မာနိုင်ငံ၏ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းကဏ္ဍသို့ အများဆုံး ရင်းနှီးမြှုပ်နှံမှု လုပ်နေသည့်နိုင်ငံများမှာ စင်္ကာပူနိုင်ငံ ဖြစ်ပြီး ဒုတိယ အများဆုံးမြှုပ်နှံထားသည့် နိုင်ငံမှာ ဗီယက်နမ်နိုင်ငံ ဖြစ်ကြောင်း သိရသည်။

Loading