နေပြည်တော် မြန်မာ့ ကျောက်မျက်ပွဲ ယူရိုသန်း ၅၀၀ ကျော်ဖိုး ရောင်းချရ
This article has been converted from Zawgyi One to Unicode
နေပြည်တော်တွင် ကျင်းပခဲ့သည့် ၅၃ ကြိမ်မြောက် ကျောက်မျက်ရတနာ ပြပွဲတွင် ပုလဲ၊ ကျောက်မျက်နှင့် ကျောက်စိမ်းတွဲများမှ ရောင်းချမှုမှ ယူရို သန်း ၅၃၃ ကျော် ရောင်းချနိုင်ခဲ့သည်ဟု ပြပွဲ ကျင်းပရေး ကော်မတီမှ သတင်းထုတ်ပြန်ခဲ့သည်။
ဇွန်လ ၂၄ ရက်မှ ဇူလိုင် ၆ ရက်နေ့အထိ ကျင်းပခဲ့သည့် ကျောက်မျက်ပြပွဲတွင် ကျောက်စိမ်းတွဲပေါင်း ၄၀၀၀ ခန့်မှ ယူရို ၅၂၇ ဒသမ ၀၈ သန်း၊ ကျောက်မျက် ၆၃ တွဲမှ ၃ ဒမသ ၂၉ သန်း၊ ပုလဲ ၃၁၂ တွဲမှ ၃ ဒသမ ၁၂ သန်း ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
“အခုစာရင်းတွေက ဝယ်မယ်လို့ ပြောတာပဲ ရှိသေးတယ်။ တန်ဖိုးတွေအားလုံး ကျနော်တို့ လက်ထဲမှာ ရနေတာ မဟုတ်သေးဘူး။ ငွေချေဖို့ အတွက်က ရက် ပေါင်း ၉၀ ပေးထားတယ်။ အခု ရောင်းရတဲ့ ၅၂၇ ဒသမ ၀၈ သန်းကို အကုန်လုံး ရမယ်လို့ မမျှော်လင့်ပါဘူး”ဟု သတ္ထုတွင်းဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးသန်းဇော်ဦးက ယမန်နေ့ ပြပွဲအပြီး ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် မီဒီယာများသို့ ပြောသည်။
ပြပွဲတွင် ကျောက်မျက်ရတနာများကို အိပ်ဖွင့်တင်ဒါစနစ်၊ ဈေးပြိုင်စနစ်တို့ဖြင့် ရောင်းချခဲ့ခြင်း ဖြစ်ပြီး အများဆုံး လာရောက်ဝယ်ယူသူများမှာ တရုတ်ပြည်မှ ရတနာ ကုန်သည်များ ဖြစ်ကြသည်။ ၅၂ ကြိမ်မြောက် ကျောက်မျက်ပြပွဲတွင် ကျောက်စိမ်း အတွဲပေါင်း ၅၈၄၃ တွဲမှ ယူရို ၉၃၈ ဒသမ ၅၈ သန်း ရရှိခဲ့ သော်လည်း ၄၃၇၅ တွဲသာ ငွေပေးချေခဲ့သဖြင့် ယူရို ၅၅၆ ဒသမ ၇၆ သန်းသာ ရရှိခဲ့ကြောင်း ပြပွဲ ကျင်းပရေး ကော်မတီက ပြောသည်။
“ဝယ်မှုစနစ်က ပိုက်ဆံ ၅ ကျပ်ရှိမှ ၁၀၀ တန်ကျောက်ကို ဝယ်လို့ရတာ။ ကျနော်တို့ ပြပွဲကော်မတီအကောင့်ထဲကို သူဝယ်မယ့် တန်ဖိုးရဲ့ ၅ ရာခိုင်နှုန်း ကြို ထည့်ထားရတယ်။ ကျောက်ဝယ်ပြီး ငွေမချေတဲ့ သူတွေတင်ထားတဲ့ Deposite ကို ဗဟိုကော်မတီရဲ့ စည်းကမ်းသတ်မှတ်ချက်အရ ဒါကိုသိမ်းလိုက်တယ် ငွေမချေတဲ့ ကုန်သည်ကို ပထမအဆင့် Deposite သိမ်းတယ်။ ဒုတိယအဆင့်က ပြပွဲတက်ရောက်ခွင့် ၃ ကြိမ် ပယ်တယ်”ဟု ပြပွဲကျင်းပရေး ကော်မတီဝင်လည်းဖြစ်သူ ဦးသန်းဇော်ဦးက ပြောသည်။
ကျောက်မျက်ပြပွဲသို့ ဝင်ရောက်နိုင်ရန် ပြပွဲကျင်းပရေး ဗဟိုကော်မတီသို့ အာမခံ စပေါ်ငွေအဖြစ် ပြည်တွင်း ရတနာ ကုန်သည် ၂ ဦးလျှင် ယူရို ၂ သောင်း ပေးသွင်းရပြီး ပြည်ပ ရတနာကုန်သည် ၂ ဦးလျှင် ယူရို ၅ သောင်းတို့ကို ပြပွဲ မကျင်းမီ တရက်ကြိုတင်၍ ပေးသွင်းထားရသည်ဟု သိရသည်။
ယခု ကျင်းပခဲ့သည့် ၅၃ ကြိမ် ကျောက်မျက်ပြပွဲသို့ တရုတ်ပြည်မှ ရတနာကုန်သည် ၂၀၁၇ ဦး၊ သြစတေးလျမှ ၁ ဦး၊ အိန္ဒိယမှ ၆ ဦး၊ ဂျပန်မှ ၁၁ ဦး၊ စင် ကာပူမှ ၅ ဦး၊ ထိုင်းမှ ၂၇ ဦး၊ သြစတေးလျမှ ၁ ဦးနှင့် အင်ဒိုနီးရှားမှ ၁ ဦးတို့ တက်ရောက်ခဲ့ပြီး ပြည်တွင်း ပြည်ပ ရတနာကုန်သည် ၄၀၀၀ ကျော် တက်ရောက်ခဲ့သည်ဟု ပြပွဲကျင်းပရေး ကော်မတီက သတင်းထုတ်ပြန်သည်။