ရန်ကုန်အိမ်ခြံမြေဈေးကွက်တွင် အချိန်ကြာမြင့်စွာ အေးစက်နှေးကွေးနေခဲ့ရာမှ ဇူလိုင်လဆန်းပိုင်းအတွင်း အကျဈေးနှုန်း ဖြင့် အရောင်းအဝယ်များ ပြန်လည်ဖြစ်ပေါ်နေကြောင်း အိမ်ခြံမြေ အကျိုးဆောင်များထံမှ သိရသည်။
“ဒီရက်ပိုင်းအတွင်း ဒဂုံလေးမြို့နယ်မှာ အဝယ်လိုက်လာတယ်။ လာကြည့်ကြတဲ့သူလဲများတယ်။ ဘာကြောင့် အဝယ်တွေ ပြန်လိုက်လာတာလည်း ဆိုတာကိုတော လေ့လာနေတယ်။ အိမ်ခြံမြေ ဈေးနှုန်းက မတက်ဘူး။ အကျဈေးနဲ့ပဲ အရောင်း အဝယ် ဖြစ်နေတာ”ဟု ရန်ကုန်တိုင်း အိမ်ခြံမြေ လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးစိုင်းခွန်နောင်က ပြောသည်။
ယခုရက်ပိုင်းအတွင်း အရောင်းအဝယ်ဖြစ်ပေါ်နေသည့် နေရာမှာ ဒဂုံလေးမြို့နယ်ဖြစ်သည့် အရှေ့ဒဂုံ၊ မြောက်ဒဂုံ၊ ဒဂုံဆိပ် ကမ်း နှင့် တောင်ဒဂုံ စသည့်နေရာတို့တွင် အဝယ်ရှိနေပြီး ဝယ်ယူရန် လာရောက် လေ့လာနေသူများလည်း များလာ ကြောင်း သိရသည်။
ဒဂုံမြို့သစ် လေး မြို့နယ်တွင် အခြေစိုက်လုပ်ကိုင်နေသည့် တူးဆဲဗင်းနိုင်း အိမ်ခြံမြေ အကျိုးဆောင်မှ ကိုဖိုးရှမ်းကလည်း “အရောင်းအဝယ် ပြန်လှုပ်တာ မကြာသေးဘူး။ ဒီလအတွင်းဖြစ်တာ။ တနှစ်ကျော်နေပြီ ဈေးကွက်က ငြိမ်နေတာ။ အခု အရောင်း အဝယ် ဖြစ်နေတဲ့ပုံစံက အောက်ဈေးတွေနဲ့ ဖြစ်နေတာပါ”ဟု ပြောသည်။
အရောင်းအဝယ် ဖြစ်ပေါ်သည့် အနေအထားတွင် အိမ်ခြံမြေများတွင်သာ အရောင်းအဝယ် ဖြစ်ပေါ်နေသည်သာ မဟုတ်ဘဲ ဒဂုံဆိပ်ကမ်းကဲ့သို့သောနေရာမျိုးတွင် မြေကွက်များပါ လိုက်ပါ၍ အဝယ်လိုက်နေခြင်း ဖြစ်ကြောင်း သိရသည်။
အိမ်ခြံမြေဈေးကွက်တွင် ယခင်က သိန်း ၃၀၀ သိန်း ၄၀၀ တန်ဖိုး ဖြစ်ပေါ်ခဲ့သည့် နှုန်းထားများကို သိန်း ၁၅၀ သိန်း ၂၀၀ ဖြင့် ထက်ဝက်ဈေးနှုန်းဖြင့် အရောင်းအဝယ်ရှိနေခြင်းဖြစ်သည်။
မြန်မာနိုင်ငံအိမ်ခြံမြေ ဝန်ဆောင်မှုအသင်း ဒုတိယဥက္ကဌ ဦးသန်းဦးက “ အခု ဖြစ်နေတဲ့ပုံစံက အိမ်ခြံမြေဈေးကွက် တခုလုံး ကို လာဖြစ်နေတာ မဟုတ်ဘူး။ နေရာရယ် ဈေးနှုန်းရယ် ကွက်ပြီးအရောင်းအဝယ်ဖြစ်ပေါ်နေတာ။ ပါမစ်မြေကွက်တွေ အရောင်းအဝယ် ဖြစ်နေတယ်။ ဘာကြောင့် ဆိုတာ ပြောရခက်တယ်”ဟု ပြောသည်။
အိမ်ခြံမြေဈေးကွက်သည် ၂၀၁၅ ခုနှစ် နှစ်လယ်ခန့်မှ စတင်ပြီး အကြောင်းအမျိုးမျိုးကြောင့် ဈေးကွက်အေးစက်နေပြီး ယခုအစိုးရသစ်လက်ထက်တွင်လည်း တန်ဖိုးနည်းအိမ်ယာများကို တည်ဆောက်ပြီး ရောင်းချပေးမည့် အစီအစဉ်များ ထွက်ပေါ်လာနေသည့်အတွက် ဈေးကွက်မှာ လှုပ်ရှားမှု မရှိသလောက် ငြိမ်သက်မှု ရှိခဲ့သည်။
လတ်တလော အိမ်ခြံမြေဈေးကွက် အေးစက်နေချိန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက အထပ်မြင့် အဆောက် အအုံများကို ယခုအသစ်တက်လာသည့် အစိုးရလက်ထက်တွင် ပြန်လည်စစ်ဆေးရန် ရပ်ဆိုင်းထားရန် အမိန့်ညွှန်ကြားချက် ထုတ်ပြန်ထားသည်။
“အိမ်ခြံဈေးကွက်က အရောင်းအဝယ် လည်ပတ်နေဖို့လိုတယ်။ အိမ်ခြံမြေအရောင်းအဝယ် လည်ပတ်နေမှ သူနဲ့ဆက်စပ် နေတဲ့ ကွင်းဆက်လုပ်ငန်းတွေဖြစ်တဲ့ ဆောက်လုပ်ရေးလုပ်ငန်း တည်ဆောက်သူ ၊ တင်သွင်းသူများပါ အဆင်ပြေနိုင်မယ်။ ဆောက်လုပ်ရေးလုပ်ငန်းရှင်အများစုက ဘဏ်တွေကနေ ငွေချေးယူပြီး လုပ်ကိုင်နေကြတာဆိုတော့ ရိုက်ခတ်မှု ရှိနိုင် တယ်”ဟု ရန်ကုန်တိုင်း အိမ်ခြံမြေ လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးစိုင်းခွန်နောင်က ပြောသည်။