ဦးသိန်းစိန် အစိုးရလက်ထက်က စတင်ခဲ့တဲ့ မြစိမ်းရောင် စီမံကိန်းဟာ အောက်ခြေ ပြည်သူတွေအတွက် ကောင်းကျိုး ရှိနေတဲ့အတွက် အစိုးရသစ်အနေနဲ့ ဆက်လက် လုပ်ဆောင်သွားမယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ ထွန်းဝင်းက ပြောပါတယ်။
မြစိမ်းရောင် စီမံကိန်းဆိုတာ ကျေးရွာတွေမှာ လယ်ပိုင်မရှိတဲ့ လက်လုပ်လက်စား ပြည်သူတွေကို အစိုးရက အတိုးနှုန်းသက်သက်သာသာနဲ့ ချေးငွေပုံစံမျိုးကို အစုအဖွဲ့စနစ်နဲ့ ထောက်ပံ့ပေးတာဖြစ်ပြီး အဲဒီ စနစ်ကို ဆက်လက် အကောင်အထည်ဖော်မယ်လို့ ဒုဝန်ကြီးဒေါက်တာ ထွန်းဝင်းက ယမန်နေ့ သူ့ဝန်ကြီးရုံးမှာ မီဒီယာတွေနဲ့ တွေ့ဆုံစဉ် ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
ဒေါက်တာ ထွန်းဝင်းက“ဆင်းရဲတဲ့ အလုပ်လက်မဲ့ လူတန်းစား၊ ခိုကိုးရာမဲ့တဲ့ လူတန်းစား၊ အားကိုးရမဲ့တဲ့ လူတန်းစားအတွက် အကူအညီပျောက်နေတဲ့ ဟာကွက်တခုကို ဖြည့်တဲ့ လုပ်ငန်း ဖြစ်နေတော့ ဒီလုပ်ငန်းက တော်တော်ကို စိတ်ဝင်စားဖို့ ကောင်းတယ်။ အရင် အစိုးရရဲ့ ကောင်းတာတွေကို ဆက်အားပေးသွားမှာ ဖြစ်ပါတယ်”လို့ ဆိုပါတယ်။
မြစိမ်းရောင် ကျေးရွာ စီမံကိန်းကို အဓိက ဖော်ဆောင်ပေးနေတဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ခန့်ဇော်က ကျေးရွာ တွေမှာ ချေးငှားနေကြတဲ့ အတိုးနှုန်းတွေက ငွေကျပ် ၁၀ တိုး၊ ၂၀ တိုး ဖြစ်နေတဲ့အချိန် မြစိမ်းရောင် စီမံကိန်းက အများဆုံး ၁ ကျပ်ခွဲလောက်သာ ယူပြီး ပြန်ဆပ်မယ့် အချိန်ကာလကိုလည်း စောင့်ပေးတာမို့ အောက်ခြေလူထုတွေ အားထားနေရတယ်လို့ မီဒီယာတွေကို ဆိုပါတယ်။
ဦးခန့်ဇော်က“အလုပ်မရှိတဲ့သူတွေ အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုရလာတယ်။ မြေမရှိတဲ့သူတွေက အိမ်ဆိုင်လေးတွေ ထွက်မယ်။ ဆိုင်ကယ် ကယ်ရီ ဆွဲမယ် ဆိုတာတွေ လုပ်လာနိုင်တယ်”လို့ ဆိုပါတယ်။
မြစိမ်းရောင် စီမံကိန်းကို ၂၀၁၄-၁၅ ဘဏ္ဍာနှစ်ကနေ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အထိ ပြည်နယ်နှင့် တိုင်းဒေသကြီး အားလုံးရှိ မြို့နယ်ပေါင်း ၂၈၈ မြို့နယ်က ကျေးရွာပေါင်း ၇၇၃၃ ရွာမှာ အကောင်အထည်ဖော်နေပြီး နိုင်ငံအလိုက် လွှမ်းခြုံနိုင်မှု ၁၂ ဒသမ ၁ ရာခိုင်နှုန်း ဖြစ်တယ်လို့ သိရပါတယ်။
မြစိမ်းရောင် စီမံကိန်း ကျေးရွာအဖြစ် ရွေးချယ်ရာမှာ ရွာမှာ အရက်ပုန်းဆိုင် မရှိတာမျိုးကစ စဉ်းစားပြီး ဆင်းရဲနွမ်းပါးမှု၊ စိုက်ပျိုး မွေးမြူရေး ဖွံ့ဖြိုးရန် အလားအလာရှိမှု၊ ကျေးရွာတွေရဲ့ စိတ်အားထက်သန်မှုအပေါ်မှာ မူတည်ပြီး ဒေသက လွှတ်တော်ကိုယ်စားလှယ်တွေ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေ၊ ဌာနဆိုင်ရာ ကိုယ်စားလှယ်တွေ ပါဝင်တဲ့ စီမံကိန်း ကျေးရွာ ရွေးချယ်ရေးအဖွဲ့တွေက အများသဘောတူတဲ့သူတွေကို ကျား၊ မ အချိုး မျှမျှတတ ရွေးချယ်တာလို့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဦးစီးဌာနက ပြောပါတယ်။
မြစိမ်ရောင် ကျေးရွာတရွာကို အရင်းမပျောက် လည်ပတ် ရန်ပုံငွေ ကျပ်သိန်း ၃၀၀ မတည်ပေးပြီး အဲဒီ ရန်ပုံငွေကို ကျေးရွာက ဒီမိုကရေစီစနစ်နဲ့ အများ သဘောတူ ရွေးချယ် တင်မြောက်ထားတဲ့ ကျေးရွာရန်ပုံငွေ ကြီးကြပ်မှု ကော်မတီက တာဝန်ယူ စီမံခန့်ခွဲရတာ ဖြစ်ပါတယ်။
ဒီရန်ပုံငွေတွေဟာ နိုင်ငံတကာဆီက ချေးငှားထားတာ မဟုတ်ဘဲ အစိုးရရဲ့ ချေးငွေ ဖြစ်လို့ ခွင့်ပြုရန်ပုံငွေ ကျပ် ၁၉၆ ဒသမ ၇၁ ဘီလီယံ ရှိကြောင်း၊ စီမံကိန်း ၂ နှစ်တာ ကာလအတွင်း ကျပ် ၁၆ ဒသမ ၃၃ ဘီလီယံ တိုးပွားလာခဲ့ကြောင်း သိရပါတယ်။
မြစိမ်းရောင်ကျေးရွာ စီမံကိန်းကို ကျေးရွာနေ ပြည်သူတွေ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးဖို့၊ မိသားစု ဝင်ငွေ တိုးပွားလာစေဖို့၊ တနိုင်တပိုင်နဲ့ အစု အဖွဲ့ အလိုက် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းတွေကို ဆောင်ရွက်နိုင်စေဖို့၊ ကျေးလက်ကုန်ထုတ် လုပ်ငန်းများ ဖွံ့ဖြိုးစေဖို့၊ ကျေးလက်လူထုရဲ့ စွမ်းဆောင် ရည် တိုးတက်လာစေဖို့နဲ့ အားကောင်းတဲ့ လူမှု အဖွဲ့အစည်းတွေ ပေါ်ပေါက်လာစေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ အထက်ပါ ဝန်ကြီး ဌာန က သတင်းထုတ်ပြန်ခဲ့ပါတယ်။