အစိုးရသစ်လက်ထက် ဆောက်လုပ်ရေးဝန်ကြီးဌာနက ဆောက်လုပ်မည့်ငွေကျပ် သိန်း ၁၀၀ အောက် တန်ဖိုးနည်း အိမ်ရာ များကို ရောင်းချရာတွင် ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ် ( CHDB ) တွင်Housing Saving ငွေစုစာအုပ် ပြုလုပ် ထားသူများသည် ဦးစားပေး မဲနှိုက် ရောင်းချပေးမည်ဖြစ်ကြောင်း သိရှိရသည်။
CHDB ဘဏ်တွင် Housing Saving ငွေစုစာအုပ်ကို သြဂုတ်လ ၁ ရက်နေ့မှ စတင်ပြီး ပြုလုပ်ပေးသွားမည်ဖြစ်ပြီး ငွေစုစာအုပ်များကို ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ တင်ပြပေးသွားမည်ဖြစ်ကြောင်း သိရသည်။
“ သြဂုတ်လ ၁ ရက်နေ့ စမယ်။ လာစုတဲ့သူတွေကို စာရင်းလုပ်မယ်။ အရင်တုန်းက Housing Saving ဆိုတာ မရှိဘူး။ ဒါပေမယ့် ရိုးရိုးငွေစုစာအုပ် လုပ်ထားတဲ့သူတွေလည်း Housing Saving ကို ပြောင်းလို့ရတယ်။ အိမ်ရာဝယ်ဖို့ မဲနှိုက်မယ် ဆိုရင် ငွေစုစာအုပ်လုပ်ထားသူတွေက ဦးစားပေးနှိုက်ခွင့်ရမယ်” ဟု CHDB ဘဏ်၏ ညွှန်ကြားရေးမှူး ဦးဝင်းဇော်က ဆိုသည်။
Housing Saving ငွေစုစာအုပ်သည် ရိုးရိုးစာရင်းဖွင့်ထားသည့် ငွေစုစာအုပ်နှင့် ပုံစံအတူတူပင် ဖြစ်ပြီး စာရင်းဖွင့်ရာတွင် ကြိုက်သည့်ငွေပမာဏဖြင့် ဖွင့်လှစ်နိုင်ပြီး အတိုးနှုန်းကိုလည်း ရိုးရိုးငွေစုစာအုပ်စာရင်း ဖွင့်ထားသူကဲ့သို့ အတူတူပင် ခံစားနိုင်ကြောင်း သိရသည်။
“ငွေစုစာအုပ်ပုံစံက ရိုးရိုးငွေစုအုပ်စံနဲ့ အတူတူပါပဲ။ အရှေ့မှာ Housing ဆိုတဲ့နာမည်ပဲ ထည့်လိုက်တာ။သူကတော့ အိမ်ရာဝယ်ယူဖို့ ရည်ရွယ်ပြီး စုတဲ့ငွေစုစာအုပ်ပေါ့။ သြဂုတ်လ ၁ ရက်နေ့မှ စထုတ်ပေးမယ် ဆိုပေမယ့် အခုက လာပြီး စာရင်းဖွင့်လည်း လက်ခံနေပါပြီ”ဟု ၎င်းက ဆက်ပြောသည်။
တန်ဖိုးနည်းအိမ်ရာ ရောင်ချပေးချိန်၌ Housing Saving ငွေစုစာအုပ်တွင် တိုက်ခန်းတန်ဖိုး၏ ၃၀ ရာခိုင်နှုန်းရှိမှသာ ဝယ်ယူ နိုင်မည်ဖြစ်ပြီး CHBD ဘဏ်က ၇၀ ရာခိုင်နှုန်းကို ချေးငွေထုတ်ပေးသွားမည် ပုံစံမျိုးဖြစ်ပြီး၊ ချေးငွေကို ၈ နှစ်အတွင်း ပြန် လည် ပေးသွင်းရမည်ဖြစ်သည်။
ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်သည် ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်နေသည့် ဘဏ် ဖြစ်ပြီး ယခု အစိုးရသစ်လက်ထက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက တနိုင်ငံလုံး အတိုင်း အတာ ဖြင့် အကောင်အထည်ဖော်မည့် စီမံကိန်းတွင် ယင်းဘဏ်က စီမံကိန်း ရှိမည့်နေရာတိုင်းတွင် ချေးငွေထုတ်ယူရ လွယ်ကူစေ ရန် ဘဏ်များကို လိုက်ပါ ဖွင့်လှစ်ပေးသွားမည်ဖြစ်သည်။
လက်ရှိချိန်တွင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပုသိမ်၊ မော်လမြိုင် တို့တွင် ဘဏ်ခွဲများကို ဖွင့်လှစ်ထားပြီး စုစုပေါင်း ဘဏ်ခွဲ ၇ ခု ရှိကြောင်း သိရသည်။
မေလအတွင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်က ရက် ၁၀၀ စီမံကိန်းအရ အစိုးရသစ် လက်ထက်၌ ပြည်သူလူထုနေထိုင်မှု အဆင်ပြေစေရန် ကျပ် သိန်း ၁၀၀ အောက် တန်ဖိုးနည်း အိမ်ခန်း ၈၀၀၀ ကျော်ကို ၂ နှစ် အတွင်း ဆောက်လုပ်ပေးမည် ဖြစ်ကြောင်းနှင့် ထိုအိမ်ရာများကို ပြည်သူများက ဝယ်ယူနိုင်ရန် ချေးငွေကို CHDB ဘဏ်က ထုတ်ချေးမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
CHDB ဘဏ်သည် ၂၀၁၄ ခုနှစ် လုပ်ငန်းစတင် လည်ပတ်ချိန်မှ ယနေ့အချိန်အထိ ၂ နှစ်အတွင်း ချေးငွေထုတ်ချေးမှု စုစုပေါင်း ကျပ် ၁၃၂ ဘီလီယံ ရှိနေပြီး ထိုအထဲမှ အိမ်ရာဝယ်ယူမည့်သူများအတွက် ချေးငွေ ကျပ် ၂ ဘီလီယံ ၊ ကုန်သွယ်မှု ချေးငွေအတွက် ကျပ် ၁၀ ဘီလီယံ၊ အိုးအိမ်အတွက် ကျပ် ၇၂ ဘီလီယံ ထုတ်ချေးခဲ့ပြီး ကျန်သည့်ငွေများကို ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူများအား ထုတ်ချေးပေးထားကြောင်း သိရသည်။