ရန်ကုန် အောင်မင်္ဂလာ အဝေးပြေးကွင်းအတွင်း ပြေးဆွဲလျက်ရှိသော ယာဉ်လိုင်းများအား ကောက်ခံရရှိနေသည့် ငွေကြေး များအပေါ် မထသ(အဝေးပြေး) က အလွဲသုံးစားမှုများ ရှိနေသည်ဟု ကုန်းလမ်း ခရီးသည် ပို့ဆောင်ရေး လုပ်ငန်းရှင် များ အသင်း (ITA) က ပြောသည်။
အောင်မင်္ဂလာ အဝေးပြေးကွင်းရှိ ကုန်လမ်း ခရီးသည် ပို့ဆောင်ရေး လုပ်ငန်းရှင်များ အသင်း(ITA) တွင် ဇူလိုင် ၁၂ ရက်က ပြုလုပ်သည့် မင်္ဂလာဒုံ ပြည်သူ့လွတ်တော် ကိုယ်စားလှယ်နှင့် ကုန်းလမ်း ခရီးသည်ပို့ဆောင်ရေး လုပ်ငန်းရှင်များ အသင်း (ITA) တွေ့ဆုံပွဲတွင် ITA အသင်း အတွင်းရေးမှူး ဦးစိုးသိန်းက အထက်ပါအတိုင်း ထောက်ပြ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“ကျနော့်မှာ အသေးစိတ် အချက်အလက်တွေရှိတယ်။ အထောက်အထားတွေလည်း ရှိတယ်။ ယနေ့အချိန်အထိ ပြောင်းလဲ ခြင်း မရှိတဲ့ မထသ က တလကို သိန်း ကျပ် ၅၀၀ ကနေ သိန်း ၁၀၀၀ ကြား တရားဝင်ငွေကြေး ကောက်ခံမှုအပေါ်မှာ အလွဲသုံးစား လုပ်တာ ရှိနေတယ်”ဟုလည်း ၎င်းက ဆိုသည်။
အောင်မင်္ဂလာ အဝေးပြေးကွင်းတွင် အမည်အမျိုးမျိုးဖြင့် ကောက်ခံနေသည့် ငွေကြေးတွင် ကားဝင်းအတွင်းသို့ ဝင်ကြေး၊ ဆိုက်ရောက်ကြေး၊ ဒဏ်ကြေး၊ သတင်းပို့ စာရွက်တင်ပြရာတွင် ပေးရသည့် ငွေကြေး၊ ယာဉ်အိပ်ခ ယာဉ်ရပ်နားခကြေးနှင့် လမ်းဂိတ်ကြေး စသည်ဖြင့် အမျိုးမျိုးပေးဆောင်နေရသည်ဟု ဦးစိုးသိန်းက ပြောသည်။
မထသ(အဝေးပြေး) သို့ ယာဉ်လိုင်းများက အဓိကအားဖြင့် ယာဉ်တစီးရှိ ခရီးသည်အရေအတွက်နှင့် ခရီးသည် တဦးချင်းစီ က ပေးရသည့် ယာဉ်စီးခနှုန်း၏ ၆၀ ရာခိုင် နှုန်းပေါ်တွင် တွက်ချက်ပြီး ၂ ရာခိုင်နှုန်းကို ပေးသွင်းနေရသည်ဟု ယာဉ်လိုင်း ပိုင်ရှင်များက ပြောသည်။
မထသ (အဝေးပြေး) ဥက္ကဋ္ဌ ဦးညွှန့်ဝေက “ ၆၀ ရာခိုင်နှုန်းရဲ့ ၂ ရာခိုင်နှုန်းကို စီမံခန့်ခွဲမှုနဲ့ လူမှုရေး အသုံးစရိတ် ကောက် တယ်။ ဒါကလည်း တိုင်းဒေသကြီး အစိုးရအဖွဲ့က သတ်မှတ်ပေးထားတဲ့ နှုန်းထားပါ။ ကောက်တာက ရန်ကုန်တိုင်းကနေ ခွင့်ပြုထားတဲ့ ယာဉ်လိုင်းတွေကိုပဲ ၂ ရာခိုင်နှုန်း ကောက်တာ။ အခြားတိုင်းဒေသကြီးတွေက ဝင်လာတဲ့ယာဉ်တွေကို ယာဉ် ကြီးကြပ်စရိတ် ၁၀၀၀ ပဲ ကောက်တယ်”ဟု ပြောဆိုသည်။
ယာဉ်လိုင်းများအား အကြောင်းအမျိုးမျိုးဖြင့် ငွေကြေးကောက်ခံခြင်း နှင့် မထသ(အဝေးပြေး) က ငွေကြေးအလွဲသုံးစား ပြုလုပ်သည်ဟူသော ဖြစ်ရပ်နှင့် ပတ်သက်ပြီး မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက လုပ်ထုံး လုပ်နည်းအတိုင်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောသည်။
“ကိစ္စတွေ ဒီလိုရှိနေပါတယ် ဆိုပြီးတော့ သက်ဆိုင်ရာ အဖွဲ့အစည်းကို တင်ပြမယ်။ သက်ဆိုင်ရာအဖွဲ့အစည်းက အရေးယူ ဆောင်ရွက်မှု မရှိဘူးဆိုရင် သူ့ထက်မြင့်တဲ့ အဖွဲ့အစည်းကို ဆက်တင်ပြသွားမယ်။ ဒါ ကျနော်တို့ လုပ်ထုံးလုပ်နည်းပါ” ဟု ပြောဆိုသည်။
ထိုသို့ မထသ(အဝေးပြေး) က ၂ ရာခိုင်နှုန်း ကောက်ခံမှုမှ မိုးရာသီတွင် ကျပ် ၂၅ သိန်း၊ နွေရာသီတွင် ၂၇ သိန်းအထိ နေ့စဉ် ကောက်ခံရရှိပြီး ထိုငွေများကို မွေးမြူရေး ဘဏ်၊ မြန်မာ့စီးပွားရေး ဘဏ်၊ မြဝတီ ဘဏ်၊ ထွန်းဖောင်ဒေးရှင်း ဘဏ် များတွင် နေ့စဉ် စာရင်းသွင်း အပ်နှံထားသည်ဟု ဦးညွှန့်ဝေက ပြောသည်။
အဝေးပြေးယာဉ်လိုင်း တခု ဖြစ်သော မြရတနာ ယာဉ်လိုင်း ဥက္ကဋ္ဌ ဦးမြင့်နိုင်က “ကားတစီး ဝင်ရင် ကျပ် ၆၀၀၊ ဆိုက်ရောက် ဝင်ရင် ၅၀၀၊ မဝင်ရင် ဒဏ်ကြေးက ၁ သောင်း၊ ညအိပ်အခွန်၊ အခပေး ကားရပ်နားကွင်းမှာ တရက်ကို ၂၀၀၀၊ နောက်တနေ့မှ ထွက်ရင် ၃၅၀၀ ပေးရတယ်။ ဒီကွင်းက ၂ ဧက ၃ ဧက ရှိတယ် ဝန်းအကျိုးဆောင်က ကန်ထရိုက်ယူ လုပ်တယ်။ အပြင်မှာခဏရပ်ရင် ၁ သောင်း ပေးရ တယ်”ဟု ပြောပြသည်။
အောင်မင်္ဂလာ အဝေးပြေးကွင်း၌ ငွေကြေးကောက်ခံနေသည့် အဖွဲ့အစည်းများတွင် မထသ (အဝေးပြေး) အဖွဲ့အစည်း တခု တည်း မဟုတ်ဘဲ၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနကလည်း လုပ်ငန်းလိုင်စင်ချထားပေးခြင်း အတွက် ကောက် ခံ နေကြောင်း၊ ဂိတ်အခန်းများ၊ ဆိုက်ရောက်နေရာများကို အဓိကကောက်ခံနေသည့်အဖွဲ့သည် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဖြစ်ကြောင်း မထသ(အဝေးပြေး) ဥက္ကဋ္ဌ ဦးညွှန့်ဝေ က ပြောသည်။
“ဂိတ်ကွင်းမှာ စည်ပင်က အကြီးဆုံးပဲ။ လုပ်ငန်းတာဝန ်တော်တော်များများကို ယူထားတာ။ စည်ပင်နာမည်နဲ့ ယူနေတာ တော့ မဟုတ်ဘူး။ စခန်းတာဝန်ခံ ဆိုတဲ့ နာမည်နဲ့ ယူနေတယ်”ဟု ဦးညွှန့်ဝေက ဆိုသည်။
အောင်မင်္ဂလာ အဝေးပြေးကွင်းတွင် ရန်ကုန်တိုင်းအစိုးရက ခွင့်ပြုထားသော ယာဉ်လိုင်းများနှင့် အခြားတိုင်းနှင့် ပြည်နယ် က ခွင့်ပြုထားသည့် ယာဉ်လိုင်း ၂ မျိုးရှိပြီး ယာဉ်လိုင်း စုစုပါင်း ၂၁၇ လိုင်းနှင့် အစီးရေ ၂,၂၆၀ ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီ မ.ထ.သ (အဝေးပြေး)၏ စာရင်းများအရ သိရသည်။