အစိုးရသစ်သက်တမ်း ရက် ၁၀၀ ကျော်လာတဲ့အချိန်မှာ နိုင်ငံစီးပွားရေးနဲ့ ပတ်သတ်ပြီး ဖွံ့ဖြိုးတိုးတက်မှုကို ဘယ်လို သွားမယ်၊ဘယ်ကဏ္ဍတွေကို ဦးစားပေးပြီး ဘယ်ကဏ္ဍတွေကို လျှော့ချသွားမယ် ဆိုတာမျိုး ခိုင်မာ တိကျတဲ့ မူဟာ ထွက်မလာသေးဘဲ ရက် ၁၀၀ အတွင်းမှာလည်း စီးပွားရေးနဲ့ပတ်သက်လို့ ထူးထူးခြားခြား ပြုပြင်ပြောင်းလဲမှု မလုပ်နိုင်ခဲ့ပါဘူး။
စီးပွားရေးနဲ့ ပတ်သတ်ပြီး ဒီအစိုးရသစ်ရဲ့ မူဆိုတာ ဘာဆို ဘာမှ မသိရသေးတဲ့ အခြေအနေမှာရှိနေပြီး စီးပွားရေးမှာ ခရာကျတဲ့ ဝန်ကြီးဌာနတွေ ဖြစ်တဲ့ စီမံကိန်းနဲ့ဘဏ္ဍာရေး ဝန်ကြီးဌာနနဲ့ စီးပွားရေးနဲ့ကူးသန်း ရောင်း ဝယ်ရေးဝန်ကြီးဌာန ၂ ခုလုံးက ဝန်ကြီးတွေက နိုင်ငံစီးပွားရေး ခရီးနဲ့ ပတ်သက်လို့ ရေရာလှတဲ့ အကြောင်းအရာမျိုး ဒီရက် ၁၀၀ ကျော်ကာလအတွင်းမှာ ပြည်သူကို ချပြခဲ့တာမျိုး မရှိခဲ့သေးပါဘူး။
ဒီအစိုးရသစ် သက်တမ်းမှာ နိုင်ငံပို့ကုန်ကို ၃ ဆတက်အောင် ကြိုးစားသွားမယ်လို့ ပြောခဲ့တာနဲ့ နိုင်ငံစီးပွားရေး မူဝါဒ ထွက်ဖို့ ရှိတယ်လို့ ပြောဆိုခဲ့တာမျိုးသားရှိပြီး လက်တွေ့ ချပြတာ၊ အတိအကျ အကောင်အထည် ဖော်တာ မျိုး မရှိခဲ့ပါဘူး။
မြန်မာနိုင်ငရဲ့ တဦးချင်းဝင်ငွေ အနိမ့်ဆုံးနိုင်ငံထဲမှာ ပါနေပြီး လူဦးရေ ၁၃ သန်းကျော်ဟာ ဆင်းရဲမွဲတေမှု သတ် မှတ် ချက် အောက်မှာ နေရတဲ့အပြင် တနိုင်ငံလုံးရဲ့ ၃၀ ရာခိုင်နှုန်းကျော်ပဲ လျှပ်စစ်မီး အသုံးပြုနိုင်ပါတယ်။
ပြည်တွင်း အသား တင် ကုန်ထုတ်လုပ်မှုတန်ဖိုး GDP ပမာဏက ဒေသတွင်းနိုင်ငံတွေချင်းကြားမှာတောင် အနိမ့်ဆုံး မှာ ပါနေသေးတာမို့ တဦးချင်း ဝင်ငွေမြင့်လာပြီး အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါလာဖို့က အစိုးရ သစ် ဖော်ဆောင် မယ့် စီးပွားရေးဖွံ့ဖြိုးမှု အလားအလာနဲ့ တိုက်ရိုက် သက်ဆိုင်နေတာပါ။
ဒါပေမယ့် လက်ရှိ အစိုးရသစ်ရဲ့ ရက် ၁၀၀ ကျော်ကာလတလျှောက်ဟာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဘာသာရေးနဲ့ လူမျိုးရေး အခန်းကဏ္ဍတွေကို နိုင်ငံရေးအရ ဦးစားပေး ညှိနှိုင်း ပုံဖော်ယူနေရတဲ့ အခြေအနေ ဖြစ်နေပါတယ်။
ဒီလို လုပ်ဆောင်နေမှုတွေက အရေးကြီးတဲ့ အကြောင်းအရာတွေဖြစ်သလို တဖက်ကလည်း တိုင်းပြည် စီးပွားရေး ဦးမော့ပြီး ဆင်းရဲတွင်းမှ တတ်နိုင်သလောက် လွတ်မြောက်ဖို့ ဘယ်လိုမူနဲ့ သွားကြမယ်ဆိုတာမျိုး ဒီအချိန်မှာ ချပြသင့်ပြီ၊ ခိုင်ခိုင်မာမာ ရှိနေသင့်ပြီ၊ စီးပွားရေးဘက်ကိုလည်း ဦးစားပေးသင့်ပြီလို့ စီးပွားရေး ပညာရှင်တွေ၊ လုပ်ငန်းရှင်တွေက ပြောဆိုကြပါတယ်။
THURA SWISS ကုမ္ပဏီရဲ့ အုပ်ချုပ်မှုဒါရိုက်တာ ဒေါက်တာအောင်သူရက “အရေးကြီးတာကတော့ ဒီအစိုးရ အနေနဲ့ သူတို့ဘာလုပ်ဖို့ရှိလဲ၊ သူတို့ planning ဘာတွေရှိလဲ ချပြဖို့လိုမယ်။ ဘယ်အချိန် ဘာလုပ်မယ် ဆိုတာ ရှင်းပြဖို့လိုမယ်။ စီးပွားရေးသမားဆိုတာက ဘာကိုမကြိုက်ဆုံးလဲဆိုတော့ မတင်မကျ အခြေအနေ မျိုးပေါ့။ အခြေအနေတခုက ဘာဆိုတာ ရှင်းရှင်းလင်းလင်း ရှိနေရင် မကောင်းဘူးဆိုရင်တောင် သူတို့ မကြိုက် တဲ့ အတိုင်း adjust လုပ်နိုင်တယ်ပေါ့။ဘာမှန်းမသိဘူးဆိုရင်တော့ ဆုံးဖြတ်ဖို့ခက်တယ်ပေါ့။ မကြိုက်တဲ့ ဟာကို ကိုယ်က သိတယ်ဆိုရင် သူတို့ ရှောင်မယ်၊ ဒါကို မလုပ်ဘူးပေါ့။ ဒါမယ့် ဘယ်လို ဆက်တိုးရမှန်းမသိတဲ့ ဟာက စီးပွားရေးလောကမှာ ခက်တယ်” လို့ ပြောပါတယ်။
နိုင်ငံတကာက ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့လည်း အစိုးရသစ်ရဲ့ အရည်အချင်း လုပ်နိုင်ကိုင်နိုင်မှုတွေနဲ့ ပတ်သက် ပြီး စောင့်ကြည့် မေးမြန်းမှုတွေ ရှိနေပါတယ်လို့ ၎င်းက ပြောပါတယ်။
စီးပွားရေးပညာရှင် ဒေါက်တာဇော်ဦးကတော့ အစိုးရသစ်ရဲ့ ရက် ၁၀၀ ကျော်ကို ရလဒ်အနေနဲ့ ကြည့်မယ်ဆိုရင် ရလဒ် ထွက်မလာသေးကြောင်း၊ အတွေ့ အကြုံမရှိဘဲ စတင် ကိုင်တွယ်ရတဲ့ အခြေအနေမို့ အခြားသော နိုင်ငံတွေရဲ့ ရက် ၁၀၀ သက်တမ်းနဲ့ ယှဉ်ပြောလို့မရကြောင်း ထောက်ပြပါတယ်။
၎င်းက “အခြားနိုင်ငံကြီးတွေမှာ အစိုးရကြီးတွေ လုပ်တဲ့ ပုံစံနဲ့ ယှဉ်တဲ့အခါ အခြားနိုင်ငံတွေမှာတော့ ဝန်ထမ်း တွေကလည်း စွမ်းရည် အပြည့်၊ အဖွဲ့အစည်းတွေကလည်း အင်အားတောင့်ပြီးသား၊ လုပ်နိုင်ကိုင်နိုင်တဲ့ အတွေ့ အကြုံလည်း ရှိပြီးသား၊ ပြီးရင် အစိုးရလုပ်မယ့်သူကလည်း အရည်အချင်း၊ အတွေ့အကြုံ ဦးဆောင်မှု အပြည့် အ၀ ရှိပြီးသားဆိုတော့ ချက်ခြင်းလက်ငင်း ရက် ၁၀၀ အတွင်းမှာ အထမြောက်အောင် အကောင် အထည်ဖော်နိုင်တဲ့ ပုံစံတွေရှိတာပေါ့။ အဲ့ပုံစံနဲ့ ကျနော်တို့ဆီမှာ တိုင်းရင်တော့ မလွယ်ဘူး၊ မှန်လည်း မမှန်ဘူးလို့ထင်ပါတယ်” လို့ ဆိုပါတယ်။
အစိုးရသစ်အနေနဲ့ ရက် ၁၀၀ သက်တမ်းအလွန်မှာတော့ စီးပွားရေးကို မဖြစ်မနေ ဦးစားပေးရမှာဖြစ်တယ်လို့ ဒေါက်တာဇော်ဦးက ဆက်လက်ပြောဆိုပါတယ်။
“အခုအနေအထားမှာက ကမ္ဘာ့စီးပွားရေး အခြေအနေက တော်တော်လေးကို ပြောင်းလဲသွားတာ တွေ့ရတယ်။ ဥရောပမှာ ကြည့်ကြည့် တရုတ်မှာ ကြည့်ကြည့် စီးပွားရေး မရေရာမှုတွေ တောက်လှျှောက်ဖြစ်လာတဲ့ အခါမှာ ကျနော်တို့မှာ ပတ်ဝန်းကျင်ကောင်းတွေ ဘေးပတ်လည်မှာ မရှိတော့ဘူး။ မရှိတော့တဲ့ အချိန်မှာ ကျနော်တို့က အရင်က တွက်တဲ့ တွက်ဆချက်တွေအတိုင်း အေးအေးဆေးဆေး လုပ်လို့တော့ မရတော့ဘူး။ ဒါကြောင့် စီးပွားရေး ကို ပိုပြီး ဦးစားပေးဆောင်ရွက်သင့်တယ်လို့ မြင်ပါတယ်” လို့ သူက ပြောပါတယ်။
နိုင်ငံထဲကို ဝင်လာမယ့် ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်လို့ အဓိကကိုင်တွယ် ခွင့်ပြု ရတဲ့ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် လို အဖွဲ့အစည်းကိုလည်း အစိုးရသစ်တက်ပြီး ၂လကျော် ကြာတဲ့ အချိန်မှ ပြန်လည်ဖွဲ့စည်း ပေးနိုင်ခဲ့ပါတယ်။
ဒီလို ပြန်လည်း ဖွဲ့စည်းတာ နောက်ကျနေလို့ ခွင့်မပြုနိုင်ဘဲ ရပ်တန့်ထားရတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တွေလည်းရှိခဲ့ပါတယ်။ အခုမှ ကော်မရှင် အစည်းအဝေးတွေ ထိုင်ပြီး စီစစ်ခွင့်ပြုမှုတွေ လုပ်မှာဖြစ်ပါတယ်။
စီးပွားရေးအရ မဖြစ်မနေ ယှဉ်ပြိုင်မှုတွေကြုံရမယ့် စိန်ခေါ်မှု တခုကတော့ အာဆီယံ စီးပွားရေး အသိုက်အဝန်း AEC ပါ။လက်ရှိအခြေအနေမှာ AEC ဟာ၂၀၁၆ ဇန်နဝါရီ ၁ရက်က စပြီး အသက်ဝင်လာတာနဲ့အမျှ ဒေသတွင်း နိုင်ငံတွေကြား ကုန်သွယ်မှုတွေမှာ အကောက်ခွန်လျှော့ချမှုတွေရှိလာမှာ ဖြစ်တာမို့ ဒါကလည်း နိုင်ငံဝင် ငွေလျော့ကြမှုကို ဖြစ်စေမှာပါ။
ကုန်သွယ်ရေးလိုငွေ၊ ဘဏ္ဍာရေး လိုငွေပြတာ များပြားလာနေတဲ့ မြန်မာနိုင်ငံအဖို့ AEC နဲ့ ဆက်နွယ် နေတာတွေနဲ့ ပတ်သက်ပြီး ရင်ဆိုင်မယ့် မူဝါဒတခုလည်း လိုအပ်နေပါတယ်။
AEC သဘောတူညီချက်အရ နိုင်ငံတွေအချင်းချင်း ကုန်စည်တွေ ရင်းနှီးမြှုပ်နှံမှုတွေ၊ဝန်ဆောင်မှုတွေ၊ ကျွမ်းကျင် လုပ်သားတွေဟာ နိုင်ငံအချင်းချင်းကြားမှာ လွတ်လပ်စွာ စီးဆင်းတော့မှာမို့ ကုန်ထုတ်လုပ်မှုလုပ်ငန်း၊ ဝန်ဆောင်မှုနဲ့ ကျွမ်းကျင်လုပ်သားကအစ အရာရာ နောက်ကျနေတဲ့ မြန်မာနိုင်ငံအတွက် ပြင်ဆင်မှုတွေ အများကြီးလိုအပ်နေဆဲဖြစ်ပါတယ်။
ပါရမီကုမ္ပဏီအုပ်စုရဲ့ အကြံပေး ဦးတင်ချိုက “ဒီလိုအချိန်မှာ ဘယ်လို အကောင်အထည်ဖော်မယ်ဆိုတာမျိုး ပြောသင့်တာပေါ့။ ဥပမာ အခုလိုငွေတွေ ပြနေတယ်၊ ဒါကို ဘယ်လိုလုပ်မလဲပေါ့၊ ငွေစက္ကူ ထပ်ရိုက်တဲ့ နည်းနဲ့ပဲ ဖြေရှင်းမလားပေါ့။ဒါလည်း ငွေကြေးဖောင်းပွမှုဖြစ်မယ်ဆိုတာ သိနေကြတာပဲ။ ဆိုလိုချင်တာကတော့ သူတို့ လည်း ဒါတွေကို ပြင်ဆင်နေတုန်းဆိုတော့ ချမပြသေးဘူး။ ချမပြသေးတဲ့ အခါမှာ လူတွေက ထင်ရောင် ထင်မှားတွေ ဖြစ်နိုင်တာပေါ့။ သူတို့ဆီမှာ တိကျ ခိုင်မာတဲ့ ပေါ်လစီရှိရမယ်။လူတွေကို သိသာထင်ရှားအောင် လုပ်ပြမယ့် အပိုင်းကတော့ အားနည်းနေတယ်လို့မြင်ပါတယ်” လို့ ပြောပါတယ်။
လက်ရှိမှာ အစိုးရသစ်အနေနဲ့ အမျိုးသား ရင်ကြားစေ့ရေး၊ ပြန်လည်သင့်မြတ်ရေးတွေအတွက် လုံးပန်း နေတာနဲ့အတူ နိုင်ငံ ရှေ့ခရီး ဆင်းရဲမွဲတေမှုက လွတ်အောင် အရေးကြီးလှတဲ့ စီးပွားရေးဆိုင်ရာ မဟာဗျူဟာ ကျကျ ခြေလှမ်းတွေနဲ့ ရုန်းထွက်ဖို့လည်း လိုအပ်နေတဲ့အပြင် စီးပွားရေးကို အလေးထားပြီး အရေးတကြီး ဆောင်ရွက် အကောင်အထည်ဖော်ဖို့လိုပါပြီ။
“အပစ်အခတ်ရပ်စဲရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးတွေ ဆောင်ရွက်နေတယ်။ ဒါအရေးကြီးတယ်။ပြည်တွင်း ငြိမ်းချမ်းမှ စီးပွားရေးတိုးတက်မယ်ပေါ့။ ဒါပေမယ့် တဖက်ကလည်း စီးပွားရေးတိုးတက်မှ ရေရှည်တည်တံမှု ရရှိမယ်” လို့ စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုက ပြောပါတယ်။