သီလဝါ အထူး စီးပွားရေးဇုန်တွင် ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ စီးဝင်သည့် ပမာဏသည် အမေရိကန် ဒေါ်လာ သန်း ၈ ရာ နီးပါး အထိ ရှိလာကြောင်း သီလဝါ အထူးစီးပွားရေးဇုန်ကို အကောင်အထည်ဖော် ဆောင်ရွက်နေ သည့် MJTD ကုမ္ပဏီက ထုတ်ပြန်ထားသည်။
မြန်မာ – ဂျပန် သီလဝါ ဖွံ့ဖြိုးမှု ကုမ္ပဏီ (MJTD) ၏ ထုတ်ပြန်ချက်တွင် လက်ရှိ ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ထား ခြင်း သည် ဒေါ်လာ သန်း ၇၆၀ ဝန်းကျင်ဟု ဖော်ပြထားပြီး ဆက်လက် တိုးချဲ့လာနိုင်သည့် ရင်းနှီးမြှုပ်နှံမှုများ ကြောင်း ဒေါ်လာ ၁ ဘီလီယံ အထိ ဖြစ်လာနိုင်ကြောင်းလည်း ပါရှိသည်။
ယခုအချိန်တွင် သီလဝါ အထူးစီးပွားရေးဇုန်သို့ နိုင်ငံပေါင်း ၁၆ နိုင်ငံက လာရောက် မြှုပ်နှံထားပြီး ရင်းနှီးမြှုပ်နှံ ကုမ္ပဏီ ၇၃ ခု အထိ ရှိလာကြောင်းနှင့် မကြာမီအတွင်း ကုမ္ပဏီ အသစ် ၄ ခုခန့် ထပ်မံတိုးလာရန် အလား အလာ ရှိကြောင်း ဆိုသည်။
အထူး စီးပွားရေးဇုန်တွင် ဝင်ရောက်သော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများတွင် သံမဏိ အဆောက်အအုံ ပစ္စည်းများ၊ ဘိလပ်မြေ စက်ရုံများနှင့် ဆောက်လုပ်ရေးနှင့် ဆက်စပ်ပစ္စည်းများ ထုတ်လုပ်သော စက်ရုံ များပြားပြီး စုစုပေါင်း ၁၅ ခုအထိ ရှိလာကြောင်း သိရသည်။
အခြားလုပ်ငန်းများမှာ မော်တော်ယာဉ် တပ်ဆင်ခြင်းနှင့် မော်တော်ယာဉ် အပိုပစ္စည်းများ၊ ထုတ်လုပ်သည့် လုပ်ငန်း၊ ဓာတ်မြေသြဇာ ထုတ်လုပ်ခြင်း၊ လယ်ယာသုံး စက်ပစ္စည်း ထုတ်လုပ်ခြင်း လုပ်ငန်းများ၊ စားသောက် ကုန် ဖျော်ရည်လုပ်ငန်းများနှင့် ယင်းလုပ်ငန်းသုံး သံဘူးများ ထုတ်လုပ်သည့် လုပ်ငန်း၊ ဆေးဝါးနှင့် ဆေးဘက် ဆိုင်ရာ ပစ္စည်းကိရိယာများ ထုတ်လုပ်ခြင်း လုပ်ငန်း၊ အထည်ချုပ်လုပ်ငန်းများ ဖြစ်သည်။
သီလဝါ အထူးစီးပွားရေးဇုန်သည် မြန်မာနိုင်ငံ၏ ပထမဆုံး အကောင်အထည်ဖော်မှု အလျှင်မြန်ဆုံး အထူး စီးပွားရေး ဇုန် ဖြစ်သည်နှင့် အညီ ရင်းနှီးမြှုပ်နှံသူများ စိတ်ဝင်စားခြင်းကိုလည်း ခံရပြီး လက်တွေ့လည်း ရင်းနှီးမြုပ်နှံမှုများ ဝင်ရောက်နေပြီဖြစ်သည်။
ဂျပန် – မြန်မာ ၂ နိုင်ငံပူးပေါင်း အကောင်အထည်ဖော်သည့် အထူး စီးပွားရေးဇုန်လည်း ဖြစ်ရာ ဂျပန်နိုင်ငံ၏ ဖွံ့ဖြိုးရေး ချေးငွေဖြင့် အထူး စီးပွားရေးဇုန် ဘေးတွင် ဓာတ်အားပေး စက်ရုံကိုလည်း တည်ဆောက်ထားပြီး လက်ရှိ လည်ပတ်နေပြီ ဖြစ်ကြောင်း သိရသည်။
မြန်မာ – ဂျပန် ၂ နိုင်ငံ ဖက်စပ် အကောင်အထည် ဖော်ဆောင်ရာတွင် မြန်မာဘက်မှ ၅၁ ရာခိုင်နှုန်း၊ ဂျပန် ဘက် မှ ၄၉ ရာခိုင်နှုန်း ထည့်ဝင်ခဲ့ခြင်း ဖြစ်သည်။
မြန်မာဘက်မှ ၅၁ ရာခိုင်နှုန်း အတွက်ကို မြန်မာသီလဝါ အထူးစီးပွားရေးဇုန် ဟိုးလ်ဒင်း ကုမ္ပဏီက ၄၁ ရာခိုင်နှုန်း နှင့် သီလဝါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေး ကော်မတီက ၁၀ ရာခိုင်နှုန်း ထည့်ဝင်ခဲ့ခြင်း ဖြစ်သည်။
ဂျပန်ဘက်ကမှ ၄၉ ရာခိုင်နှုန်းတွင် ဆူမီတိုမို၊ မစ်ဆူဘီရှီနှင့် မာရူဘီနီ ကုမ္ပဏီ ၃ ခုပေါင်းဖွဲ့ထားသော MMS Thilawa Development Co.ltd မှ ၃၉ ရာခိုင်နှုန်းနှင့် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ JICA မှ ၁၀ ခိုင်နှုန်း ထည့်ဝင်ခဲ့သည်။
အထူး စီးပွားရေး ဇုန်များနှင့် ပတ်သက်၍ ၂၀၁၄ ခုနှစ်တွင် ပြဌာန်းခဲ့သော မြန်မာ့ အထူးစီးပွားရေးဇုန် ဥပဒေ တွင် ကင်း လွတ် ဇုန်နှင့် လုပ်ငန်းမြှင့်တင်ရေး ဇုန်များ ပါရှိပြီး ယင်းဇုန်များတွင် လာရောက်ရင်းနှီးမြှုပ်နှံသူများကို အခွန်ပေးဆောင် မှု နှင့်ပတ်သက်၍ အခွင့် အရေးများ ပေးထားသည်ကို တွေ့ရသည်။
ကင်းလွတ်ဇုန်တွင် ဝင်ရောက်သည့် ရင်းနှီးမြှုပ်နှံမှုများသည် ပထမ ၇ နှစ်အတွက် ဝင်ငွေခွန် ကင်းလွတ်ခွင့် ရရှိ ပြီး ၇နှစ် ကျော်လျှင် နောက်ထပ် ၅ နှစ်ကို တည်ဆဲဥပဒေ ဝင်ငွေခွန်၏ ၅၀ ရာခိုင်နှုန်း ကင်းလွတ်ခွင့်ရသည်။
လုပ်ငန်းမြှင့်တင်ရေးဇုန်များသည် ပထမ ၅နှစ်အတွက် ဝင်ငွေခွန် ကင်းလွတ်ခွင့်ရရှိပြီး ၅ နှစ်ကျော်လျှင် တည်ဆဲ ဥပဒ ဝင်ငွေခွန်အတိုင်း ၅၀ ရာခိုင်နှုန်း ကင်လွတ်ခွင့်ရရှိမည်ဖြစ်သည်။
ကင်းလွတ်ဇုန်ဆိုသည်မှာ ပြည်ပတင်ပို့မှုကို အဓိကထားပြီး ယင်းဇုန်တွင် ကုန်ထုတ်လုပ်မှု နယ်မြေ၊ သယ်ယူ ထောက်ပံ့ပေးရေး လုပ်ငန်းများ နေရာနှင့် လက်ကား ရောင်းဝယ်ဖောက်ကားသည့် နေရာများ ပါဝင်သည်။
လုပ်ငန်းမြှင့်တင်ရေးဇုန်တွင် ကုန်ထုပ်လုပ်မှု၊ အိမ်ယာများ၊ ကုန်တိုက်များ၊ ဘဏ်လုပ်ငန်းများ၊ အာမခံ လုပ်ငန်း များ၊ကျောင်းများ၊ ဆေးရုံများနှင့် အပန်းဖြေ နားနေရာများကဲ့သို့သော လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံနိုင်သည်။