စီးပွားရေး

လိုင်စင်သက်တမ်းကုန်မည့် ကျောက်မျက်လုပ်ကွက် ၃၀၀ ကျော် စာရင်း ထုတ်ပြန်

This article has been converted from Zawgyi One to Unicode

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ၂၀၁၆ ခုနှစ် ဇူလိုင် လတွင် လိုင်စင် သက် တမ်း ကုန်တော့မည့် ကျောက်မျက်တူးဖော်ရေး လုပ်ကွက်ပေါင်း ၃၁၀ ၏ စာရင်းကို ထုတ်ပြန်လိုက်ကြောင်း သိရှိရသည်။

ကချင်ပြည်နယ်မှ ကျောက်စိမ်းလုပ်ကွက်များအပါအဝင် မိုးကုတ်၊ မိုင်းရှုး၊ ခန္တီးနှင့် နန့်ယားဆိပ် ရတနာ နယ်မြေ တို့မှ ကျောက်မျက် တူးဖော်ရေး လုပ်ကွက်ပေါင်း ၃၁၀ သည် ၂၀၁၆ ခုနှစ် ဇူလိုင်လ တွင် သက်တမ်း ကုန်ဆုံး တော့မည်ဖြစ်ရာ ယင်းအနက် ကချင်ပြည်နယ် မိုးညှင်း၊ ဖားကန့်နှင့် လုံးခင်းရှိ ကျောက်စိမ်း လုပ်ကွက်အများ ဆုံးပါဝင်ကြောင်း ဝန်ကြီးဌာန၏ ဝက်ဆိုက် စာမျက်နှာတွင် ဖော်ပြထားသည်။

ပြည်ထောင်စုသယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနလက်အောက်ရှိ သတ္တုတွင်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းထိန်က ကျောက်စိမ်းလုပ်ကွက်များအား သက်တမ်း ကုန်သွား လျှင် ထပ်မံတိုးမပေးတော့ကြောင်း၊ နေပြည်တော်ကျောက်မျက်ပြပွဲတွင် တရားဝင် ပြောဆိုခဲ့ ပြီးဖြစ်သည်။

အဆိုပါ ကျောက်မျက်တူးဖော်ရေး နယ်မြေများတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအစီအစဉ်
(Environmental Management Plan) ရေးဆွဲမည်ဖြစ်ပြီး ယင်းထိန်းသိမ်းရေး အစီအစဉ်များကို လိုက်နာ ဆောင်ရွက်နိုင်သော ကုမ္ဗဏီများကိုသာ ကျောက်မျက်တူးဖော်ရေး လုပ်ကိုင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရှိရသည်။

အထူးသဖြင့် ကချင်ပြည်နယ်နှင့် ခန္တီးမှော်နယ်မြေများတွင် ကျောက်တူးဖော်ရေးကုမဏီအများစုသည် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းမှု အားနည်းခြင်း၊ စက်ယန္တရားများဖြင့် အလွန်အမင်း ကျောက်များ တူးဖော်ခြင်း၊ ဥပဒေ သတ်မှတ်ချက်များအား လိုက်နာမှု အားနည်းခြင်းတို့ကြောင့် နယ်မြေများတွင် သဘာဝဘေးအန္တရာယ်များ ခံစား လျက်ရှိကြောင်း သိရှိရသည်။

မြန်မာကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းချုပ်၊ ပြန်ကြားရေးဥက္ကဋ္ဌ ဦးမြင့်ဟန်က “အကြီးစား ထုတ်လုပ် မှုတွေ လျှော့ချမယ်လို့ ပြောရင် အလတ်လို့ ပြောင်းလုပ်ကြမှာပဲလေ၊ ပြီးတော့ ကုမ္ဗဏီတခုက လုပ်ကွက်တခု တည်းပဲ ရထားတာမှ မဟုတ်တာ၊ အဲဒီသက်တမ်းကုန်သွားတဲ့ လုပ်ကွက် တွေကို ဆက်တူး၊ မတူး ဘယ်လို စိစစ် မလဲ၊ ဒါကို သေချာကိုင်တွယ်နိုင်ရင် ကောင်းပါတယ်။ မဟုတ် ရင်တော့ နားထောင်ကောင်းရုံ သက်သက် ဖြစ်နေ မယ်” ဟု ပြောသည်။

ထို့ပြင် ကချင်ပြည်နယ်ကဲ့သို့ နယ်မြေငြိမ်းချမ်းမှုမရှိသည့်မှော်နယ်မြေများတွင် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများ လုပ်ကိုင်ရန်အခက်အခဲရှိနိုင်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့သေချာကြတ်မတ် ဆောင်ရွက်ရန် လိုအပ် ကြောင်း ကျောက်ကုန်သည်များက ပြောသည်။

လတ်တလော မန္တလေး၊ စစ်ကိုင်းနှင့် ဖားကန့်ဒေသမှ ကျောက်စိမ်းလုပ်ငန်းရှင်များ စုပေါင်းကာ ပြည်တွင်း ကျောက် စိမ်း ဈေးကွက်ပြန်လည်ကောင်းလာရေးအတွက် ကျောက်စိမ်းတူးဖော်မှုခေတ္တရပ်ဆိုင်းပေးရန်နှင့် တရုတ်နိုင်ငံ သို့ တရားမဝင်ကျောက်စိမ်းတင်ပို့ ရောင်းချမှု တားဆီးပေးရန် ကျောက်ကုန်သည်များ လက်မှတ် ထိုး၍ အစိုးရထံ တင်ပြတောင်းဆိုမည်ဖြစ်ကြောင်း သိရှိရသည်။

Loading