စီးပွားရေး

စီပွားရေးမူဝါဒ၊ ဘတ်ဂျက် ကိစ္စ ဘဏ္ဍာရေး ဒုဝန်ကြီးနှင့် အင်တာဗျူး

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

အစိုးရသစ်၏ ရက် ၁၀၀ စီမံကိန်းကာလအတွင်း စီးပွားရေး လုပ်ဆောင်မှု အခြေအနေ၊ မူဝါဒချမှတ်မှု၊ တိုင်းနှင့် ပြည်နယ် အသီးသီးအတွက် ဘတ်ဂျက် ခွဲဝေချထားမှု စသည့် အခြေအနေများနှင့် ပတ်သက်၍ စီမံကိန်းနှင့် ဘဏ္ဍရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဦးမောင်မောင်ဝင်း ကို ဧရာဝတီ အင်္ဂလိပ်ပိုင်း သတင်းထောက် ကျော်ဆုမွန်က တွေ့ဆုံ မေးမြန်း ထားပါသည်။

မေး။ ။ အစိုးရသက်တမ်း ၃ လအတွင်းမှာ စီးပွားရေးလုပ်ငန်းပိုင်းဆိုင်ရာတွေဟာ သိသာထင်ရှားစွာ မပြောင်းလဲ နိုင်ဘဲ နှောင့်နှေးနေတော့ လုပ်ငန်းသစ်ကဏ္ဍတွေနဲ့ ပတ်သက်ပြီး ဝေဖန်သံတွေ ထွက်နေပါတယ်။ အဲဒီတော့ ဝေဖန်သံ တွေကြားကနေ ဘာတွေ အောင်မြင်အောင် လုပ်ဆောင်နေပြီး ဘယ်လို ကဏ္ဍတွေမှာ အဓိက ဦးတည်ဆောင်ရွက်ဖို့ ရှိပါသလဲ။

ဖြေ။ ။ ဝန်ကြီးဌာန တခု အနေနဲ့ မူဝါဒတွေ ချမှတ်ပြီး တိုးတက်အောင် လုပ်ဖို့ ရုတ်တရက် မြန်မြန်ဆန်ဆန် လုပ်ဖို့ မလွယ်ဘူးပေါ့။ ဒါပေမယ့် ရက် ၁၀၀ အတွင်းမှာ လုပ်ခဲ့တဲ့ လုပ်ငန်းတွေ ရှိတယ်။ ဒီကာလ အတွင်းမှာ ပြီးသွားခဲ့တဲ့ လုပ်ငန်း တွေရှိသလို ရက် ၁၀၀ အလွန်မှာ ဆက်လုပ်ရမှာတွေလည်းရှိတယ်။ ဌာနအနေနဲ့ သတင်းစာမှာ ဘယ်ဌာနက ဘာတွေ ရက် ၁၀၀ အတွင်း လုပ်မယ်ဆိုတာလည်း ဖော်ပြခဲ့ပါတယ်။ အဲဒီအတိုင်း လုပ်ခဲ့တယ်။ ဝန်ကြီးဌာန ၂ ခု ပေါင်း လိုက်တော့ ဌာနတွေလည်း ပိုများလာတယ်။ ပြည်သူတွေနဲ့ ထိတွေ့ရတဲ့ ဌာန တွေလည်း များတယ်။ ပြည်သူတွေရဲ့ လိုအပ် ချက်ကိုဖြည့်ဖို့ တောက်လျှောက်လုပ်သွားမှာပါ။

မေး။ ။ ဝန်ကြီးဌာန ၂ ခုပေါင်းလိုက်တော့ ဝန်ထမ်းတွေလည်း အကုန်ရောထွေးကုန်တဲ့အခါ အဓိက ကြုံရတဲ့ လတ်တ လော ပြဿနာက ဘာတွေရှိပါသလဲ။

ဖြေ။ ။ အခက်အခဲကတော့ အချိန် ပြဿနာ ဖြစ်တာပါပဲ။ ဝန်ကြီးကလည်း ဌာန ၂ ခုပေါင်းမှ တယောက်ဆိုတော့ ဌာန တွေရဲ့ ပြဿနာတွေကို ကြီးကြပ် ဆောင်ရွက်ရာမှာ နေ့စဉ်တင်ပြချက်တွေ၊ အခြားဌာနတွေရဲ့ တင်ပြချက်တွေ၊ အစည်း အဝေးတွေကို လုပ်တဲ့အခါ အချိန် စီမံခန့်ခွဲမှုမှာ အခက်အခဲဖြစ်ရတာပါပဲ။ သူ့အနေနဲ့ အစည်းအဝေးတွေ၊ နိုင်ငံခြားသား call တွေ၊ မသွားမဖြစ် နိုင်ငံခြားခရီးစဉ်တွေကလည်း သွားရတယ်။ အလုပ်ကို အချိန်နဲ့ ညီအောင် လုပ်ရတာပါပဲ။ ကျန်တဲ့ ဟာ တွေကတော့ ဌာနအသီးသီးမှာ သူ့ဘာသာသူ လည်ပတ်နေတာမို့ အခက်အခဲမရှိပါဘူး။

မေး။ ။ လတ်တလော ဘတ်ဂျက်ခွဲဝေသုံးစွဲမှုနဲ့ ပတ်သက်ပြီး ခေါင်းခဲစရာရှိနေလား။

ဖြေ။ ။ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ အညီ လုပ်ရတာပဲ။ ဥပဒေမှာက ပြည်နယ်နဲ့ တိုင်းတွေကနေ ကောက်ခွင့်ရှိတဲ့ အခွန် တွေကောက်မယ်၊ ရန်ပုံငွေထဲကိုသွင်းမယ်၊ သုံးနိုင်တယ်။ အလားတူပဲ ပြည်ထောင်စုက ကောက်ခွင့်ရှိတဲ့ အခွန် တွေကို ကောက်မယ်၊ ရန်ပုံငွေထဲ ထည့်မယ်၊ သုံးမယ်။ ဒါက ဥပဒေအတိုင်းပေါ့။ သဘောကတော့ ဥပဒေအရ အရင်က တော့ တိုင်းပြည် ဘတ်ဂျက် တခုပဲ ရှိပေမယ့် အခုဆို ပြည်ထောင်စု ဘတ်ဂျက် အပါအဝင် တိုင်းနဲ့ ပြည်နယ် အသီးသီးက ဘတ်ဂျက် တွေလည်း ရှိလာမယ်။

မေး။ ။ ပြည်နယ်နဲ့ တိုင်းတွေမှာ ဘတ်ဂျက် အပိုအလို ကိစ္စတွေ ပြောနေကြတော့ ဘယ်လိုဖြေရှင်းနေပါသလဲ။

ဖြေ။ ။ ပြည်ထောင်စု၊ တိုင်းနဲ့ ပြည်နယ် ရန်ပုံငွေတွေ ရှိနေတယ်။ ခွဲဝေသုံးစွဲမှုမှာ ပုဒ်မ ၂၃၀ အရ တိုင်းနဲ့ ပြည်နယ် တွေက လိုတဲ့ငွေတွေကို ပြည်ထောင်စု ဘတ်ဂျက်ကနေ ဖြည့်ဆည်းပေးရမယ်။ နောက်တခါ ပြည်ထောင်စု အနေနဲ့ အထူးကိစ္စရပ်တွေမှာ ထောက်ပံ့ချင်တယ်ဆိုရင် ထောက်ပံ့နိုင်တယ်။ သူတို့ကို အတိုးနှုန်း သက်သက်သာသာနဲ့ ငွေချေးချင်တယ် ဆိုရင်လည်း ချေးပေးနိုင်တယ်။ သဘောကတော့ သူတို့ လိုတာကိုတော့ ဖြည့်ပေးရမယ်။

ဖြည့်ပေးတဲ့အခါမှာ သူတို့ကောက်ခံလို့ ရလာတဲ့ အခွန်တွေကိုလည်း ပေးလိုက်ပြီ။ ပြန်သုံးခွင့်ရှိတယ်။ တိုင်းနဲ့ပြည်နယ် တခုနဲ့ တခုကတော့ ပမာဏမတူဘူး။ ပမာဏတော့ကွဲမယ်။ လူဦးရေ အနည်းအများ အခွန်ကောက်ခံ ရရှိမှုကတော့ ကွာ မယ်။ အဲဒီတော့ ဘယ်သူ့ကို ဘယ်လောက်ပေးမလဲဆိုတဲ့ ကိစ္စကတော့ ပြည်ထောင်စုက စဉ်းစားရတာပေါ့။ ဒီအချိန်မှာ တခြားနိုင်ငံတွေကလည်း ဘယ်လိုလုပ်နေသလဲဆိုတာ လေ့လာရတာပေါ့။ အတတ်နိုင်ဆုံး မျှတအောင်နဲ့ မျက်နှာလိုက်ရာ မကျအောင် အကုန်လုံး စဉ်းစားပြီး အချက်အလက်တွေပေါ် အခြေခံပြီး တွက်ချက်တယ်။

ဒါတွေကို အခြေခံတဲ့အခါ ဘယ်သူက ဘယ်လောက်လိုနေတယ်ဆိုတာ ပေါ်လာတယ်။ တိုင်းနဲ့ ပြည်နယ်က ပိုတယ်၊ လိုနေ ပါတယ် ပြောပြော ရသင့်တဲ့အတိုင်းပေးပါတယ်။ အခုဆို ရန်ကုန်တိုင်းက ရတာနည်းတယ်လို့ ထင်ရတယ်။ ဒါပေမယ့် ဒါက အခွန်အကောက် ရတာလည်း များတယ်လေ။ များများရတဲ့ အတိုင်းသုံးနိုင်တယ်။ ပြည်ထောင်စုကလည်း လိုတာကို ထပ်ဆောင်း ပေးတယ်။ ချင်းဆိုရင်လည်း ရတာကနည်းတယ် ဒါပေမယ့် ပြည်ထောင်စုက ဒီလောက်ရသင့်တယ်ဆိုရင် တွက်ပြီးပေးလိုက်တယ်။ သူတို့လည်း ပိုပြီး တိုးတက်အောင်လုပ်နိုင်တာပေါ့။

မတိုးတက်သေးတဲ့ တိုင်းနဲ့ပြည်နယ်ကလည်း အများနည်းတူ တိုးတက်အောင်လိုက်ပြီး ကြိုးစားရတာပေါ့။ တိုးတက်ပြီး သားက လည်း ပိုလုပ်ရပါတယ်။ ပြည်ထောင်စုကလည်း အားလုံးကိုပိုပြီးတော့ ပေးချင်ပါတယ်။ မျတမှုရှိအောင်လည်း အနီးစပ်ဆုံးကြိုးစားပြီး ပေးနိုင်အောင် တွက်ချက် လုပ်ဆောင်နေပါတယ်။

မေး။ ။ ရန်ကုန်တိုင်းဝန်ကြီးချုပ်က ဘတ်ဂျက်လုံလောက်မှု မရှိတဲ့အတွက် လုပ်ဆောင်လိုပေမယ့် မလုပ်နိုင်ဘဲ အခက်အခဲတွေ ရှိနေတယ်လို့ ပြောလာတော့ ဘာများ ဖြေရှင်းပြောကြားလိုပါသလဲ။

ဖြေ။ ။ စောစောကပြောသလို ပြည်ထောင်စုကတော့ ရန်ကုန်တိုင်း တခုတည်း ကြည့်လို့မရဘူး။ ၁၄ ခုလုံးကို ကြည့်ရတယ်။ ရန်ကုန်တိုင်းက လုပ်ချင်တာ ရှိသလို တခြားတိုင်းတွေကလည်း လုပ်ချင်တာ ရှိမှာဘဲ။ ရန်ကုန်တိုင်း တိုးတက်ဖို့ လိုသလို တခြားတိုင်းနဲ့ ပြည်နယ်တွေလည်း တိုးတက်ဖို့ လိုပါတယ်။ အဲဒီတော့ ပြည်ထောင်စု ဘတ်ဂျက်က မျှတပြီး ခွဲဝေပေးပါတယ်။

ရန်ကုန်တိုင်းက အခွန်ရတာလည်း များတဲ့အတွက်ကြောင့် ရငွေပေါ်မူတည်ပြီး ဘယ်စီမံကိန်းကို ဦးစားပေးသင့်တယ်ဆိုတာ သူကပဲ တင်ပြပြီး စဉ်းစား ဆုံးဖြတ်သွားဖို့ လိုပါတယ်။ အားလုံးကို ပေးချင်ပေမယ့် အားလုံးမရနိုင်တဲ့ အတွက်ကြောင့် ပြည်ထောင်စုမှာလည်း ဦးစားပေးရမှာတွေကို ပြန်သုံးသပ်ရပါတယ်။ ဦးစားပေး ၁၊ ၂၊ ၃ ပေါ့။ ဦးစားပေး ၁ ကတော့ တကယ်ကို အရေးအကြီးဆုံးလုပ်ရမယ့် အလုပ်တွေပေါ့။ နံပတ် ၂ ကတော့ ငွေမလုံလောက်သေးလို့ နောက်မှ လုပ် မယ်ဆိုတဲ့ လုပ်ငန်းတွေ ဆိုပြီး ခွဲခြားထားပါတယ်။

မေး။ ။ ပြီးခဲ့တဲ့ ရက်ပိုင်းက လွှတ်တော်မှာ ပြောသွားပါတယ်။ လတ်တလော အခွန်ကောက်ခံရရှိမှုမှာ တခုနဲ့ တခု မတူဘဲ ကွာခြားမှုတွေ ရှိနေတယ်ဆိုတော့ ဘယ်လိုခွဲထားပါသလဲ။

ဖြေ။ ။ ဘဏ္ဏာရေးမှာ နှစ်တိုင်း ဒီလို မတူတဲ့ အခွန်ရရှိမှုတွေ ဖြစ်တတ်ပါတယ်။ ဘတ်ဂျက်ရရှိမှု ရသုံးမှန်းခြေစာရင်းမှာ ဘယ်နေရာက အခွန်ဘယ်လောက်ရ၊ ရမယ်ဆိုတဲ့ အခွန်အမျိုးအစား အလိုက် အားလုံးပေါင်း ၁၈ မျိုး ရှိတယ်။ ဘယ်အရာ က ဘယ်လောက် လျာထားတယ်ဆိုတာ ရှိပါတယ်။ လျာထားတာကလည်း အရင်နှစ်က ကောက်ခံရရှိတဲ့ ငွေပေါ်မှာလည်း မူတည်တယ်။ လာမယ့်နှစ်ရဲ့ အလားအလာကိုလည်း မှန်းရတယ်။

လာမယ့်နှစ်ရဲ့ အခွန်အကောက် ဥပဒေအရ ဘယ် အခွန်တွေကို ဘယ်နှုန်းနဲ့ကောက်မယ်။ ဘယ်ဟာကို ကင်းလွတ်ခွင့် ပေးမယ်ဆိုတာကို ပြဋ္ဌာန်းထားတာ ရှိတယ်။ ဒါတွေပေါ်မူတည်ပြီး သက်ဆိုင်ရာ ဌာနက တွက်ချက်ပါတယ်။ ဒါေပေမယ့် တွက်ချက်တဲ့အခါ မှန်းတာထက် ကျော်လွန်ပြီး ရတာရှိသလို မှန်းသလောက် မရတာလည်း ရှိတယ်။ နှစ်တိုင်းကြုံရတဲ့ အခြေအနေပေါ် မူတည်ပြီး ဖြစ်လာတာပါ။ ၂၀၁၅-၂၀၁၆ အတွက် တင်ပြတဲ့အခါ အခွန်အကောက် ၁၈ မျိုး ရှိတဲ့အနက်က ၁၁ မျိုးက ကျော်လွန်ရပြီး ၇ မျိုးကတော့ လျော့ပြီးတော့ရတယ်.

မေး။ ။ အရင်အစိုးရလက်ထက်ကဆိုရင် အထူးစီမံကိန်းကြီးတွေကို စီမံဝန်ကြီးဌာနကနေ ဆုံးဖြတ်အတည်ပြုပေး တယ်ဆိုပြီး ဝေဖန်ခံရတာရှိပါတယ်။ အစိုးရနဲ့ နီးစပ်သူတွေက စီမံကိန်း ခွင့်ပြုချက်တွေကို လွယ်လွယ် ရတယ်ဆို ပြီး တော့ပေါ့။ အခုအစိုးရသစ် လက်ထက်မှာ အခွင့်ထူးခံ မဟုတ်ဘဲ အားလုံး တန်းတူ တပြေးညီ ခွင့်ပြုမယ့် အစီအစဉ် ရှိပါသလား။ ဒါတွေကို ဘယ်လိုကိုင်တွယ်ဖို့ ရှိပါသလဲ။

ဖြေ။ ။ အဲဒါတွေကတော့ စီမံကိန်းဥပဒေနဲ့ သွားမှာပေါ့။ နှစ်စဉ် စီမံကိန်း ဥပဒေ ရှိပါတယ်။ ပြည်ထောင်စု၊ တိုင်းနဲ့ ပြည်နယ်တွေက တာဝန်ယူ ဆောင်ရွက်ရတာတွေ ရှိပါတယ်။ Sectorial plan and regional plan လို့ခေါ်ပါတယ်။ Sectorial plan ကိုတော့ ပြည်ထောင်စုကပဲ ကိုင်တွယ်ပါတယ်။ Regional plan ကိုတော့ တိုင်းနဲ့ပြည်နယ် အစိုးရတွေက လုပ်သွားရပါတယ်။ မြို့နယ်စီမံကိန်းဆိုပြီး ခွဲထားတာလည်း ရှိပါတယ်။ အထူး အခွင့်ထူးခံ စီမံကိန်းတွေ မရှိတော့ဘူးဆိုတဲ့ သဘောပါ။ ဒါက စီမံကိန်းကော်မရှင်မှာ ညှိရမယ့် ကိစ္စတွေပါ။

Did you find apk for android? You can find new Free Android Games and apps.
Loading