အိန္ဒိယနိုင်ငံက ပြည်တွင်းစားသုံးမှုအတွက် လိုအပ်သော ၇ ဒဿမ ၆သန်း မက်ထရစ်တန် ပြည့်မီရန် မြန်မာနိုင်ငံနှင့် အာဖရိကနိုင်ငံများမှ ပဲအမျိုးမျိုး တင်သွင်းရန် စဉ်းစားနေကြောင်း စားနပ်ရိက္ခာ ဝန်ကြီးက ပြောသည်။ ပြည်တွင်းလိုအပ်ချက်ကြောင့် အိန္ဒိယ နိုင်ငံတွင် ကုလားပဲကဲ့သို့ အဓိကစားသုံးသော ပြည်တွင်းပဲဈေးများ မြင့်တက်ခဲ့သည်။
ကမ္ဘာ့ထိပ်တန်း ပဲစားသုံးသူများထဲတွင်ပါဝင်သည့် အိန္ဒိယနိုင်ငံက ထိုသို့ ပိုမို ဝယ်ယူတင်သွင်းခြင်းအားဖြင့် တိုင်းပြည်၏ ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ရာတွင်လည်း အထောက်အကူ ဖြစ်စေနိုင်ပါသည်။ အိန္ဒိယ နိုင်ငံတွင် သကြား၊ ဟင်းသီးဟင်းရွက်နှင့် ပဲအမျိုးမျိုး ဈေးနှုန်းတို့မှာ နှစ်စဉ် ရာခိုင်နှုန်း ၁၀ ဂဏန်းနှင့်ချီ၍ မြင့်တက်လာကာ ငွေကြေးဖောင်းပွမှုကို ပေါ်ပေါက်စေခဲ့ သည်။
“ပဲအမျိုးမျိုးအတွက် ဝယ်လိုအား ရောင်းလိုအား ကွာဟမှုက ၇ ဒဿမ ၆သန်း မက်ထရစ်တန် လောက် ရှိပြီးတော့ ဒီပြဿနာ ကို အစိုးရ နဲ့ ပုဂ္ဂလိက တင်သွင်းမှုတွေနဲ့ ဖြေရှင်းနေပါတယ်”ဟု ဝန်ကြီး Ram Vilas Paswan က ဇူလိုင်လ ၂၈ရ က်နေ့ မနက်ပိုင်းတွင် ပြောသည်။
မိုဇမ်ဘစ်နိုင်ငံ၌ ပဲစိုက်ပျိုးရေးအတွက် ကူညီပေးသွားမည်ဖြစ်ကြောင်းနှင့် လာမည့်နှစ်များတွင် အစိုးရအချင်းချင်း သဘောတူညီမှု များမှတဆင့် တင်သွင်းသွားမည် ဖြစ်ကြောင်း ယခုလအစောပိုင်းတွင် အိန္ဒိယနိုင်ငံက ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံ၏ နှစ်စဉ်ပဲစားသုံးမှုမှာ ၂၂ သန်း မက်ထရစ်တန်နီးပါး ရှိသော်လည်း မုတ်သုံရာသီ မမှန်ခြင်းနှင့် ဆည်မြောင်း ရေရရှိမှု အခက်အခဲများကြောင့် ပဲ စိုက်ပျိုးထုတ်လုပ်မှုကို ထိခိုက်ခြင်းများ ရှိသည့်အတွက် ဝယ်လိုအားကို ပြည့်မီရန် ပြည်ပ တင်သွင်းမှုအပေါ် များစွာ မှီခိုနေရသည်။ ၂၀၁၆ ခုနှစ် မတ်လအထိ ပြည်ပမှ ဝယ်ယူ တင်သွင်းရသည့် ပမာဏက တိုင်းပြည် စုစုပေါင်း စားသုံးမှု၏ လေးပုံတပုံခန့် ရှိသည်။
ရလာဒ် အနေဖြင့် နိုင်ငံတွင်း၌ ပဲဈေးမြင့်တက်လာခဲ့သည်။ မကြာခဏ မိုးခေါင်ခြင်းကြောင့် ထုတ်လုပ်မှု လျော့နည်းခဲ့ရပြီး နောက် အိန္ဒိယနိုင်ငံတွင် အများဆုံးစားသုံးသည့် ကုလားပဲ ဈေးမှာ တနှစ်အတွင်းတွင် ၂ ဆကျော် မြင့်တက်လာခဲ့ သည်။
ပဲဈေးများ မြင့်တက်နေလိမ့်ဦးမည်ဟု Ram Vilas Paswan က ပြောသည်။ သို့သော်လည်း ယခုနှစ်တွင် မုတ်သုန်မိုး ကောင်းမွန်ပြီး တောင်သူလယ်သမားများကလည်း ဈေးကောင်းသည့် ပဲအမျိုးမျိုးကို စိုက်ပျိုးကြမည် ဖြစ်သည့်အတွက် ထုတ်လုပ်မှု မြင့်တက်လာဖွယ်ရာရှိသည်ဟု သူက ထပ်ပြောသည်။
ဇူလိုင်လ ၂၂ ရက်နေ့ အထိ အိန္ဒိယလယ်သမားများက ပဲ ဧက ၂၂ သန်းကျော်စိုက်ပျိုးခဲ့ကြပြီး ယခင် နှစ်ကဆိုလျှင် အလားတူ အချိန်အပိုင်းအခြား အတွင်းတွင် ဧက ၁၆ သန်းခန့် သာ စိုက်ပျိုးနိုင်ခဲ့ကြောင်း စိုက်ပျိုးရေး ဝန်ကြီးဌာနမှ ရရှိသည့် သတင်းအချက်အလက်များ အရသိရသည်။