စီးပွားရေး

ဦးစားပေးတွေ မပါလာသေးတဲ့ စီးပွားရေးပေါ်လစီသစ်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

လုပ်ငန်းရှင်တွေ ရင်းနှီးမြှုပ်နှံလိုသူတွေ မျှော်လင့်ခဲ့ကြတဲ့ နိုင်င့ံ စီးပွားရေးမူဝါဒဟာ NLD အစိုးရသက်တမ်း လေးလမှာ ထွက်ရှိလာခဲ့ပါတယ်။ ဒါပေမယ့် စီးပွားရေး လုပ်ငန်းရှင်တွေ စီးပွားရေး ပညာရှင်တွေက ဒီမူဝါဒဟာ ယေဘုယျ အရမ်းဆန်လွန်း၊ အားလုံးကို ခြုံငုံမိအောင် ရေးဆွဲထားပြီး ဦးစားပေးဖော်ဆောင်မယ့်ဟာတွေဟာ ဘာတွေလို့ မှန်းဆရခက်တယ် ဆိုတာပါပဲ။ အချို့ အရေးကြီးတဲ့ အခန်းကဏ္ဍတွေအတွက် ရှေ့လှမ်းသွားမယ့် အခြေအနေတရပ်ကို မြင်သာမယ့်ဟာမျိုး မူဝါဒမှာ မပါလာပါဘူး လို့ ဆိုကြပါတယ်။

ဇူလိုင် ၂၉ ရက်နေ့ နေပြည်တော်မှာ ကျင်းပခဲ့တဲ့ စီးပွားရေးမူဝါဒသစ် ထုတ်ပြန်ပွဲမှာ သတင်းထောက်တွေကို ပေးမဝင်ခဲ့ပါဘူး။

စီးပွားရေး လုပ်ငန်းရှင်တွေ၊ သံတမန်တွေနဲ့ ဖိတ်ကြားထားသူတွေ တက်ရောက်ကြတဲ့ ပွဲမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ပြီး အဖွင့်အမှာစကား ပြောခဲ့ပါတယ်။ သူက သယံဇာတ၊ စွမ်းအင်၊ အခြေခံအဆောက်အဦတွေနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို အရေးကြီးလို့ နောက်ထပ် သီးသန့် မူတခု ချမှတ် ဖော်ဆောင်သွားမယ်လို့ စီးပွားရေး မူဝါဒ ထုတ်ပြန်တဲ့ အခမ်းအနားမှာ ပြောခဲ့ပါတယ်။

စီမံ/ဘဏ္ဍာ ဝန်ကြီး ဦးကျော်ဝင်းက အချက် ၁၂ ချက်ပါတဲ့ မူဝါဒကို ရှင်းပါတယ်။ ပွင့်လင်းမြင်သာတဲ့ ဘဏ္ဍာရေး စီမံမှု၊ မျှတတဲ့ အခွန်စနစ်ဖြစ်လာဖို့၊ ပို့ကုန်တိုးတက်ဖို့ လယ်ယာ၊မွေးမြူရေးနဲ့ စက်မှုကဏ္ဍတွေကို ဘက်ညီတိုးတက်အောင်လုပ်ဖို့၊ နိုင်ငံသားတိုင်း လွတ်လပ်စွာစီးပွားရေး လုပ်ကိုင်နိုင်ခွင့်ရရေး၊ မူပိုင်ခွင့်နဲ့ တရားဥပဒေ စိုးမိုးရေး၊သဘာပတ်ဝန်းကျင် ထိန်းသိမ်းနိုင်ရေးဆိုတဲ့ အချက်တွေပါပါတယ်။

ဒါ့အပြင် အလုပ်အကိုင်အခွင့်အလမ်းမြင့်မားတဲ့ စီးပွားရေးလုပ်ငန်းတွေကို ကာလတိုအတွင်းမှာ ဦးစားပေးဖို့နဲ့ အခြေခံအဆောက်အဦတွေ အမြန်တိုးတက်ရေးလုပ်ဖို့၊ နိုင်ငံပိုင်လုပ်ငန်းတွေကို ပိုမိုအောင်မြင်အောင်လုပ်သွားဖို့ဆိုတာနဲ့ စီးပွားရေးလုပ်ငန်းတွေကို ဒေသတွင်းနဲ့ အခြားနိုင်ငံတွေရဲ့ ပြောင်းလဲတိုးတက်မှု အခြေအနေတွေနဲ့အညီ အမျှော်အမြင်ရှိရှိနဲ့ အခြေတည်သွားဖို့ဆိုတဲ့ အချက်တွေလည်း ပါခဲ့ပါတယ်။

ဒါပေမယ့် သူရှင်းပြတဲ့ မူဝါဒကို ဘယ်လိုအကောင်အထည်ဖော်မယ်ဆိုတာကို အသေးစိတ် မရှင်းပြနိုင်ပါဘူး။ ဥပမာ ရွေးကောက်ပွဲကြေငြာစာတမ်းမှာ ပါခဲ့တဲ့ ဗဟိုဘဏ်ကို အမှန်တကယ် သီးခြားလွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုမယ့် အကြောင်းနဲ့ ငွေကြေးတည်ငြိမ်မှုရှိစေရေး လုပ်မယ်ဆိုတာမျိုးပါ။

နိုင်ငံရဲ့ ငွေရေးကြေးရေးကဏ္ဍ တည်ငြိမ်မှု၊ ငွေကြေးလည်ပတ်မှုတွေအတွက် အထိန်းအသိမ်းလုပ်တဲ့ နေရာမှာ အရေးပါတဲ့ ဗဟိုဘဏ်ရဲ့ အခန်းကဏ္ဍတွေ မပါတဲ့ အတွက် ဒါကိုလည်း သီးခြား ထုတ်မလားလို့ မျှော်လင့်တယ်လို့ ကမ္ဘောဇဘဏ်ရဲ့ အကြံပေး ဦးသန်းလွင်က ပြောပါတယ်။

ဦးသန်းလွင်က“ဒီမူမှာ ဘဏ္ဍာရေး တည်ငြိမ်မှုဆိုတာတော့ ပါတယ်။ ဒါပေမယ့် ငွေရေးကြေးရေးအတွက် ဗဟိုဘဏ် အခန်းကဏ္ဍ မပါဘူးဗျ။ ဗဟိုဘဏ်အပိုင်းတို့ ဘဏ်တွေရဲ့ အခန်းကဏ္ဍတို့ ဒါလေးတွေတော့ သီးခြားများ ထုတ်မလား မပြောတတ်ဘူး။ ဘာဖြစ်လို့ ဆို ဘဏ်က အရေးကြီးတာကိုး။ ဒီပေါ်လစီက ယေဘုယျ သဘောလောက်ပဲရှိတယ်ပေ့ါဗျာ။ မဟာဗျူဟာအပို်င်းတို့ မှာကျ ဘယ်လိုလာမလဲ မသိသေးဘူး” လို့ ဆိုပါတယ်။

နောက်တချက်က ရွေးကောက်ပွဲ ကြေငြာစာတမ်းမှာ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်း SME တွေရဲ့ ရင်းနှီးငွေကြေး လိုအပ်ချက် ဖြည့်စည်းပေးနိုင်မယ့် ငွေရေးကြေးရေးစနစ်ပေါ်ပေါက်ဖို့ ဆောင်ရွက်မယ်လို့ ဆိုခဲ့ပေမယ့် အခုမူဝါဒထဲမှာ ဒါကိုလည်း ချန်လှပ်ထားခဲ့ပါတယ်။ အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေကို ပံပိုးကူညီပေးရန်ဆိုတာလေးပဲ မူဝါဒမှာ ပါခဲ့တယ်။

ဒီစီးပွားရေး ပေါ်လစီမှာ မပါခဲ့တဲ့ အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေနဲ့ ပတ်သတ်တဲ့ သွားမယ့် မူတခုလည်း အစိုးရအနေနဲ့ ချမှတ်ဖို့လိုပါတယ်လို့ မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်ကြီများ အသင်းချုပ် ဒုဥက္ကဌ ဒေါက်တာ မောင်မောင်လေး က ပြောပါတယ်။

“အသေးစားနဲ့ အလတ်စားတွေ ငွေဘယ်လိုရအောင် လုပ်မလဲပေါ့။ အသေးစား အလတ်စားတွေ ရပ်တည်နိုင်ဖို့အတွက် အရင်းအနှီး နည်းပညာ နဲ့ စျေးကွက်မရှိဘူး။ ဘယ်လိုရှာပေးမလဲ ဆိုတာ လက်တွဲလုပ်ဖို့ လိုပါတယ်။ လုပ်တဲ့ နေရမှာ အစိုးရက မူချပြီးတော့ ပါ၀င်ပတ်သတ်သူ Stake holder တွေ ဖြစ်တဲ့ လုပ်ငန်းရှင်တွေက ၀ုိင်းပြီးလုပ်ဖို့လိုသလို အကြံဉာဏ်တွေပေးမယ့် ပညာရှင်တွေလည်း လိုပါတယ်။ ဥပဒေနဲ့ ညီတယ် မညီဘူး၊ နိုင်ငံတကာစံနဲ့ ညီတယ် မညီဘူးပေါ့။ ဒါတွေလုပ်သွားဖို့ အများကြီးလိုပါတယ်” လို့ ပြောပါတယ်။

အရေးကြီးတဲ့ ဗဟိုဘဏ်ရဲ့သွားမယ့်မူ၊ နိုင်ငံလုပ်ငန်းတွေရဲ့ ၉၀ ရာခိုင်နှုန်းကျော်ရှိတဲ့ အသေးစားနဲ့ အလတ်စားတွေလုပ်ငန်းတွေအတွက် ဘယ်လိုသွားမယ်ဆိုတဲ့ ဖော်ပြမူတွေ ဒီစီပွားရေး မူဝါဒမှာ ထည့်သွင်းထားတာ မတွေ့ရသလို အခြား အရေးကြီးတဲ့ ကုန်စျေးနှုန်းတည်ငြိမ်မှုဆိုတဲ့ အချက်ကို အလေးထားသွားမယ်ဆိုတာမျိုးလည်း ဒီမူဝါဒမှာ မပါခဲ့လို့ ဒါကိုတော့ အလေးထားသင့်တယ်လို့ စီးပွားရေး ပညာရှင် ဒေါက်တာ အောင်ကိုကိုက ပြောပါတယ်။

“နိုင်ငံရေး တည်ငြိမ်မှုဆိုရုံ သက်သက်နဲ့ စီးပွားရေး ရင်းနှီးမြှုပ်နှံသူတွေ လာမလား။ လာတော့လာမယ်၊ ဒါပေမယ့် ဒီထက်ပိုပြီးလာစေချင်ရင် စီးပွားရေး တည်ငြိမ်ဖို့ပါ။ ဒါက ဘာကိုအခြေခံလည်း ဆိုရင် လုပ်ငန်းရှင် အများစုက စီးပွားရေးအရ ဆုံးရှုံးနိုင်မှု၊ စီးပွားရေး မတည်ငြိမ်မှုတွေ၊ စီးပွားရေး ခန့်မှန်းရခက်မှုတွေ ရှိရင် တော်တန်ရုံ မလာဘူး။ဒီအခြေအနေက ဘာကိုဆိုလိုတာလည်း ဆိုရင် ငွေကြေးဖောင်းပွမှု မြင့်နေရင် တော်ရုံ ရင်းနှီးမြှုပ်နှံမှုက လာမှာ မဟုတ်ဘူး။ ငွေဖောင်းပွမှုမြင့်ရင် ကုန်စျေးနှုန်းက တက်လာတယ်။ ကုန်စျေးနှုန်းမြင့်တာ ရင်းနှီးမြှုပ်နှံသူတွေ ထိန်းရမှာ မဟုတ်ဘူး။ အစိုးရ ထိန်းရမှာ။ အစိုးရက ထိန်းရမယ်ဆိုတဲ့ စကားလုံးကို ထည့်မပြောသေးဘူး ယနေ့အထိ။ အဲ့အပေါ်မှာသဘောထား ဘယ်လိုရှိတယ်ဆိုတာ ကျနော်လုံးဝ နားမလည်ဘူး” လို့ ပြောပါတယ်။

စီးပွားရေး လုပ်ငန်းရှင်တွေကတော့ ယေဘုယျ အရမ်းဆန်လွန်းတဲ့ ဒီမူဝါဒအပေါ်မှာ ဘာမှ မှန်းဆလို့ မရသေးဘူးလို့ ပြောကြပြီး ဘယ်အခြေအနေရှိပြီး ဘယ်ကိုသွားမယ် ဆိုတာမျိုးလည်း ပြောလို့မရသေးဘူးလို့ ဆိုပါတယ်။

စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်တဲ့ ဒေါက်တာစိုးထွန်းက “စီးပွားရေး ပေါ်လစီက အားလုံးကို ထည့်ပြီးတော့ ဆောင်ရွက်မယ်ဆိုတာ ပြောထားတာပေါ့နော်။ ခက်တာက အကောင်အထည်ဖော်ဖို့အတွက်ကျ ဘယ်ဟာကို ဦးစားပေးမယ်ဆိုတာက အသေအချာ မသိသေးဘူး။ ဦးစားပေးအစီအစဉ် မဟာဗျူဟာ ပြန်ပြီး ဆွဲတဲ့အခါ မှပဲ သေချာသိမှာပေါ့။လောလာဆယ်တော့ မရှင်းဘူးပေါ့။ အားလုံးကိုပါအောင် အပြောမလွတ်အောင် ထည့်ထားတဲ့သဘောရှိတယ်။ ဘယ်ဟာကို သွားချင်တယ်၊ ဘာလုပ်မလဲဆိုတာ သိရင်တော့ ပိုကောင်းတာပေါ့။ အခုဟာ ဘာမှ မှန်းဆလို့မရဘူး၊ တကယ်လုပ်နိုင်မလုပ်နိုင်ဆိုတာလည်း မှန်းဆရခက်တာပေါ့” လို့ ပြောပါတယ်။

ထွန်းဖောင်ဒေးရှင်ဘဏ် ဥက္ကဌ ဦးသိန်းထွန်းကလည်း ဒါနဲ့ ပတ်သတ်ပြီး “ယေဘုယျအနေနဲ့ မဟုတ်ပဲနဲ့ အသေအချာလေး ပြောဖို့ကောင်းတယ်လို့ ယုံတယ်။ နှစ်စဉ် သွားမယ့်ဟာလိုမျိုးပြောမလား five years master plan လိုမျိုး ပြောမလားပေါ့၊ အဲ့လိုမျိုး ပြောနိုင်ရင်တော့ လုပ်ငန်းရှင်တွေအတွက် ဘယ်ကလာတယ်၊ ဘယ်ကိုရောက်ပြီ၊ ဘယ်သွားရင်ကောင်းမယ်ဆိုတာ စဉ်းစားလို့ရမှာပေါ့။အခုဟာတော့ မှန်းဆဖို့ ခက်နေသေးတယ်” လို့ဆိုပါတယ်။

ခြုံငုံကြည့်ကြမယ်ဆိုရင် အခုစီးပွားရေးမူဝါဒဟာ အားလုံးဘက်စုံအောင် ထည့်သွင်းထားတဲ့ မူတခုသာ ဖြစ်ပြီး ဦးစားပေး အခန်းကဏ္ဍဆိုတာကို ကွဲကွဲပြားပြား မပါရှိပဲ ထောင့်စုံ မျှတပြီး သွားမယ့်ပုံလားလို့ တောင် မေးစရာ ဖြစ်လာပါတယ်။

မူဝါဒထဲမှာပါတဲ့ ပို့ကုန်တိုးဖို့ လယ်ယာ၊မွေးမြူရေးနဲ့ စက်မှုကဏ္ဍ ဘက်ညီတိုးတက်မယ့် စီးပွားရေး ပုံစံဆိုတာကို ဘယ်လိုအကောင်အထည်ဖော်မယ် မရှင်းလင်းသေးပါဘူး။ ရည်မှန်းချက် ဖြစ်တဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကြား ဘက်ညီမျှတဖွံ့ဖြိုးမယ့် စီးပွားရေးအခြေအနေကောင်းတွေ ရရှိရန်ဆိုတဲ့ အချက်မှာ တိုင်းနဲ့ ပြည်နယ်တွေကို ဘတ်ဂျက်ပိုတိုးချပေးနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

လောလောဆယ်မှာတော့ ယေဘုယျဆန်ပြီး ခန့်မှန်းရခက်တဲ့ မူဝါဒတခု အဖြစ်မြင်နေရပြီး ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ ရင်းနှီးမြှုပ်နှံမှု၊စွမ်းအင်နဲ့ အခြေခံအဆောက်အဦတွေအတွက် သီးသန့်သွားမယ့် မူကိုလည်း စောင့်မျှော်ကြရဦးမှာ ဖြစ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading