မိုဘိုင်းလ် Sim Card အသုံးပြုသူများ အနေဖြင့် စနစ်တကျ မှတ်ပုံတင်ခြင်း လုပ်ဆောင်ရမည်ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနက ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ထုတ်ပြန်ကြေညာထားသည်။
အများပြည်သူ လုံခြုံရေးကို ထိရောက်စွာ အကာအကွယ်ပေးနိုင်ရန်၊ မိုဘိုင်းဖုန်း အသုံးပြု၍ Mobile Banking, Mobile Money, Online Shopping စသည့် ကိစ္စရပ်များ ပြုလုပ်ရာတွင် အသိအမှတ်ပြု ပစ္စည်း တခုအနေဖြင့် ဆက်စပ် အသုံးပြုနိုင်ရန်၊ Sim Card ပျက်စီး၊ ပျောက်ဆုံးမှုများ ဖြစ်ပေးပါက အလွယ်တကူ ပြန်လည်ရရှိသုံးစွဲနိုင်ရန် အတွက် မိုဘိုင်းဖုန်း သုံးစွဲသူများ၏ ကဒ်များကို စနစ်တကျမှတ်ပုံတင် သုံးစွဲခြင်း၊ စနစ်အား စီစဉ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
စနစ်တကျ မှတ်ပုံတင်ထားခြင်း မရှိသည့် Sim Card များကို ၂၀၁၇ ခုနှစ်၊ မတ် ၃၁ ရက်မှ စ၍ ဝန်ဆောင်မှုပေးခြင်း ယာယီရပ်စဲသွားမည် ဖြစ်ပြီး စနစ်တကျ မှတ်ပုံတင်ပြီးမှသာ ပြန်လည်သုံးစွဲ ခွင့်ပြုမည်ဟု ကြေညာထားသည်။
Sim Card များ စာရင်းသွင်းခြင်း ပြုလုပ်ရန်အတွက် အမည်၊ နိုင်ငံသား စိစစ်ရေး ကတ်ပြားအမှတ် သို့မဟုတ် အခြားအကျုံးဝင်သည့် ကတ်ပြားအမှတ်၊ ယာဉ်မောင်းလိုင်စင်ကတ်၊ ပတ်စ်ပို့ (နိုင်ငံခြားသားများအတွက်)၊ အဆိုပါ ကတ်ပြားများ မိတ္ထူ၊ အဘအမည်၊ မွေးသက္ကရာဇ်၊ လူမျိုး၊ နိုင်ငံသား၊ ကျား၊မ နှင့် နေရပ်လိပ်စာတို့ လိုအပ်မည်ဟု သိရသည်။
ထို့အပြင် မှတ်ပုံတင်ထားပြီးဖြစ်သည့် Sim Card များကိုလည်း လက်ရှိသုံးစွဲသူ အမည် မှန်ကန်ခြင်း မရှိလျှင် သော်လည်းကောင်း၊ မိမိအမည်ဖြင့် မှတ်ပုံတင်ထားလျှင် သော်လည်း ကိုယ်တိုင်သုံးစွဲခြင်း မရှိတော့လျှင် သော်လည်းကောင်း သက်ဆိုင်ရာ အော်ပရေတာများနှင့် ဆက်သွယ်၍ သုံးစွဲသူအမည်နှင့် အချက်အလက်များ မှန်ကန်စွာ မှတ်ပုံတင် အသုံးပြုနိုင်ရေး ဆောင်ရွက်ရန် လိုအပ်မည်ဟု သတင်းထုတ်ပြန်ထားသည်။