ရန်ကုန်မြို့လယ်တွင် ဆောက်လုပ်နေသည့် Sule Square Commercial Complex အဆောက်အအုံသည် ရန်ကုန် တိုင်းဒေသကြီး အစိုးရနှင့် ရန်ကုန်မြို့တော် စည်ပင်တို့၏ နောက်ဆုံး ခွင့်ပြုချက် မရှိဘဲ အထပ်ပို ၂ ထပ် ဆောက်လုပ်ထားခြင်း ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ အထပ်မြင့် အဆောက်အအုံများ စစ်ဆေးရေး ကော်မတီ (HIC) က ပြောသည်။
၂၃ ထပ်ပါ၀င်သည့် ယင်းအဆောက်အအုံသည် တည်ဆောက်ပြီးစီးလုနီးပါး အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း HIC ၏ အတွင်းရေးမှူး ဦးအောင်စန်းဝင်းက အဆိုပါ အဆောက်အအုံသည် ရန်ကုန်မြို့တော် စည်ပင်နှင့် ရန်ကုန်တိုင်း အစိုးရထံမှ နောက်ဆုံး ခွင့်ပြုချက် (ပါမစ်ကြီး) မရရှိသေးဟု ဧရာဝတီသို့ ဇူလိုင်လ ၂၉ ရက်နေ့တွင် ပြောသည်။
အထပ်ပို ၂ ခု ထပ်မံထည့်သွင်းခဲ့ခြင်းက မြို့တော်စည်ပင်က စီမံကိန်းအတွက် မူအားဖြင့် ခွင့်ပြုထားသော ပါမစ်ကို ဖောက်ဖျက်ခြင်း ဖြစ်သည်ဟု သူကပြောသည်။ သို့သော်လည်း အမြင့်ပေ ၃၀၂ ပေ ကျော် ရှိသည့် အဆောက်အအုံက မြို့တော်စည်ပင်၏ မူအားဖြင့် ခွင့်ပြုချက်တွင် ဖော်ပြထားသည့် အမြင့်နှင့် အတူတူ ဖြစ်ကြောင်း ဦးအောင်စန်းဝင်းက ဆိုသည်။
၉ ထပ်မှ ၁၂ ထပ်ခွဲအတွင်းရှိ အဆောက်အဦးများကို မြို့တော်စည်ပင်က ဆောက်လုပ်ခွင့် ပါမစ် ထုတ်ပေးပြီး ၁၃ ထပ်ထက် ကျော်လွန်သော အဆောက်အဦးများ ဆောက်လုပ်ရန်အတွက် ရန်ကုန်တိုင်း အစိုးရ၏ ခွင့်ပြုချက် လိုအပ်ကြောင်း သိရှိရသည်။
၂၀၁၃ ခုနှစ် ဇန်နဝါရီလတွင် ထုတ်ပေးခဲ့သော မြို့တော်စည်ပင်၏ မူအားဖြင့် ခွင့်ပြုချက်အရ စီမံကိန်းသည် မြေအောက်ထပ် ၂ ထပ်၊ အထပ်၂၀ နှင့် Penthouse တခုတို့ ပါ၀င်သည်ဟု သူက ပြောသည်။ ယခုနှစ် မတ်လမကုန်မီကမှ တင်ပြလာခဲ့သော စီမံကိန်း၏ ပြောင်းလဲအဆိုပြု တင်ပြပုံစံ (Revised proposal) အပြည့်အစုံတွင်မူ မြေအောက်ထပ် တထပ်နှင့် အထပ်ပေါင်း ၂၃ ထပ် ပါ၀င်နေပြီး ယင်းပုံစံအတွက် မြို့တော်စည်ပင်နှင့် တိုင်းအစိုးရတို့မှ နောက်ဆုံး ခွင့်ပြုချက် ထုတ်ပေးခြင်း မရှိသေးကြောင်း HIC မှ ဦးအောင်စန်းဝင်းက ဧရာဝတီိကို ပြောသည်။
“Revised ကို ခွင့်ပြုနိုင်ခဲ့တဲ့ အနေအထား မရောက်ခင်မှာကို ၁၀၀ ရာခိုင်နှုန်း ပြီးတဲ့နီးပါး ဆောက်ခဲ့တယ်” ဟု ဦးအောင်စန်းဝင်းက ဧရာဝတီကို ပြောသည်။
မူအားဖြင့် ခွင့်ပြုပြီး ဒီဇိုင်းတွင် စတုရန်းပေ ၅၀၀၀ ခန့် ကျယ်ဝန်းသည့် အများပြည်သူ အသုံးပြုနိုင်သည့် နေရာ (Public space) နှင့် စတုရန်းပေ ၉၀၀ ခန့် ရှိသည့် အများသုံး အိမ်သာများ ပါရှိခဲ့သော်လည်း Revised proposal တွင်မူ စတုရန်းပေ ၁၃၀၀ ခန့်သာ ရှိသည့် အများပြည်သူ အသုံးပြုရန် နေရာနှင့် စတုရန်းပေ ၅၀၀ မှ ၆၀၀ အတွင်းသာ ပါရှိလာသည့် အများသုံး အိမ်သာများအဖြစ် ပြောင်းလဲသွားကြောင်း သူက ထပ်မံပြောဆိုသည်။
ဆောက်လုပ်သူများဘက်မှ စီမံကိန်းအတွက် ပြီးပြည့်စုံသည့် ပုံစံ တင်ပြလာခြင်းသည် အင်မတန် နောက်ကျနေပြီး ရန်ကုန်တိုင်း အစိုးရအဖွဲ့ အသစ်နှင့် အဟောင်းကြား တာဝန်လွှဲပြောင်းသည့် အချိန်ဖြစ်နေသည့်အတွက် ရန်ကုန်တိုင်း အစိုးရအဖွဲ့ဟောင်းက နောက်ဆုံး ခွင့်ပြုချက် မပေးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။
“အခုက Revised တင်တာတောင် မဟုတ်ဘဲ ခွင့်ပြုချက်မဲ့ ကြိုဆောက် ဆိုပြီး ဖြစ်သွားတယ်” ဟု သူက ဆိုသည်။
ယခုအခါတွင် Revised proposal ကို ဦးဖြိုးမင်းသိန်း ဦးဆောင်သည့် လက်ရှိ ရန်ကုန်တိုင်း အစိုးရသို့ တင်ပြထားပြီး ဆက်လက်ဆောင်ရွက်ရန် ညွှန်ကြားချက်ကို စောင့်ဆိုင်းနေသည်ဟု သူကပြောသည်။
“လုပ်ငန်းရှင်တွေ၊ ကြီးကြီးမားမား လုပ်သူတွေ အားလုံးသည် အထပ်မြင့်တွေက ပြန်ပြင်ဖို့ ခက်တယ်။ ခွင့်ပြုချက်နဲ့အညီပဲ ဆောင်ရွက်စေချင်တယ်” ဟု ဦးအောင်စန်းဝင်းက ပြောသည်။
မူအားဖြင့် ခွင့်ပြုပေးခဲ့သည့် ပုံစံနှင့် ပြောင်းလဲအဆိုပြု တင်ပြပုံစံတို့တွင် အပြောင်းအလဲနှင့် ကွဲလွဲမှုှု ၁၀ ခု ခန့် ရှိပြီး တိုင်းဒေသကြီး၏ နောက်ဆုံးခွင့်ပြုချက် မရရှိထားသေးသည့်အတွက် စည်ပင်သာယာရေး ကော်မတီ၏ အဆောက်အအုံ ဆိုင်ရာ တားမြစ်ချက်များကို ချိုးဖောက်ခြင်း ဖြစ်သည်ဟု သူက ဆိုသည်။ ၂၀၁၃ ခုနှစ် ရန်ကုန်မြို့တော်စည်ပင် ဥပဒေ ပုဒ်မ ၆၈ အရ အဆောက်အအုံ ဆိုင်ရာ တားမြစ်ချက်များကို ချိုးဖောက်ပါက မည်သူမဆို ထောင်ဒဏ် ၁ နှစ် သို့မဟုတ် ဒဏ်ငွေ ၁၀၀၀၀ မှ ၅၀၀၀၀၀ အထိ သော်လည်းကောင်း ၂ ခုလုံး သော်လည်းကောင်း ကျခံရနိုင်သည်။
သြဂုတ်လ ၁ ရက်နေ့တွင် ဧရာဝတီက Sule Square ရုံးသို့ ဆက်သွယ်ပြီး စီမံကိန်းပါမစ် နှင့် အထပ်ပို ၂ ခုအကြောင်း မေးမြန်းသည့်အခါ အငှားဌာနမှ ဒေါ်ယင်းမာညိုက အုပ်ချုပ်ရေးပိုင်း အရာရှိများအနေဖြင့် ဧရာဝတီ၏ မေးခွန်းများကို ချက်ချင်း ဖြေကြားပေးနိုင်မည် မဟုတ်ကြောင်း၊ သို့သော်လည်း ယခု သီတင်းပတ်အတွင်း ပြန်လည် ဖြေကြားနိုုင်ရန် ကြိုးစားပေးမည် ဖြစ်ကြောင်း ပြောသည်။
ဇူလိုင်လကုန်ပိုင်းတွင် ဧရာဝတီက မြို့တော်စည်ပင် အင်ဂျင်နီယာဌာန (အဆောက်အအုံ) မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ မေးမြန်းနိုင်ရန် ဧရာဝတီက ကြိုးစားခဲ့သော်လည်း အထက်မြင့် အဆောက်အအုံများနှင့် ပတ်သက်သည့် မေးခွန်းများကို ဖြေကြားနိုင်ခြင်း မရှိဟု ဌာနမှူး ဦးသန်းဌေးက ပြောသည်။
သို့သော်လည်း ဒုတိယ ဌာနမှူး ဦးကျော်သာစိန်က Sule Square သည် နောက်ဆုံးခွင့်ပြုချက် (ပါမစ်ကြီး) မရရှိထားဘဲ ဆောက်လုပ်ရေး လုပ်ငန်းများကို အပြီးသတ် လုပ်ဆောင်နေပြီး ဆောက်လုပ်ရေး လုပ်ငန်းခွင်မှ ပစ္စည်းများ ပြုတ်ကျခြင်းကြောင့် အများပြည်သူကို ထိခိုက်ဒဏ်ရာများ ရစေခဲ့သဖြင့် ဆောက်လုပ်သူများကို တရားစွဲဆိုခဲ့ကြောင်း ပြောဆိုသည်။ သို့သော်လည်း အမှုနှင့် ပတ်သက်၍ အသေးစိတ် အကြောင်းအရာများ ပြောပြရန် ငြင်းဆန်ခဲ့သည်။ အဆိုပါ အမှုနှင့် ပတ်သက်၍လည်း သူ၏ ဌာနသို့ တိုင်းအစိုးရ အဖွဲ့ထံမှ ညွှန်ကြားချက် အသစ်ထုတ်ပြန်လာခြင်း မရှိသေးဟု သူက ထပ်ပြောသည်။
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက Sule Square နှင့် Sule Shangri-La မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံနေသည့် ဓာတ်ပုံများကို သူ၏ တရားဝင် Facebook စာမျက်နှာတွင် ဇွန်လ ၂၉ ရက်နေ့တွင် တကြိမ် ဇူလိုင်လ ၂၇ ရက်နေ့က တကြိမ် ဖော်ပြခဲ့သည်။ သို့သော်လည်း တွေ့ဆုံမှု အကြောင်း အရာ အသးစိတ်ကို ၂ ဘက်လုံးက ထုတ်ပြန်ခဲ့ခြင်း မရှိပါ။
ယခင် ရန်ကုန်တိုင်း အစိုးရနှင့် မြို့တော် စည်ပင်သာယာရေး ကော်မတီက ၂၀၁၃ ခုနှစ်မှ ရန်ကုန်တိုင်း အစိုးရအဖွဲ့ဟောင်း သက်တမ်း ကုန်ဆုံးသည့် ယခုနှစ် မတ်လ ၃၁ ရက်အတွင်း အထပ်မြင့် အဆောက်အဦးပေါင်း ၂၀၀ ကျော်အတွက် မူအားဖြင့် ခွင့်ပြုချက်များပေးခဲ့သည်ဟု သိရှိရသည်။