မန္တလေးကုန်စည်ဒိုင်အသင်းဝင် ဆီစက်လုပ်ငန်းပေါင်း ၂၀၀ ခန့်ရှိရာမှ လက်ရှိတွင် ၁၅ ရာခိုင်နှုန်းသာ လုပ်ငန်းလည်ပတ်နေသည့်အတွက် ဆီစက်လုပ်ငန်း ပြန်လည်ဦးမော့လာစေရန် မန္တလေးတိုင်း အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနတို့ထံ တင်ပြတောင်းဆိုမည်ဖြစ်ကြောင်း မန္တလေးမြို့ ပွဲစားကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်း (ကုန်စည်ဒိုင်) အသင်းဝင်တချို့က ပြောသည်။
မဟာကထိန်တော်အသင်းဝင် ဆီစက်လုပ်ငန်း ၈၅ ရာခိုင်နှုန်း ရပ်နားနေရ၍ လုပ်ငန်းပြန်လည် လည်ပတ်နိုင်ရေး အချက်လေးချက်ကို ကုန်စည်ဒိုင်မှ ဦးဆောင်ပြီး မန္တလေးတိုင်း အစိုးရအဖွဲ့၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကျန်းမာရေး ဝန်ကြီးဌာနများသို့ တင်ပြသွားမည် မန္တလေးကုန်စည်ဒိုင် အထွေထွေအတွင်းရေးမှူး ဦးအောင်ဆွေဟိန်းက ပြောဆိုသည်။
“ ဒီကိစ္စကို လာမယ့်အပတ် အလုပ်အမှုဆောင် အစည်းအဝေးမှာ အတည်ပြုပြီးရင် အစိုးရအဖွဲ့ဆီ စာပို့မယ်” ဟု ၎င်းက ဆိုသည်။
မန္တလေးတိုင်းအတွင်း ဆီစက်လုပ်ငန်း လုပ်ကိုင်သူ ၅၀၀ ခန့်ရှိပြီး ၎င်းတို့သည် ကုန်ကြမ်းစျေး ကြီးမြင့်ခြင်း၊ ထုတ်လုပ်မှုနှင့် အမြတ်အစွန်း မကာမိခြင်းနှင့် ပြည်ပမှတင်သွင်းလာသည့် စားအုန်းဆီစျေးကွက်ကို မယှဉ်နိုင်ခြင်း တို့ကြောင့် ဆီစက်လုပ်ငန်း ၈၅ ရာခိုင်နှုန်းခန့် ရပ်နားသွားကြပြီး၊ အခြားလုပ်ငန်းများသို့ ပြောင်းလဲလုပ်ကိုင်သူများ ရှိနေကြောင်း ဆီစက်လုပ်ငန်းရှင်များက ပြောသည်။
ထို့အပြင် ပြည်ပမှ တင်သွင်းလာသည့် အရည်အသွေးနိမ့်ပြီး ကျန်းမာရေးအတွက် စားသုံးရန်မသင့်သည့် စားအုန်းဆီများကို ထုတ်ပိုးမှု ပုံစံသစ်များဖြင့် ပြည်တွင်းစျေးကွက်သို့ စားသုံးဆီသန့်ပုံစံဖြင့် စျေးနှုန်းချိုသာစွာ ရောင်းချလာခြင်းတို့ကြောင့် ဆီစက်လုပ်ငန်းရှင်များကို ပိုမိုအခက်တွေ့စေခဲ့ကြောင်း ဆီစက်လုပ်ငန်းရှင်များက ဆက်ပြောသည်။
ထိုအခြေအနေများနှင့် ပတ်သက်ပြီး ဆီစက်လုပ်ငန်းရှင်လည်းဖြစ်ပြီး မန်းကုန်စည်ဒိုင် နာယကဖြစ်သူ ဦးကိုကြီးက “စားအုန်းဆီ မသွင်းတဲ့ခေတ်က ဆီစက်ပိုင်တွေရဲ့ ရွှေခေတ်ပါပဲ၊ စျေးကွက်စီးပွားရေးအရ မသွင်းပါနဲ့လို့ တားလို့မရပေမယ့် ကုန်သွယ်ခွန် တိုးမြှင့်ကောက်ခံမယ်ဆိုရင် အရည်အသွေး အရမ်းနိမ့်တဲ့ဆီတွေတော့ ပြည်တွင်းမှာ အဝင်နည်းသွားမယ်” ဟု ပြောသည်။
အလားတူ ရွှေနန်းမြင့်ဆီစက်ပိုင် ဦးခင်မောင်သန်းက “ FDA အနေနဲ့ နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းဆိုတာထက် မြန်မာ့နည်းမြန်မာ့ဟန်နဲ့ ဖြေလျော့ပေးစေလိုပါတယ်။ ဥပမာအားဖြင့် ဆီစက်ကို လူနေအိမ်နဲ့ တွဲမလုပ်ဖို့ဆိုတဲ့ ကိစ္စတွေမှာ ဖြေလျော့ပေးစေချင်တယ်” ဟု ဆိုသည်။
အစိုးရအဖွဲ့ထံ ဆီစက်ပိုင်ရှင်များ တောင်းဆိုမည့် အချက်လေးချက်မှာ ၁။ ပြည်တွင်းစားသုံးရန်အတွက် ထုတ်လုပ်သည့် ဆီစက်များအတွက် FDA သတ်မှတ်ချက်များအား ဒေသနှင့်ကိုက်ညီမှုရှိသည့် အခြေအနေထိ ဖြေလျှော့မှုပေးရန်၊ ၂။ စားသုံးဆီသန့် ထုတ်လုပ်မှုကိုသာ FDA က လက်ခံခွင့်ပြုပေးရန် ၃။ အများပြည်သူ ကျန်းမာရေးအတွက် အရည်အသွေး အာမခံချက်ရှိသည့် စားအုန်းဆီကိုသာ တင်သွင်းခွင့်ပြုရန်၊ ၄။ ဆီထွက်သီးနှံကုန်ကြမ်းများ ပြည်ပသို့ တင်ပို့ရာတွင် ကုန်သွယ်ခွန် တိုးမြှင့်ကောက်ခံပေးရန်တို့ကို တောင်းဆိုသွားမည် အသင်းဝင်အချို့က ဆိုသည်။
ပြည်ပမှ စာအုန်းဆီတင်သွင်းလာမှုများကို သြဂုတ်လမှစတင်ကာ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) အထက်မြန်မာပြည်က စျေးကွက်အတွင်း ရောင်းချနေသည့် စားသုံးဆီများကို ဝယ်ယူပြီး ဓာတ်ခွဲစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း FDA ညွှန်ကြားရေးမှုး ဒေါ်ဇင်ဇင်နွယ်က ပြောသည်။