စီးပွားရေး

ကုန်သွယ်လုပ်ငန်းခွန်က ဝန်ပိဟု ရွှေလုပ်ငန်းရှင်များ စိုးရိမ်

This article has been converted from Zawgyi One to Unicode

ရွှေတကျပ်သားတန်ဖိုး၏ ၅ ရာခိုင်နှုန်းအား ကုန်သွယ်လုပ်ငန်းခွန်အဖြစ် ပေးဆောင်ရမည်ဆိုသောကြောင့် ရွှေလုပ်ငန်းရှင် အများစု အခက်ကြုံနေရကြောင်း ၎င်းတို့ထံမှ သိရသည်။

၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်အတွက် ရွှေလုပ်ငန်းရှင်များအခွန်ဆိုင်ရာ ပညာပေးရှင်းလင်းပွဲအား သြဂုတ်လ ၁၀ ရက်က မန္တ လေးတိုင်းအခွန်ဦးစီးဌာနမှူးရုံးတွင် ပြုလုပ်ခဲ့ရာ ၎င်းပွဲတွင် ရွှေလုပ်ငန်းရှင်များအား ပြည်ထောင်စုအခွန်အကောက်ဥပဒေ အတိုင်း စနစ်တကျ စည်းကြပ်ကောက်ခံသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦး မြတ်သူက ပြောကြားခဲ့သည်။

“နိုင်ငံတော်က ရသင့်ရထိုက်တဲ့ အခွန်တွေကို တပြားတစိမှ အထိခိုက်မခံဘဲ ပေးသွင်းဖို့ ဥပဒေနဲ့အညီ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒါအပြင် အခွန်ဌာနဘက်က မမျှတတာ၊ အဂတိလိုက်စားမှုရှိရင်လည်း ပွင့်ပွင့်လင်းလင်းပြောပါ” ဟု ၎င်းက ပြောသည်။

၂၀၁၆-၁၇ ဘဏ္ဍာနှစ် ပြည်ထောင်စု အခွန်အကောက် ဥပဒေအရသော်လည်းကောင်း၊ ကုန်သွယ်လုပ်ငန်းခွန် ဥပဒေအရ လည်းကောင်း ရွှေတကျပ်သားတန်ဖိုး၏ ၅ ရာခိုင်နှုန်းအား ကုန်သွယ်လုပ်ငန်းခွန်အဖြစ် ပေးဆောင်ရမည်ဟု ပြဌာန်းထား သည်။

အောင်သမာဓိ ရွှေဆိုင်ပိုင်ရှင် ဦးအောင်က “ရွှေစျေး အရမ်းမြင့်နေတဲ့အတွက် အရောင်းအဝယ်အနေအထားက လက်ရှိမှာ ရောင်းအားက ထက်ဝက်လောက် ကျနေတယ်၊ ဒါကို အခွန်ထပ်ပေါင်းပြီး ရောင်းမယ်ဆိုရင် ဝယ်သူအတွက်လည်း အဆင် ပြေမှာမဟုတ်တော့ဘူး” ဟု ပြောသည်။

လက်ရှိစျေးကွက်တွင် ရွှေတကျပ်သား ကျပ် ၈သိန်း ၄ သောင်းဝန်းကျင် စျေးပေါက်ပြီး ကမ္ဘာ့ရွှေစျေး မြင့်တက်သွားခြင်း ကြောင့် စံချိန်တင် ရွှေစျေးတက်သွားခြင်းဖြစ်ကာ ကုန်သွယ်လုပ်ငန်းခွန်အရ ရွှေတကျပ်သားလျှင် ၅ ရာခိုင်နှုန်းကောက် ခံမည်ဆိုပါက ရွှေစျေးပိုတက်သွားကာ ရောင်းအားပိုကျသွားနိုင်သည်ဟု ရွှေဆိုင်များက ခန့်မှန်းကြသည်။

၎င်းကုန်သွယ်လုပ်ငန်းခွန်သည် ရွှေလုပ်ငန်းရှင်လက်ထဲသို့ စတင်ရောင်းချသူ (သို့မဟုတ်) ရွှေတူးဖော်ရေးလုပ်ငန်းက ပေး ဆောင်ရမည်ဖြစ်ပြီး အခွန်ဌာနသို့ ထိုသို့ပေးဆောင်ပြီးပါက ‘ကသခ – ၃၁ ပြေစာ’ ထုတ်ပေးမည်ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ပြည်တွင်းအခွန်များဦးစီးဌာနမှ အခွန်ဦးစီးဌာနမှူး ဦးစိုးနိုင်က ရှင်းပြသည်။

ရွှေဆိုင်များအနေဖြင့် မူလရွှေရောင်းချသူထံမှ ရွှေဝယ်ယူသည်နှင့် ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း ပေးဆောင်ပြီးသော ပြေစာအား တောင်းခံရမည်ဖြစ်ပြီး ပြေစာရှိပါက အခွန်ဌာနက ကုန်သွယ်လုပ်ငန်းခွန် သက်သာခွင့် (ခုနှိမ်ခွင့်) သတ်မှတ် ပေးမည်ဖြစ်ရာ အခွန်နှစ်ထပ်ပေးဆောင်ရတော့မည်မဟုတ်ဟု ဆိုသည်။

“မူလထုတ်လုပ်သူက ကုန်သွယ်ခွန်မဆောင်ဘဲ ရောင်းတဲ့သူတွေက တကျပ်သားပေါ်ပေးရမယ့် အခွန်သာ တင်ရောင်းရင် ဝယ်သူရဲ့တုံ့ပြန့်ချက်က တော်တော်ဆိုးသွားမယ်၊ စျေးလည်း အရမ်းဖောင်းပွလာမယ်” ဟု မန္တလေးမြို့မှ ရွှေလုပ်ငန်းရှင် တဦးဖြစ်သူ ဦးဝင်းစိန်က ပြောသည်။

မန္တလေးမြို့တွင် ရွှေဆိုင်ဖွင့်လှစ်ရောင်းချနေသည့် ရွှေလုပ်ငန်းရှင်အများစုသည် အဆိုပါ ကသခ-၃၁ ပြေစာအား မသိရှိ ကြဘဲ ယခင်ကလည်း ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း ပေးဆောင်ရသည်ဆိုသော်လည်း ရောင်းရငွေအပေါ် အခွန်ဌာနနှင့် ညှိနှိုင်းပြီး ထိုက်သင့်သည့် အခွန်နှုန်းထားပမာဏအား ပေးဆောင်ခဲ့ခြင်းဖြစ်ကြောင်း ရွှေလုပ်ငန်းရှင်များထံမှ သိရ သည်။

“မူလ ရွှေလာရောင်းတဲ့သူဆီက အဲဒီပြေစာကို ရနိုင်ဖို့ အခွင့်အလမ်းက ကျနော်တို့ဆီမှာ အရမ်းနည်းတယ်။ ရွှေအရောင်း အဝယ်လုပ်လာတာ ကြာပြီ၊ အဲပြေစာဆိုတာ တခါမှ မမြင်ဖူးဘူး” ဟု ၀ိန့်စိန်ရွှေဆိုင်မှ တာဝန်ရှိသူတဦးက ပြောသည်။

ယခု ဘဏ္ဍာနှစ်အတွင်း နိုင်ငံပိုင်သယံဇာတများ ထုတ်ယူသုံးစွဲမှုအပေါ် ကောက်ခံသည့် အခွန်အား ကျပ်သန်းပေါင်း ၈၈၇ ၃၈၄ ကျော် ခန့်မှန်းထားကြောင်း ပြည်ထောင်စုအခွန်အကောက်ဥပဒေအရ သိရသည်။

Loading