ကမ္ဘာ့ဘဏ်မှ အတိုးမယ့်ကာလရှည်ချေးငွေ အမေရိကန်ဒေါ်လာသန်း ၁၀၀ ချေးယူဖို့ သမ္မတဦးထင်ကျော်က လွှတ်တော်အတွင်းကို ဒီလ ၅ ရက် ရက်စွဲနဲ့ ပေးပို့ခဲ့ပြီး၊ ကမ္ဘာ့ဘဏ်က ရလာမယ့်ချေးငွေကို ဘဏ္ဍာရေးနဲ့ စီမံကိန်း ဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံ ဗဟိုဘဏ်တို့က အသုံးပြုသွားမယ်လို့ ဆိုပါတယ်။
ဘဏ္ဍာရေးနဲ့ စီမံကိန်း ဝန်ကြီးဌာနက ကမ္ဘာ့ဘဏ်က ရလာမယ့်ချေးငွေမှ ၇၅ သန်းကို သုံးစွဲမှာဖြစ်ပြီး၊ ဗဟိုဘဏ်က ၂၅ သန်း သုံးစွဲသွားမယ်လို့ စီစဉ်ထားကြောင်း သိရပါတယ်။
ဘဏ္ဍာရေးနဲ့ စီမံကိန်းဝန်ကြီးဌာနက ရလာမယ့်ခွဲတမ်း ၇၅ သန်းမှ သန်း ၆၀ ကို နိုင်ငံတော်ဘတ်ဂျတ်ထဲ ၄ နှစ်စာ ထည့်သွင်းဖို့ လျာထားပြီး ဝန်ထမ်းစရိတ်၊ ချီးမြှင့်ငွေ၊ ပင်စင်လစာတွေအတွက် အစိုးရက ကုန်ကျနေတဲ့နေရာမှာ ဖြည့်ဆည်းသွားမှာ ဖြစ်တယ်လို့ ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက လွှတ်တော်မှာ ရှင်းလင်း ပြောဆိုသွားပါတယ်။ ကျန်တဲ့ ၁၅ သန်းကို ဘဏ္ဍာရေးကဏ္ဍ ဖွံ့ဖြိုးရေးစီမံကိန်းတွေမှာ သုံးစွဲသွားမယ်လို့ ဆိုပါတယ်။
ရလာမယ့် ခွဲတမ်းချေးငွေ ဒေါ်လာ ၂၅ သန်းကို ဗဟိုဘဏ်က ငွေပေးချေမှုစနစ် ဖွံ့ဖြိုးရေး၊ ဝန်ထမ်းများ အရည်အသွေး မြှင့်တင်ရေးနဲ့ အခြားငွေရေးကြေးရေး လုပ်ငန်းဆိုင်ရာ အခန်းကဏ္ဍတွေအတွက် အသုံးပြုသွားမယ်လို့ ဆိုပါတယ်။
ကမ္ဘာ့ဘဏ်ကချေးမယ့် ဒေါ်လာ သန်း ၁၀၀ ချေးငွေဟာ အတိုးမဲ့နှုန်းဖြစ်ပြီး ပြန်ဆပ်ရမယ့်ကာလက နှစ် ၄၀ နီးပါးကြာမှ ပြန်ဆပ်ချိန်ရမယ့် နှစ်ရှည်ချေးငွေပဲ ဖြစ်ပါတယ်။ ချေးငွေဝန်ဆောင်ခအဖြစ် ၀.၇၅ ရာခိုင်နှုန်းခန့်သာ ပေးသွားရမယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံက ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်တို့အပြင် နိုင်ငံတကာကို ပေးဆပ်ရမယ့် အကြွေးများစွာ ရှိနေပါတယ်။ ၂၀၁၅ ခုနှစ်အတွင်း လက်ရှိဘဏ္ဍာရေး ဒုဝန်ကြီးဦးမောင်မောင်ဝင်း ပြောဆိုခဲ့တဲ့ အချက်အလက်တွေအရ ကမ္ဘာ့ဘဏ်ကို ဒေါ်လာသန်း ၈၀၀ ကျော်၊ အာရှဖွံ့ဖြိုးရေးဘဏ်ကို ဒေါ်လာသန်း ၇၈၀ ကျော်၊ ပါရီကလပ် အဖွဲ့ဝင်နိုင်ငံများကို ဒေါ်လာ ၃ ဘီလီယံကျော်နဲ့ တရုတ်နိုင်ငံကို ဒေါ်လာ ၄ဘီလီယံကျော် စုစုပေါင်း နိုင်ငံတကာကြွေးမြီ အမေရိကန်ဒေါ်လာ ၉ ဘီလီယံကျော် ရှိတယ်လို့ ဆိုပါတယ်။
ဒီကြွေးမြီတွေထဲမှာ ကမ္ဘာ့ဘဏ်က အတိုးနှုန်းမဲ့ ဝန်ဆောင်ခသာယူပြီး အာရှဖွံ့ဖြိုးရေးဘဏ်က အတိုးနှုန်း ၁ ရာခိုင်နှုန်းပဲ ယူတယ်လို့ သိရပါတယ်။ ပါရီကလပ်အဖွဲ့ဝင် နိုင်ငံတွေကိုပေးဖို့ ကျန်ရှိနေသေးတဲ့ ကြွေးမြီဒေါ်လာ ၃ ဘီလီယံ ကျော်က သမ္မတဦးသိန်းစိန်လက်ထက်မှာ ထက်ဝက်လောက် လျှော့ချပေးခဲ့လို့ ဒီပမာဏပဲ ကျန်ရှိနေတာဖြစ်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံက ကြွေးမြီတွေထဲမှာ ပေးဆပ်ရမယ့်ပမာဏ အများဆုံးဖြစ်သလို၊ အတိုးနှုန်းလည်းများနေတာက တရုတ်နိုင်ငံက ယူထားတဲ့ ကြွေးမြီတွေပဲ ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှ ချေးယူထားတဲ့ အတိုးနှုန်းက ၂ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းအထိ ပုံစံအမျိုးမျိုးနဲ့ ချေးယူထားခဲ့တာဖြစ်လို့ ဒီကြွေးမြီတွေကို မြန်မြန်ပေးဆပ်နိုင်ဖို့က အဓိကကျနေတဲ့ အခြေအနေဖြစ်တယ်လို့ ဆိုကြပါတယ်။
မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာကြွေးမြီ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံခန့် ပေးဆပ်ရန်ရှိနေပြီး၊ တရုတ်နိုင်ငံအပေါ် အတိုးနှုန်းကြီးကြီးနဲ့ ကြွေးမြီအများဆုံး တင်နေချိန်မှာ အခုလို သမ္မတဦးထင်ကျော်က ကမ္ဘာ့ဘဏ်မှ အတိုးနှုန်းမဲ့ နှစ်ရှည်ချေးငွေ ဒေါ်လာသန်း ၁၀၀ ချေးယူပြီး နိုင်ငံတော်ဘတ်ဂျတ်နဲ့ ဘဏ္ဍာရေး၊ ငွေရေးကြေးရေးကဏ္ဍ ဖွံ့ဖြိုးရေးတွေမှာ သုံးစွဲမယ်ဆိုတဲ့ အစီအစဉ်က မြန်မာနိုင်ငံအတွက် အခွင့်အရေးတခုဖြစ်ကြောင်း ငွေကြေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ ပညာရှင်တွေက ထောက်ခံပြောဆိုပါတယ်။
ကမ္ဘာ့ဘဏ်ကပေးတဲ့ ဒီလိုချေးငွေမျိုးဟာ သူတို့သတ်မှတ်တဲ့ လုပ်ငန်းပြီးမြှောက်မှု ညွှန်းကိန်းတွေကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရမှာဖြစ်တဲ့အတွက် ကျွဲကူးရေပါဆိုသလို လုပ်ငန်းလည်းပြီးမြောက်၊ ငွေကြေးအကူအညီလည်း ရတာဖြစ်လို့ အခွင့်အရေးကောင်းလို့ ငွေကြေးဆိုင်ရာကဏ္ဍတွေကို စောင့်ကြည့်လေ့လာကြသူများက တညီတညွတ်တည်း ပြောဆိုကြပါတယ်။
ကမ္ဘာ့ဘဏ်ရဲ့ ချေးငွေအစီအစဉ်နဲ့ ပတ်သတ်ပြီး ဗဟိုဘဏ်ဒုဥက္ကဌဟောင်း ဦးသန်းလွင်က “ဒီလို ကမ္ဘာ့ဘဏ်ငွေက ရဖို့မလွယ်ဘူးလေ။ ဒါက တရုတ်ချေးငွေထက် အများကြီးသာတာပေါ့ဗျာ။ ဒီလိုချေးငွေမျိုးဆိုရင် ယူဖို့ကမေးစရာတောင် မလိုဘူး။ နှစ် ၄၀ လောက်မှ ပြန်ဆပ်ရမယ်။ အတိုးလည်း ပေးစရာ မလိုဘူး။ ဝန်ဆောင်ခ နည်းနည်းပဲ ပေးရမယ်။ ဒါဝမ်းသာတဲ့ စကားပဲ ပြောရမှာပါ။ ဘယ်လောက်ပဲရရ ကိုယ့်အတွက် အကျိုးရှိပါတယ်” ဟု ဆိုပါတယ်။
အလားတူ သမ္မတဟောင်းဦးသိန်းစိန်ရဲ့ စီးပွားရေးအကြံပေးအဖြစ် လုပ်ကိုင်ခဲ့တဲ့ ဒေါက်တာဇော်ဦးက “အခုချိန်မှာ ပေးမယ့်သူတွေ ချေးငှားမယ့်သူတွေ ဝိုင်းရံနေချိန်မှာ ကျနော်တို့က မဟာဗျူဟာကျကျနဲ့လုပ်ရမယ့် နည်းစနစ်လေးတွေ၊ စနစ်တကျ ပြင်ဆင်ပြီးမှချေးရင်တော့ ပိုကောင်းပါတယ်။ ပြသနာက ငွေချေးတဲ့စီမံကိန်းတွေမှာ စချေးတဲ့စီမံကိန်း ပျက်သွားပြီဆို နောက်ဆက်ပြီး ချေးမရတော့ဘူး။ အဲဒီအတွက်ကြောင့် ငွေချေးတဲ့ကိစ္စမှာ sequence က အရေးကြီးတယ်။ ကိုယ်ကချေးပြီးတော့ မြန်မြန်ပြန်ဆပ်နို်င်တဲ့ အခြေအနေရှိလေလေ ငွေချေးတဲ့လောကမှာ ကိုယ်နာမည်က တက်လေလေပေါ့။ ဒါကိုလည်း စဉ်းစားဖို့ လိုပါတယ်” ဟု ပြောပါတယ်။
မြန်မာနိုင်ငံကို ချေးငွေဒေါ်လာသန်း ၁၀၀ ပေးမယ့် အစီအစဉ်မှာ ကမ္ဘာ့ဘဏ်ဘက်က သူတို့သတ်မှတ်ထားတဲ့ ညွှန်းကိန်းတွေ ပြီးမြောက်မှုအလိုက် ချေးငွေကို အဆင့်ဆင့် ထုတ်ချေးပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ခွဲတမ်းရတဲ့ ဒေါ်လာသန်း ၆၀ မှာ ပထမအဆင့်ရရှိမယ့် ဒေါ်လာ ၂၅ သန်းကို နိုင်ငံပိုင်ဘဏ်တွေရဲ့ ငွေကြေးဆိုင်ရာ ရပ်တည်နိုင်မှုမှာ ကောင်းမွန်တဲ့ စီမံအုပ်ချုပ်မှုစနစ်အဖြစ် ပြုပြင်ပြောင်းလဲ ဆောင်ရွက်ရမှာဖြစ်ပြီး၊ ဒုတိယအဆင့်ရရှိမယ့် ဒေါ်လာသန်း ၂၀ ကို ဗဟိုဘဏ်က အကောင်အထည်ဖော်မယ့် ငွေရေးကြေးရေးဥပဒေပါ စည်းမျဉ်းစည်းကမ်း သတ်မှတ်မှုနဲ့ ကြီးကြပ်တဲ့လုပ်ငန်းတွေကို ပြုပြင်ဆောင်ရွက်နိုင်ရမယ်လို့ သတ်မှတ်ပေးထားတယ်လို့ သိရပါတယ်။
တတိယအဆင့်ရရှိလာမယ့် ဒေါ်လာ ၁၀ သန်းကို အသေးစား ငွေရေးကြေးရေး အဖွဲ့အစည်းတွေကို ကြီးကြပ်မှုနဲ့ အရည်အသွေးပိုင်းဆိုင်ရာ သင်တန်းတွေ ဖော်ဆောင်နိုင်ရမယ်လို့ သတ်မှတ်ထားကြောင်း သိရပါတယ်။ စတုတ္တအဆင့် ရရှိလာမယ့် ဒေါ်လာ ၅ သန်းက ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနက ပုဂ္ဂလိက အာမခံလုပ်ငန်းဆိုင်ရာ ကွင်းဆင်းစစ်ဆေးမှုများနဲ့ ကြီးကြပ်ကွပ်ကဲမှု လုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရမယ်လို့ သတ်မှတ်ပေးထားတာကို တွေ့မြင်ရပါတယ်။
ဒီလိုညွှန်းကိန်းတွေနဲ့ ထုတ်ချေးပေးမယ့် ချေးငွေဖြစ်တာကြောင့် လုပ်ငန်းဖော်ဆောင်နိုင်မှု အပိုင်းမှာလည်း စွမ်းဆောင်ရည် မှတ်ကျန်နိုင်မှဖြစ်မယ်လို့ ငွေကြေးဆိုင်ရာ ပညာရှင်တချို့က ပြောဆိုပါတယ်။ ဒီချေးငွေ သန်း ၆၀ ကို အစိုးရရဲ့ ဘတ်ဂျတ်ထဲမှာ ထည့်သွင်းသုံးစွဲသွားမှာ ဖြစ်တာကြောင့် တဖက်ကကြည့်ရင်လည်း ဘဏ္ဍရေးလိုငွေပြမှုကို ကာမိပြီးသား ဖြစ်တယ်လို့လည်း ပညာရှင်တွေက ပြောပါတယ်။